ရပ်ကွက် အုပ်ချုပ်ရေးမှူးကြီးရဲ့လုပ်ရပ်

Saturday, May 12, 2012



ဧည့်စာရင်းသွားတိုင်လို့  ဒဏ်ရိုက်ခံရသည့် ပဲခူးမြို့မ ဈေးသူ ဈေးသားများ

ပြီးခဲ့တဲ့ (၂၃၊ ၄၊ ၂၀၁၂)ရက်နေ့ ည(၁၁)နာရီ အချိန်တွင် ပဲခူးမြိုမ ဈေးကြီးရဲ့ ကုန်စိမ်းတန်းမှာ မိမိခြံထွက် သီးနှံလေးများ ရောင်းချရန် အနယ်နယ်အရပ်ရပ်မှ ရထားတတန်၊ ကားတတန်နဲ့ ရောက်ရှိလာကြပြီး ထုံစံအတိုင်း ညောင်ဝိုင်း ရပ်ကွက်မြောက်ပိုင်း အုပ်ချုပ်ရေးမှူးရုံး သွား၍ ဈေးသည်တွေ ဧည့်စာရင်း သွားတိုင်ကြပါတယ်။

ကံဆိုးကြတယ် ပြောရမလားဘဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးကြီး အရက်မူးချိန်နဲ့ တည့်တည့်တိုးကြတော့ ဧည့်စာရင်း လာတိုင်တဲ့ ဈေးသည်များကို ရုံးခန်းထဲ ထည့်ပြီး ပိတ်ထား လိုက်ပါတယ်။ ဖမ်းဆီးထားတဲ့ သဘောပါ။ ခဏကြာတော့ အုပ်ချုပ်ရေးမှူးက ဘာဥပဒေ၊ ဘာပုဒ်မ ဆိုတာလည်း မသိရပဲ ဈေးသည်တွေဆီက တယောက် ၅၀၀၀ ကျပ်စီ ဒဏ်ရိုက်လိုက်ပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ထဲက သရက်သီးသည် မသင်းသင်းနု အသက်(၂၃) နှစ်ဆိုသူအား ဆိုင်ကယ်နဲ့ ဘယ်ဆီသို့ တင်ခေါ်သွားတယ် မသိရဘဲ တစ်နာရီကျော် နှစ်နာရီလောက်မှ ကုန်စိမ်းတန်းကို လာပြန်ပို့ပါတယ်။ ဒဏ်ရိုက်တဲ့အထဲလည်း ၄င်းကောင်မလေးအတွက် ၅၀၀၀ လျှော့လိုက်ပါတယ်လို့ အတူ အဖမ်းခံရတဲ့ဈေးသူ
တစ်ဦးက ပြောပြခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးက အာဏာကို အသုံးပြု၍ အရက်မူး ရမ်းကားပြီး ဈေးသည်များအား ခြိမ်းခြောက်ခြင်း၊ ဆဲ
ဆိုခြင်းနှင့် ဖမ်းဆီးခြင်းများအား အရေးယူပေးပါရန် ပဲခူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးထံသို့ ပဲခူးမြို့မဈေး ကြီးရဲ့ ဈေးသူဈေးသားများက စုပေါင်း လက်မှတ်ထိုး တိုင်ကြားခဲ့သော်လည်း မည်သို့မှ ထူးခြားမလာဘဲ ကြာနေမြဲသာ ဖြစ်နေခဲ့ပါတယ်။

ခေတ်ပြောင်း စနစ်ပြောင်း နေချိန်မှာ ဒီလိုအကျင့်ပျက် ၀န်ထမ်းတွေ သွေးစည်းပြီး အောက်ခြေ လူထုအပေါ် ထင်ရာစိုင်းနေမှုကို ရပ်သင့်ပြီ ဖြစ်သည့်အတွက် ဈေးသူ ဈေးသားများက သတင်းမီဒီယာသို့ ရင်ဖွင့် ရခြင်း ဖြစ်ပါတယ်။

ပဲခူးမြို့မ ဈေးကြီး ကုန်စိမ်းသည် တစ်ဦး

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved