စာရေးဆရာမ ဒေါ်သန်းမြင့်အောင်

Tuesday, May 22, 2012

၂၀၁၂ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုရနိုင်သူ ဒေါ်သန်းမြင့်အောင်

၁၉၅၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ် သထုံခရိုင် ကျိုက်ထိုမြို့၌ မွေးဖွားခဲ့သည်။ အဖ ဦးချစ်မောင်၊ အမိ ဒေါ်ယဉ်ရွှေ ဖြစ်သည်။

၁၉၇၈ ခုနှစ်တွင် တိုင်းရင်းမေဂျာနယ်ပါ ‘တယ်လီဗေးရှင်း ဝေဒနာ’ ၀တ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ပြီး ၀တ္ထုတို၊ ၀တ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် ‘အထူအပါး’ ၀တ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ပြီး ‘အထူအပါး’ ၀တ္ထုကို ဂျပန်နိုင်ငံ ဒိုင်ဒိုဖောင်ဒေးရှင်းက ဂျပန်ဘာသာသို့ပြန်ဆို၍ ‘အထူအပါးနှင့် အခြားဝတ္ထုများ’ အမည်ဖြင့် ဂျပန်နိုင်ငံတွင် ထုတ်ဝေဖြန့်ချိခဲ့သည်။ 

‘ဘ၀ရသ ပစ္စုပ္ပန်စာမျက်နှာများ’၊ ‘အငွေ့ပြန်ခြင်း၊ ‘ရွှေရောင်ည’၊ ‘ရေဝေး ထိန်ပင် ထားဝယ်ချောင်’၊ ‘သဏ္ဌာန်မဲ့ထုထည်’၊ ‘ငိုခြင်း ရယ်ခြင်း နီးခြင်း ဝေးခြင်း အစက် အပြောက် နှင့် ပွင့်ခြောက်သံစဉ်’ နှင့် ‘သန်းမြင့်အောင် အမှတ်တရ ၀တ္ထုတိုများ’ စသဖြင့် ၀တ္ထုတိုပေါင်းချုပ် ၁၀ အုပ်၊ လုံးချင်းဝတ္ထု ၃ အုပ်၊ အခြားစာရေးဆရာများနှင့် တွဲဖက်၍ ၀တ္ထုလတ် ၁၀ အုပ်ကျော် ရေးသားထုတ်ဝေခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ‘သဏ္ဌာန်မဲ့ထုထည်’ ၀တ္ထုတိုပေါင်းချုပ်ဖြင့် အမျိုးသားစာပေဆု ရရှိခဲ့သည်။

စာပေများရေးသားရင်း ပရဟိတ လုပ်ငန်းများကို စိတ်အားထက်သန်စွာ ဆောင်ရွက်နေသူဖြစ်ပြီး လူမှုကူညီရေး အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုမီကပင် အကူအညီလိုအပ်သူများအား တတ်စွမ်းသရွေ့ အကူအညီပေးခဲ့သူဖြစ်သည်။ လူမှုပတ်ဝန်းကျင်တွင် တွေ့ရှိရသည့် အဖြစ်အပျက်များကို စာပေဖြင့်သရုပ်ဖော် ရေးသားသကဲ့သို့ စာသင်ကျောင်းများနှင့် စာပေဟောပြောပွဲများမှတဆင့် ပရဟိတစိတ် ထွန်းကားရေး၊ စာရိတ္တကောင်းမွန်ရေး၊ ဘ၀ကို တန်ဖိုးရှိစွာအသုံးချရေးအတွက် တိုက်တွန်းဟောပြောလျက်ရှိသည်။

ဒေါ်သန်းမြင့်အောင်သည် စိတ်တူကိုယ်တူ မိတ်ဆွေများနှင့် ပူးပေါင်း၍ ၂၀၀၅ ခုနှစ်တွင် စတင် တည်ထောင်သော သုခရိပ်မြုံ (HIV ကလေးများ စောင့်ရှောက်ရေးဂေဟာ)၊ ၂၀၁၀ ဧပြီလ၌ စတင်တည်ထောင်သည့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာတို့တွင် ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်သည်။ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာတွင် သားထောက်သမီးခံမရှိသည့် ခိုကိုးရာမဲ့ နာမကျန်းဖြစ်နေသူများ၊ သာမန်ဘိုးဘွားရိပ်သာတို့တွင် ၀န်ဆောင်မှုမပေးနိုင်သော မျက်မမြင် လေဖြတ်ထားသူ စသည့် ဘိုးဘွားများအား စောင့်ရှောက်ထားသည်။

‘အောင်မြေ’ အမည်ရှိ ပညာဒါန ကျောင်းတစ်ကျောင်းကို ၂၀၀၀ ပြည့်နှစ်ခန့်က စတင်ထူထောင်ကာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမတက်နိုင်သူ အပြင်ဖြေ ၁၀ တန်းကျောင်းသားများနှင့် နေ့ကျောင်းတက်နိုင်သော်လည်း ကျူရှင်မတက်နိုင်သည့် ၁၀ တန်းကျောင်းသားများအတွက် ပညာရေးအထောက်အပံ့ ပေးလျက်ရှိသည်။ 



ထို့ပြင် လူငယ်များ ပရဟိတစိတ် ဖွံ့ဖြိုးပြီး၊ အများအကျိုး ဆောင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲနှင့် သင်တန်းများ ပြုလုပ်ကာ အတွေ့အကြုံ ဗဟုသုတများကို လက်ဆင့်ကမ်း ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူအခွင့်အရေး၊ အစားအစာနှင့် လူသုံးကုန်တို့၏ အန္တရာယ်မှ ဘေးကင်းလုံခြုံရေး၊ မြန်မာ့အရင်းအမြစ် သဘာဝပစ္စည်းများ ထုတ်လုပ်ခြင်းဖြင့် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေး စသဖြင့် ကျေးလက်ရပ်ရွာ အခြေခံလူတန်းစား ဘ၀တိုးတက်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။ 

၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့တော်လှန်ရေးအတွင်း အခြားသော အနုပညာရှင်များနှင့်အတူ သံဃာတော်များအား ရေချမ်း ကပ်လှူခဲ့ပြီးနောက် အာဏာပိုင်များ၏ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပြီး စာပေစိစစ်ရေးက ဒေါ်သန်းမြင့်အောင်၏ စာများကို ထုတ်ဝေဖြန့်ချိခွင့် ပိတ်ပင်ခဲ့သည်။  

လက်ရှိတွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၌ ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး အနာကြီးရောဂါ ပပျောက်ရေးနှင့် မရမ်းချောင် ပညာရေးထောက်ပံ့မှုအဖွဲ့၊ အိတ်ခ်ျအိုင်ဗီ ကာကွယ်ရေး၊ မိဘမဲ့ကလေးများ ပြန်လည်ထူထောင်ရေး ပရဟိတ လုပ်ငန်းများ၊ စိတ်ရောဂါအထူးကုဆေးရုံကြီး၏ စိတ်ကုထုံးသစ်များနှင့် ကုသရေးတို့တွင် ပါဝင်ကူညီလျက်ရှိသည့်အပြင် တပိုင်တနိုင် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်။ ။

ညွှန်း - ပြည်သူ့ဂုဏ်ရည်ဆု - Citizen of Burma Award www.citizenofburma.org

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved