မန်းစည်ပင်ရဲ့ ရှင်းလင်းပွဲ

Wednesday, May 16, 2012



လမ်းဘေးပလက်ဖောင်းများတွင် ဆိုင်များစုပုံတည်ခင်းရောင်းချခြင်းခွင့်မပြုတော့
မန်းသားလေး


အများပြည်သူသုံးသည့် ပလက်ဖောင်းများ၊ လမ်းများပေါ်တွင် ကျူးကျော်စုပုံထားသည့် ပစ္စည်းများ၊ ဈေးဆိုင်များကို တနင်္လာနေ့က အစပြုပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက လိုက်လံ ရှင်းလင်း သိမ်းဆည်းလျက် ရှိသည်။

ကျူးကျော်ရောင်းချမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် ထိုသို့ အရေးယူ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် မန္တလေးမြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ကတ္တရာလမ်းမများ၊ လူသွားလမ်းမများ၊ လမ်းဆုံ လမ်းဒေါင့်များ ပေါ်တွင် တည်ခင်း ရောင်းချနေသော ဆိုင်များ ယခုလစတင်ပြီး အရေးယူခံရမည်ဟု သိရသည်။

သို့သော်လည်း ဘီးတပ် တွန်းလှည်းများဖြင့် ရွေ့လျား သွားလာ ရောင်းချခွင့်ပြုထားသည်။

ထို့ကြောင့် ဈေးသည်တချို့က ဘီးတပ်လှည်းများကို သူ့ထက်ငါ အပြိုင်ဆိုင် ၀ယ်ယူလျက်ရှိသည်။ ဘီးတပ်လှည်းများ ဈေးအဆမတန် မြင့်တက်သွားသည်၊ လှည်းများမှာ ကျပ်နှစ်သိန်းမှ ကျပ်ခြောက်သိန်း ကျော်ထိ ဈေးရှိကြောင်း သိရသည်။

ရွှေ့လျား တွန်းလှည်းများကို ကွမ်းယာဆိုင်၊ အအေးဆိုင်၊ ဘီးဖာသည့်ဆိုင်၊ ၀က်သား ဒုတ်ထိုးဆိုင်များ အများဆုံး အသုံးပြုလျက်ရှိသည်။

ပလက်ဖောင်း ဈေးသည်များကို မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း ရောင်းချခွင့် မပြု ဆိုသည့်အတွက် မြို့ပြင် ထွက်ရောင်းချရန်သာ ရှိပေတော့သည်။ မြို့ပြင်ထွက် ရောင်းချရမည် ဆိုသည့်အတွက် အခြေခံ လက်လုပ်လက်စား ဈေးသည်များမှာ အခက်တွေ့လျက် ရှိသည်။

"ကျွန်တော်တို့ကြောင့် ယာဉ်ကြောရှုပ်တယ် ဆိုရင် မြို့လယ်ခေါင်မှာ ဆိုင်ကယ်အပ်တဲ့ လုပ်ငန်းတွေ၊ လမ်းဘေးပလက်ဖောင်းပေါ်မှာ အသံဆူညံစွာနဲ့ ထားတဲ့ မီးစက်ကြီးတွေလည်း ဖယ်ရှားဖို့ သင့်တာပေါ့။ အခြေခံ လက်လုပ်လက်စားတွေအပေါ်မှာ ဒီဥပဒေက ရှိတာလားဗျ" ဟု မန္တလေးမြို့ လမ်း ၈၀ ရှိ ပလက်ဖောင်း အအေးဆိုင်ရှင်တစ်ဦးက ပြောသည်။

"စည်ပင်ကို လစဉ် ကျူးခွန် ၁,၅၀၀ ဆောင်ရတယ်။ နေ့စဉ်ကတော့ တစ်နေ့ကို ၂၀၀ ကျပ် ပေးရတယ်။ ဆိုင်းဘုတ်ခွန်က တနှစ်ကို ၂,၅၀၀ကျပ်။ ဒီလိုတွေ ဆောင်ပြီး လုပ်နေတာပါ" ဟု အဆိုပါ အသက် ၃၆ နှစ်အရွယ် ဆိုင်ရှင်က ရှင်းပြသည်။

မန္တလေးမြို့ ၇၄ လမ်းရှိ လမ်းဘေးပလက်ဖောင်း အခြေစိုက် ဈေးဆိုင်များ

ကျူးကျော်ဈေးသည်များမှာ တစ်နေ့လျှင် ကျပ် ၇,၀၀၀ မှ ၁၅,၀၀၀ ထိ ရရှိကြသည်။ ယင်းငွေများဖြင့် မိမိတို့၏ သားသမီးများ ဆယ်တန်းအောင် ဘွဲ့ရသည်အထိ ကျောင်းထားကြသည်ဟု ဆိုသည်။

ဈေးတန်းများ ဖျက်သိမ်းမည်ဆိုပါက မိသားစု စားဝတ်နေ ရေးများ အခက်ခဲတွေ့နိုင်ကြောင်း ၇၄ လမ်းမှ ဈေးသည် တစ်ဦးက ပြောသည်။

လေးလေးတို့ ဒီမှာ ဆိုင်ဖွင့်လာတာ သက်တမ်း ၁၀ နှစ် ကျော်နေပြီ။ သမီးကို ဆယ်တန်း အောင်တဲ့အထိ ဒီက ရတဲ့ပိုက်ဆံနဲ့ဘဲ ကျောင်းထားတယ်။ အရင်ကတော့ တစ်နေ့ကို ငွေတစ် သောင်းခွဲလောက် ၀င်တယ်။ ခုတော့ ဆိုင်တွေက အပြိုင်ဆိုင်တွေ ပေါ်နေတော့ တစ်နေ့မှ ၇,၀၀၀ လောက်ဘဲ ၇တယ် ဟု ၄င်းကပြောသည်။

အခြေခံ လက်လုပ်လက်စားများကို စည်ပင် တည်ဆဲ ဥပဒေအရ ထိုသို့ ဆောင်ရွက် နေသော်လည်း လုပ်ငန်းရှင်များ ၎င်းတို့၏ ဆိုင်ရှေ့ ပလက်ဖောင်းတွင် ထားရှိသည့် မီးစက်များကို ဖယ်ရှားခြင်း မပြုလုပ်သေးဟု သိရသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved