ရန်ကုန်မြို့ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲ ငြိမ်းချမ်းစွာ ပြီးဆုံး

Tuesday, May 22, 2012

အောင်သက်ဝိုင်း

(ဓာတ်ပုံများ - ဧရာဝတီ)

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က ပြုလုပ်ရာတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ဖယောင်းတိုင်ထွန်း လှည့်လည်လမ်းလျှောက် ခြင်းမပြုလုပ်ရန် တားမြစ်ကြောင်း သတင်းရရှိသည်။

မန္တလေး၊ မုံရွာအပါအ၀င် နိုင်ငံတစ်ဝန်း လျှပ်စစ်မီးပုံမှန်ရရှိရေး ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲများ ကျင်းပပြုလျက်ရှိရာ ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် မေလ ၂၂ ရက်နေ့ ည ၇ နာရီဝန်းကျင်က လျှပ်စစ်မီး ပုံမှန်ရရှိရေး ဆန္ဒပြပွဲ လူပေါင်း ၃၀ ခန့် စတင်ဆန္ဒပြကြောင်း၊ ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲကို ကျောင်းသားခေါင်းဆောင် ကိုဟန်ဝင်းအောင်၊
အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့မှ ဒေါ်နော်အုန်းလှ အပါအ၀င် လူ ၃၀ ကျော်က စတင်လာကြကြောင်း၊ ဆန္ဒပြပွဲစတင်ပြီး ငါးမိနစ်အကြာတွင် လုံခြုံရေးရဲများရောက်ရှိလာပြီး ဖယောင်းတိုင်မီးများမှုတ်ကြရန်နှင့် လမ်းလျှောက်ဆန္ဒပြခြင်းမလုပ်ရန် တားမြစ်ခဲ့ကြသည်။



ရန်ကုန်မြို့၊ မြို့တော်ခန်းမဘေး လက်ရွေးစင်လက်ဖက်ရည်ဆိုင်အနီးမှ စတင်ထွက်ခွာလာသော ဆန္ဒပြသူများကို လမ်း ၃၀ အလယ်ဘလောက်လမ်းထိပ်တွင်
လုံခြုံရေးရဲများက တားဆီးခဲ့ကြပြီး ဆန္ဒပြကြသူများကလည်း ရဲများနှင့် ထိပ်တိုက်ရင်ဆိုင်မှု မပြုလုပ်ဘဲ တားဆီးမှုကို လက်ခံခဲ့ကြသည်။

“ကျမတို့ကို ရဲမှူးက ပြောတာက ဖယောင်းတိုင်မှုတ်ပါ။ ဖယောင်းတိုင်ထွန်းပြီး လမ်းလျှောက်ဆန္ဒပြတာမျိုး လုံးဝ ခွင့်မပြုဘူး။ အဲဒီတော့ ကျမတို့ကလည်း ဆူးလေဘုရားပေါ်မှာ မီးပူဇော်မယ် ဆိုပြီး ဘုရားပေါ်ပဲတက် ကြတယ်။ သူတို့က ဖယောင်းတိုင်ထွန်းပြီး လုံးဝ ရှေ့ဆက်သွားခွင့်မပြုဘူး” ဟု ဒေါ်နော်အုန်းလှက ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြပွဲဦးဆောင်သူတစ်ဦးဖြစ်သည့် ကျောင်းသားခေါင်းဆောင်ကိုဟန်ဝင်းအောင်က မိမိတို့အနေနှင့် ဆန္ဒပြပွဲပြုလုပ်ရာတွင် အပြုသဘောဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေရန် အဓိက ထားလုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့က အခု ရန်ကုန်အပါအ၀င် ကျနော်တို့ပြည်သူတွေ မီးမရဘူး။ မီးမရတဲ့အတွက် ကျနော်တို့ အပြုသဘောနဲ့ ဆန္ဒပြတာ။ ငြိမ်းငြိမ်းချမ်းချမ်းလုပ်တာ။ ထိပ်တိုက်ရင်ဆိုတာမျိုးတွေ ကျနော်တို့ မလုပ်ဖူး” ဟု ကိုဟန်ဝင်းအောင်က ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များက လမ်းလျှောက်ဆန္ဒပြရန် ခွင့်မပြုမှုကြောင့် ဆန္ဒပြကြသူများသည် ည ၇ နာရီ ၃၀ မိနစ်တွင် ဆူးလေဘုရားပေါ်တွင် ပြည်သူများ လျှပ်စစ်မီးပုံမှန်ရရှိရေး မီးပူဇော်ဝတ်ပြုဆုတောင်းခဲ့ကြသည်။

ဆန္ဒပြပွဲသို့ လူ ၃၀ ဖြင့် စတင်ခဲ့သော်လည်း ရန်ကုန်မြို့ခံပြည်သူရာပေါင်းများစွာ စုပြုံရောက်ရှိအားပေး ကြပြီး နောက်ပိုင်း သာမန်အရပ်သားပြည်သူများကိုယ်တိုင် ဆူလေးဘုရားရှေ့
ကားလမ်းမကြီးပေါ်တွင် ဖယောင်းမီးများထိန်းညှိုပြီး ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။



“အိမ်မှာ မီးမလာလို့ ရေမတင်ရဘူး။ လာပြန်တော့လည်း ဗို့အားက မပြည့်။ အခု ဖင်ဆေးစရာ ရေတောင် မရှိဘူး။ ကျနော်တို့က ခြောက်ထပ်တိုက် ခြောက်လွှာမှာနေတာ” ဟု ပြည်သူတစ်ဦးက ဆိုသည်။

ရဲများက ဖယောင်းတိုင်ထွန်းဆန္ဒပြပွဲတွင် ပါဝင်လာသော ပြည်သူများကိုလည်း လမ်းလျှောက် ဆန္ဒပြခွင့်မပြုဘဲ ဆူးလေဘုရားအနီးတွင် ဆန္ဒပြခွင့်ပြုခဲ့သည်။

ဆန္ဒပြပွဲများသည် ည ၈ နာရီ ၃၀ မိနစ်တွင် ငြိမ်းချမ်းစွာဖြင့် လူစုခွဲ အဆုံးသတ်သွားခဲ့သည်။

3 comments :

  1. Anonymous said... :

    လျှပ်စစ်ဇော်မင်း ပြောတုန်းကတော့ ပိုလျှံနေတာဆို ဘာတွေပို လျှံနေတာလဲ လျှပ်စစ်တွေကို ပြည်သူကိုမဖြန့်ပေးပဲ ရောင်းစားပြီး သူမိန်းမ အတွက် သူသမီး အတွက် လုပ်ပေးထားတဲ့ စိန်တွေ ရတီကိုက်တွေ သူအိမ်ထဲပိုလျှံနေတာ ကိုပြောတာလား
    ပြည်သူ လူထုကတော့ မီးမလာလို့ အိပ်ပျက် ၊ ရေမတင်ရလို့ စိတ်ညစ်ရ၊
    ရေ၀ယ်သုံးရ လို့ ငွေပိုကုန်ရ ၊
    ရုံးသွားခါနီး မီးသွေးနဲ့ထမင်းချက်လို့ ဒုက္ခရောက်ရနဲ့ ။
    ဘာကောင်းတဲ့ လျှပ်စစ်ဝန်ကြီးလဲကွ။
    ကေအိုင်အေ ကို လွဲချလိုက် ၊ ကေအန်ယူကို လွဲချလိုက်နဲ့ ။
    အလကားလိမ်နေတာ။
    အစထဲက ပြည်သူလူထုအတွက် ထည့်မစဉ်းစားပေးလို့ Gas တွေ အကုန်ရောင်း လွန်းသီက အိပ်ထဲထည့်။
    နောက်တယောက် ကလျှပ်စစ်တွေရောင်း အိပ်ထဲထည့် ။
    သူတို့သာ အိပ်ဖောင်းတယ် ၊
    တိုင်းပြည်နဲ့ ပြည်သူက ဆင်းရဲမွဲတေမှု့က မတက်ရဘူး။
    စက်မှု့လုပ်ငန်းဖွံဖြိုးဖို့ဆိုတာ လျှပ်စစ်မီးကအရေးကြီးတယ်။ လျှပ်စစ်ဇော်မင်း ထိုင်းကိုပဲ သွားလေ့လာလိုက်။
    မြန်မာကGas နဲ့ လျှပ်စစ်တွေဝယ်ပြီး သူတို့ ကုန်ချောထုပ် ချမ်းသာနေတာ။

  1. Anonymous said... :

    သမ္မတကြီး ပြောတော့ ဒီမိုကရေစီဆို ။
    ဘာလို့ ရဲတွေက ထွက်တားလဲ ။
    သူများတိုင်းပြည်တွေမှာ င်္ဒီလိုပဲလား ။

  1. Anonymous said... :

    ဖယောင်းတိုင်များဈေးတက်ကုန်ပါပြီ
    မီးကမလာ ဖယောင်းတိုင်ကဈေးတက်
    ပြည်သူများဒုက္ခ ဘယ်သူကူမမှာလဲ
    အစိုးရကလည်းမေတ္တာရပ်ခံထားတယ်
    ပြည်သူများကလည်း သည်းခံရမှာလား
    လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရနဲ့ ပြည်သူအကြား
    ညှိနှိုင်းကြပါအုံး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved