ဦးသာအေးရေ..မျက်စိနောက်မှာစိုးလို့တဲ့ဗျား...

Friday, May 11, 2012


ပြောပြန်ရင်လည်း ဟာဂျူလီ လွန်ရာကျဦးမယ်..မပြောပြန်တော့လည်း မီးဘေးသင့် လူထုက ဒုက္ခတွေ စုခံရဦးမယ်..
ဒီတော့ မတတ်နိုင်ဘူး၊ ပြောစရာရှိတာတော့ပြောရတော့မှာပဲ၊
ဖြစ်ပုံက ဒီလို......
မီးလောင်သွားတဲ့ ဈေးကြီးကို ၀ါးထရံနဲ့ ခြံကာလိုက်ကြတယ်၊ကာပြီးတော့ ၀ါးထရံရဲ့ အပြင်ဘက် (ဈေးအတွင်းမဟုတ်ပါ) မှာ မီးဘေး သင့်ခဲ့တဲ့ ဈေးသည်တွေ ကပ်ရပ်ပြီးဆိုင်ဖွင့်ကြရှာပါတယ်၊ အဲဒါကို စည်ပင်သာယာက တာဝန်ရှိတဲ့သူတွေက လာမောင်းထုတ်ကြတယ်။

ဈေးမရောင်းရဘူးပေါ့၊ ဒီမှာ ဈေးသည် အချို့က တက်ခေါက်ကြ၊အချို့ကလည်း မျက်ရည်တွေ ကျကြပေါ့ဗျာ၊
အဲဒီမှာ အချို့ကတော့ ကျွန်တော့်ဆီကို ရောက်လာကြပြီး တိုင်တည်ကြ ပြောကြဆိုကြပါတယ်၊ ကျွန်တော်လည်း ဒီသတင်း ကြားတော့ (သည်းခံတဲ့ကြားက)အတော် ပေါက်ကွဲသွားမိပါတယ်၊ဘယ့်နှယ်ဗျာ၊ ရေနစ်သူကို ၀ါးကူထိုးသလို ဖြစ်နေတာ ကိုး၊ ဈေးသည်တွေခမြာ တစ်ရက်လုပ်မှ တစ်ရက် စားရတဲ့သူတွေလေ၊ဈေးဆိုင်တွေမရှိတော့ အထိုင်တွေပျက်၊ ခွေးနေရာ မရသလို ဟိုနေရာလေး ကပ်ရောင်းလိုက် အဆင်မပြေလိုက်၊ ဒီနေရာလေး ကပ်ရောင်းလိုက် ဈေးဝယ်မလာတော့ ဒီနေရာ လေးက ပြောင်းလိုက်နဲ့၊ ဒီဒုက္ခကို မီးဘေးသင့်ဖူးတဲ့ ဈေးသည်တွေမှ သိရတာဗျ၊ ခုလိုမျိုးအချိန်မှာ အာဏာတွေပါဝါတွေနဲ့ ဒီနေရာ မရောင်းနဲ့တို့၊ ဟိုနေရာမှာ ဟိုလို မလုပ်နဲ့တို့ဆိုတဲ့ အတားအဆီးတွေ ဘယ်လုပ်သင့်ပါ့မလဲ၊ နော့။

ဒါနဲ့ ကျွန်တော်လည်း စည်ပင်သာယာ ဒုတိယ ညွှန်ကြားရေးမှူးဆီသွားပြီး
“ဈေးသည်တွေကို ဖယ်ခိုင်းရတဲ့ အကြောင်းရင်း” ကို သွားမေးပါတယ်၊ စည်ပင်ညွှန်မှူးက အထက်အမိန့်အရ တဲ့..။

ဒါနဲ့ ကျွန်တော်လည်း သူ့ကိုပေးတဲ့ အထက်အမိန့်အရ ဆိုတဲ့သူကို စုံစမ်းတော့ မြို့နယ် အုပ်ချုပ်ရေးမှူးဆိုသူ ဖြစ်နေပါ တော့တယ်။

အဲဒါနဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီကို ဖုန်းဆက်တော့ ဖုန်းက မအားဘူးခင်ဗျ၊ အတော်ကြာတဲ့အထိ ခေါ်မရတော့ ခရိုင် အုပ်ချုပ်ရေးမှူးဆီပဲ ဆက်လိုက်ပါတယ်။
ခရိုင်အုပ်ချုပ်ရေးမှူးက သူမသိတဲ့အကြောင်း ယာယီဈေးသစ်ပြီးတဲ့အခါတော့ (အခုတော့ တိုင်တောင် မစိုက်ရသေးပါ) ဈေးသစ်ထဲရွှေ့ရမှာ ဖြစ်တဲ့အကြောင်း ပြောပြီး အခုတော့ ဈေးပါတ်ဝန်းကျင်မှာ ဆက်ရောင်းချခွင့်ပြုပေးပါတယ်။

သြော်အရေးကြီးတာ ပြောဖို့ကျန်သွားတယ်။ ဘာကြောင့် မီးလောင်ပြင်အနီးကပ်ပြီး ဈေးမရောင်းရတာလဲဆိုတာကို၊
စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေး တည်ဆောက်မှုတွေကို လာကြည့်ရှုစစ်ဆေးရင် အနားမှာဈေးသည်တွေ ဈေးရောင်းနေတာမြင်ပြီး စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့တဲ့ဗျား..။

သြော်..ဦးသာအေးတစ်ယောက် စိတ်ချမ်းသာဖို့အရေး ဈေးသည် အများစု ထမင်းငတ်ချင် ငတ်ကြပေါ့နော်...

..(ဟာဂျူလီ-ကသာ)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved