ကင်ပေတိုင့်မှာတမ်း

Monday, May 14, 2012

ရဲရင့်တင့်ဆွေ

(ဓာတ်ပုံ - ဦးတင့်ဆွေ ဖေ့စ်ဘုတ်)

တဖျတ်ဖျတ်လှုပ်ခတ်သံကြောင့် ပြတင်းတံခါးမှအပြင်သို့ကြည့်မိသည်။ သုံးရောင်ခြယ်ပိုးသားအလံမှာ လေ၌တလူလူ လွှင့်လျက်ရှိသည်။ စိမ်းစိုနေသောသစ်ပင်၊ ခန့်ညားသော အဆောက်အအုံ၊ ရုံးဝင်းနှင့် နိုင်ငံတော်အလံတို့မှာ ပနံသင့်လှသည်။ ကားပါကင်၌ ကားအချို့ရပ်ထားသည်ကို တွေ့ရသည်။ အစိမ်းရောင်မာစတာဂျစ်နှင့် အပြာရောင် အီး-၂၀၀၀၊ လေးဘီးကားတို့ သာရှိပြီးအခြားမည်သည့်ကားကိုမျှမတွေ့ရ။ ရုံးအ၀င်လမ်းနှင့် သစ်ပင်အောက်သစ်သားခုံလေးများမှာလည်း လူသူအရိပ်အယောင် မမြင်ရ။ တိတ်ဆိတ်ခြောက်ကပ်လွန်းလှသည်။ ‘’ဆရာ . . . . . ၀င်ခဲ့ပါရစေ’’ ဟူသော အသံကြောင့် အခန်းအတွင်းသို့ ပြန်လှည့် ကြည့်မိသည်။ တစ်နှစ်တစ်ခေါက်လောက်သာရုံးသို့ လာရောက်တတ်သော ကချင်ပြည်နယ်မှ ထုတ်ဝေသူ အသိတစ်ဦးဖြစ်နေသည်။ ‘’ဆရာတို့ရုံးကအပြင်မှာ ဘယ်သူ့မှမတွေ့လို့ ပိတ်ထားသလားတောင် အောက်မေ့နေတာ’’ ဟုသူကဆိုသည်။ ကျွန်တော်ပြုံးမိသည်။ ‘’ကျွန်တော်တို့ ၀န်ထမ်း အားလုံး ရုံးတက်ပြီး ပုံမှန်အတိုင်း အလုပ် လုပ်နေကြတာပါ’’ ဟု ဖြေလိုက်သည်။

ရန်ကုန်မြို့၊ ဗဟန်း၊ ၀င်္ကပါလမ်းရှိ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနဆိုသည်မှာ မြန်မာသာမက ကမ္ဘာအထိပါ နာမည်ဆိုးနှင့် ကျော်ကြားသော ရုံးတစ်ရုံးဖြစ်သည်။ မြန်မာနိုင်ငံအတွင်းရှိ စာပေပုံနှိပ်လိုသူ၊ ထုတ်ဝေလိုသူ ပုဂ္ဂိုလ်တိုင်းသည် ဤရုံး၌ ဥပဒေအရ မှတ်ပုံတင်ကြရသည်။ စာတည်းအဖွဲ့တိုင်း၊ စာရေးဆရာတိုင်းသည် မိမိတို့ရေးသားဖော်ပြလိုသော အကြောင်းအရာ အားလုံးကို ညွှန်ကြားချက်နှင့်အညီ ဤရုံးသို့ တင်ပြကြရသည်။ စိစစ်မှုခံယူပြီးမှသာ အများပြည်သူသို့ ပုံနှိပ်ထုတ်ဝေခွင့်ရှိသည်။ ယင်းညွှန်ကြားချက်ကို မလိုက်နာခဲ့ပါက ထောင်ဒဏ်၊ ငွေဒဏ်တို့ကို ကျခံရလိမ့်မည်ဟု ဥပဒေက ဆိုထားသည်။ ထို့ကြောင့်ပင် လျှင် မြန်မာနိုင်ငံအတွင်း ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ စာရေးဆရာ၊ အယ်ဒီတာအားလုံးတို့သည် ၄င်းရုံးကို ဦးတိုက်ကြရသည်။ ၀င်ထွက် သွားလာကြရသည်။ မချစ်သော်လည်း အောင့်ကာနမ်းခဲ့ကြရသည်။ ဤသို့ဖြင့် စာပေစိစစ်ရုံးကြီးမှာ ဆယ်စုနှစ်ငါးစုနီးပါး ကြက်ပျံ မကျ စည်ကားခဲ့ရသည်။ မျက်မှောက်အချိန်တွင်တော့ ရုံးကြီးသည် အဘယ်အကြောင်းကြောင့်များ ခြောက်ကပ် တိတ်ဆိတ်သွားရပါ သနည်း။

၁၉၆၂ ခုနှစ်က နိုင်ငံအတွက် ပြဋ္ဌာန်းမှုပြုခဲ့သော ပုံနှိပ်ထုတ်ဝေဥပဒေသည် ယင်းခေတ်အခါနှင့်တော့ အံကိုက်သည်ဟု ဆိုရမည်။ စစ်အေးခေတ်အရှေ့နှင့်အနောက်အုပ်စုများ အားပြိုင်ချိန်၌ လက်ဝဲလက်ယာအယူဝါဒအမျိုးမျိုးကို အရှေ့တောင် အာရှ နိုင်ငံများက ကာကွယ်ခဲ့ကြရသည်။ ထို့ကြောင့်ပင် စာပေစိစစ်ခြင်းဟူသော အဖွဲ့အစည်းမျိုးတွေ၊ ဥပဒေတွေလည်းပြဋ္ဌာန်း ခဲ့ကြသည်။ သို့သော် စစ်အေးခေတ်နှောင်းပိုင်း ၁၉၈၀ နှစ်များနှင့် ၁၉၉၀ တို့အရောက်၌မူ အားလုံးကပြောင်းလဲပြင်ဆင်သွားကြ သည်။ နိုင်ငံရေးစနစ်ပြောင်းလဲလာမှုနှင့် နည်းပညာပြောင်းလဲလာမှုအရ လူတွေ၏ တွေးခေါ်ကြံဆမှုတွေက ပိုမိုလွတ်လပ်လာသည်။ လွတ်လပ်မှုနှင့်အတူ ပြောင်းလဲမှု၊ ဖွံ့ဖြိုးမှုတွေလည်း ၄င်းနိုင်ငံများ၌ဖြစ်ပေါ်ခဲ့ကြသည်။ မြန်မာတို့ကမူ ဖွံ့ဖြိုး တိုးတက်ရန်အတွက် အလုံးစုံပြောင်းလဲရမည်ကို သိသော်လည်း အမျိုးသား သွေးစည်း ညီညွှတ်မှုမရှိခြင်းကြောင့် ခေတ်နောက်ကျ ကျန်ရစ်ခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ် စစ်အေးခေတ်ပြီးချိန်က စရေတွက်လျှင် ဆယ်စုနှစ် နှစ်စုကျော် နောက်ကျကျန်ရစ်ခဲ့ပေပြီ။

၂၀၁၁ ခုနှစ်၊ မတ်လတွင် မြန်မာနိုင်ငံအတွက် လွှတ်တော်နှင့် ဒီမိုကရက်တစ်အစိုးရသစ်တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးကို အထူး အလေးပေးလုပ်ဆောင်သကဲ့သို့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်လာရန်အတွက် အုပ်ချုပ်မှုပိုင်းဆိုင်ရာ၊ စီမံ ခန့်ခွဲမှုပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ လုပ်ကိုင်ပုံစနစ်တို့ကို ပြုပြင်ပြောင်းလဲခဲ့သည်။ ပြင်ဆင်စရာရှိသည့် ဥပဒေ၊ နည်းဥပဒေတို့ကို လွှတ်တော်ကကြားနာစိစစ်ပြီး အသစ်အသစ်တို့ ပေါ်ထွက်စေခဲ့သည်။ ဥပဒေအသစ်မပေါ်မီ ကြားကာလအတွက် သက်ဆိုင်ရာနယ်ပယ်၌ တည်ဆဲဥပဒေနှင့် လက်တွေ့ လုပ်ဆောင်နေမှုတို့ကို သဟဇာတ ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ တစ်ချိန်က စာပေများကို စိစစ်မှုခံယူပြီးမှသာ ပုံနှိပ်ထုတ်ဝေခွင့်ရှိသော ကင်ပေတိုင်ရုံးသည်လည်း အဆင့်အလိုက် ပြုပြင်ပြောင်းလဲ မှုတွေကို လုပ်ဆောင်ပေးခဲ့ရသည်။ ယင်းကြောင့်ပင်လျှင် ဆယ်စုနှစ် ငါးစုနီးပါး ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ စာရေးဆရာ၊ အယ်ဒီတာများနှင့် ကြက်ပျံမကျ စည်ကားခဲ့သည့် စာပေကင်ပေတိုင်ရုံးသည် တဖြေးဖြေးချင်း နိဋ္ဌိတံ အဆုံးသတ်မည့် အခြေအနေများသို့ ရောက်ရှိ လာခြင်းဖြစ်ပေတော့သည်။

အလုံးစုံသော စာပေစိစစ်ခြင်းလုပ်ငန်းတို့သည် လုံးဝဥဿုံ ဖျက်သိမ်းပေးရမည် ဖြစ်သည်။ မကြာမတင်သောကာလ အတွင်းတွင် ညွှန်ကြားချက်၊ ဥပဒေအသစ်တို့သည် မုချမလွဲမသွေ ထွက်ပေါ်လာတော့မည်ဖြစ်သည်။ ကြီးစွာသော အန္တရာယ် ဒုက္ခ နှင့်အတားအဆီးတို့ကို တွေ့ကြုံခံစားခဲ့ရသည့် စာပေသမားများသည် အမှောင်တွင်းမှ အမှန်တကယ် လွတ်ကင်းပါတော့မည်။ သို့သော်လည်း စိတ်မကောင်းစရာတစ်ခုမှာ အမှောင်တွင်း၌သာ အိပ်မောကျနေကြသော စာပေသမားအများစုကိစ္စဖြစ်သည်။ အနာဂတ် ပေါ်ပေါက်လာတော့မည့် အဖြစ်အပျက်များကို အိပ်မက်သဖွယ် မြင်ယောင်နေကြဆဲဖြစ်သည်။ နှစ်ငါးဆယ်တိုင်တိုင် အပိတ်အဆို့၊ အတားအဆီး၊ အကြပ်အတည်းများအတွက် ခံစားချက်၊ နာကြည်းချက်တို့ကိုသာ လှုံ့ဆော် မွေးမြူနေကြမှုဖြစ်သည်။ အမှန်တကယ် စာပေ လွတ်လပ်ခွင့်ရှိပြီဆိုလျှင် ဘာလုပ်ကြမလဲဟုသာ အမေးရှိပါက မည်သို့ဖြေဆိုကြပါမည်နည်း။ လွတ်လပ်ခွင့် ဆိုသည်မှာ အစိုးရကို တိုက်ခိုက်ရန်လား၊ နှစ်ငါးဆယ်တွေ့ကြုံခံစားမှုတွေကို ဖော်ထုတ်ရန်လား၊ လက်စားချေရန်လား၊ စာပေ ကင်ပေတိုင်ဆိုသူတွေကိုပဲ အမုန်းပွားဖို့လား၊ စာပေလောကသားအချင်းချင်း လွတ်လွတ်လပ်လပ် ထိုးနှက်တိုက်ခိုက်ကြဖို့လား၊ ဘာတွေဖြစ်လာမည်ကို သိချင်စမ်းလှသည်။

၂၀၁၂ ခုနှစ်၊ မေလ(၃)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့၌ ၀ါရင့်သတင်းစာဆရာကြီးဦးဝင်းတင်က ပျက်စီးခြင်းနဲ့ ဖျက်ဆီးခြင်းကင်းမှသာလျှင် သတင်းစာလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့် တည်ထွန်းနိုင်တယ်ဟု ပြောသည်။ စာပေလွတ်လပ်ခွင့် ဆိုတာ အယူအဆတွေ၊ အတွေးအခေါ်တွေ၊ အကြံအစည်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ ထင်မြင် ချက်တွေ၊ စေ့ဆော်ချက်တွေ၊ တိုက်တွန်းချက်တွေ ဒီလိုအချက်တွေကို ရေးနိုင်မှသာလျှင် ပြည့်စုံတယ်ဟုဆိုသည်။ ဆရာကိုတာက သတင်းတစ်ခုက လူသူလေးပါး သိသင့်၊ မသိသင့်၊ လူတွေရဲ့ဆင်ခြင်ဥာဏ်ကို လူတစ်ယောက်၊ လူတစ်စုက အပိုင်စီးတာမျိုးက ဟန်မကျပါဘူးဗျာ။ အဲဒီသူက ဥာဏ်ပညာ ကြီးသတဲ့လားဟုပြောသည်။ အမှန်ကို ဆိုရလျှင် စိစစ်ခြင်းဆိုသော အခြင်းအရာ မရှိတော့ ပါကဤစကားစုတို့မှာ မည်၍မည်မျှအဓိပ္ပါယ်ရှိတော့မည်နည်း။ အမှန်တကယ်ရွှေ့လျားပြောင်းလဲနေသော ပြုပြင်ပြောင်းလဲမှု အရွှေ့များနှင့်အတူ အနာဂတ်ကို ယခုထက်ပို၍ မှန်းဆကြည့်စေလိုသည်။ အမှန်တကယ် လွတ်လပ်ပြီဆိုလျှင် စာပေလောကသား တို့မည်သို့မည်ပုံနိုင်ငံ့အကျိုးအတွက် ထမ်းရွက်ကြသင့်သည်ကို စဉ်းစားကြဖို့ကောင်းပြီဖြစ်သည်။ စာရေးဆရာများတွင် လည်းကောင်း၊ သတင်းစာဆရာများတွင်လည်းကောင်း၊ ပုံနှိပ်ထုတ်ဝေဖြန့်ချိလောကသားများတွင်လည်းကောင်း အောက်ခြေအဆင့် ယေဘုယျညီညွှတ်မှုတစ်ခု တည်ဆောက်ကြဖို့သင့်ပြီဖြစ်သည်။ အနာဂတ်စာပေလောကအတွက် ခြိမ်းခြောက်မှုသည် အစိုးရလား၊ စီးပွားရေးအုပ်စုတွေလား၊ လူမှုရေးဗန်းပြ အဖွဲ့အစည်းတွေလား၊ ဘယ်သူတွေက အဓိက စိန်ခေါ်လာနိုင်သည်ကို စဉ်းစားပြီး ကြိုတင်အကာအကွယ်တွေ ပူးပေါင်းဆောင်ရွက်ကြဖို့ သင့်ပြီဖြစ်သည်။ ထိုအခါ စာပေလောကအတွင်း ခိုင်မာတောင့်တင်းသော အဖွဲ့ အလိုက်စည်းမျဉ်းစည်းကမ်း များသည်လည်းကောင်း၊ ကျင့်ဝတ်များသည်လည်းကောင်း၊ အရည်အသွေးပြည့်ဝသော လူ့အရင်းအမြစ်များသည်လည်းကောင်း၊ ခေတ်မီတိုးတက်သော နည်းပညာတို့သည်လည်းကောင်း လိုအပ်ချက်တွေဖြစ်လာပါမည်။ ၄င်းအရာတွေအတွက် စာပေသမားအားလုံး ညီညီညွှတ်ညွှတ် ဦးလှည့်ကြဖို့သင့်ပြီဟု ထင်မြင်သည်။

ဂျာနယ်တစ်စောင်တွင် လူပုံအလယ်၌ ဂျာနယ်လစ်လူငယ်တစ်ဦးက ပြည်ထောင်စုဝန်ကြီးတစ်ဦးကို မေးသောမေးခွန်း အတွက် အထူးအံ့သြစိတ်မကောင်းဖြစ်ရသည်။ ‘’၀န်ကြီးကို ပြုတ်မယ့်သူတွေအထဲမှာ ပါနေတယ်လို့ ကြားသိရပါတယ်၊ အဲဒီအပေါ် ၀န်ကြီးရဲ့ ခံစားမှုအမြင်ကို ပြောပေးပါ’’ ဟူသော အမေးသည် တက်သစ်စ ဂျာနယ်လစ် လောကတစ်ခုလုံးကို လွန်စွာ အရုပ်ဆိုး အကျည်းတန်စေ လွန်းလှသည်။ ငယ်စဉ်က အဖြစ်အပျက်တစ်ခုကိုလည်း အမှတ်ရမိသည်။ ကျွန်တော်အသက်အစိတ်အရွယ် ဗိုလ်အဆင့်ဖြင့် တာဝန်ထမ်းစဉ်က ကျွန်တော်၏ မိဘဆရာသဖွယ်ဖြစ်သူ တပ်မမှူးတစ်ဦးက မေးဖူးသည်။ ‘’မင်းအဖေက ဘယ်ကလဲ၊ ဘာလုပ်လဲ’’ ဆိုသော အမေးအတွက် ကျွန်တော့်တွင် ခံစားချက်ရှိသည်။ တော်ရုံတန်ရုံကိစ္စများ၌ အဖေ့ကို မေးလျှင် အမှုထမ်း၊ အငြိမ်းစားဟူ သာ ဖြေလေ့ရှိသည်။ တပ်မမှူးက မင်းကလည်း တစ်ခွန်းမေး၊ တစ်ခွန်းဖြေ မလုပ်နဲ့ ဖြေစမ်းပါဟု ဆိုသဖြင့် ‘’အဖေက လမ်းစဉ်ပါတီမှာ ဗဟိုကော်မတီကို အထောက်အကူပြုရတဲ့ အတွင်းရေးမှူးအဖွဲ့ရဲ့ အတွင်းရေးမှူးတစ်ဦးဖြစ်ခဲ့ပါတယ်။ ပါတီစည်းကမ်း ဖေါက်ဖျက်မှုကြောင့် ၁၉၇၉ ခုနှစ်မှာ ပြုတ်သွားတာပါ’’ ဟု ဖြေလိုက်သည်။ ကျွန်တော့်အဖြေအတွက် တပ်မမှူးက ပြုံးပြီး ‘’မင်းခံစားချက်ကို သိပါတယ်ကွာ၊ အငြိမ်းစားယူတယ် လို့ ပြောရင် ပို မကောင်းဘူးလား၊ လူတွေအားလုံး နားခံသာတဲ့ စကားမျိုးကိုပြောဖို့ လောကနီတိ ဆိုတာရှိတယ်၊ နောက် ဒီလိုမပြောနဲ့ကလေး’’ ဟု ဆုံးမပါသည်။ စစ်သားဖြစ်လင့်ကစား ကျွန်တော်တို့သည် ကျင့်ဝတ်၊ နီတိ၊ ယဉ်ကျေး မှုများနှင့်ပြည့်ဝသည့် ဆိုဆုံးမမှုများအောက်တွင် ကြီးပြင်းခဲ့ကြရသည်။ ယနေ့ ဂျာနယ်လစ်ကလေးများမှာ မူမည်သူတွေက မည်သို့သွန်သင် ဆုံးမပေးကြပါမည်နည်း။ ကြီးမားသောရည်မှန်းချက်နှင့် လုပ်ဆောင်ချက်တို့အတွက် စတုတ္ထမဏ္ဍိုင် မျိုးဆက်သစ်လေးများကို လေ့ကျင့် သင်ကြားပေးကြဖို့လည်း ကျန်ရှိပါသေးသည်။ ဂျာနယ်လစ်တို့ထုံးစံအတိုင်း ဘယ်သူ ကောင်းတယ်၊ ဘယ်သူမှန်တယ် ဆိုတာကို လူထုက၊ သမိုင်းက အဆုံးအဖြတ်ပေးပါလိမ့်မည် ဆိုလျှင်လည်း စောင့်ကြည့်ကြဖို့သာ ရှိသည်။ ကျွန်တော်ကမူ ဆယ်စုနှစ် တစ်စုနီးပါး လက်ပွန်းတတီး အတူလျှောက်လှမ်းဆောင်ရွက်ခဲ့ကြရသည့် ဂျာနယ်လစ်များ အားလုံးကို ပြည်သူချစ်သော၊ ကျင့်ဝတ်စည်း ကမ်းနှင့်ညီသော၊ နိုင်ငံ့အကျိုးကို အပြည့်အ၀ ထမ်းပိုးသော လူ့အသိုင်းအ၀န်း ပတ်ဝန်းကျင်တစ်ခုအဖြစ် တွေ့မြင်ချင်စမ်းလှသည်။ တနည်းအားဖြင့် ကျွန်တော့်ဆောင်းပါးသည် အသက်ငင်နေပြီဖြစ်သော စာပေကင်ပေတိုင်တစ်ဦး၏ မှာတမ်း ဟု ဆိုခဲ့လျှင်လည်း စေတနာ အပြည့်ဖြင့် ဦးညွှတ် ခံယူလိုက်ပါသည်။

(ရဲရင့်တင့်ဆွေ၏ Facebook တွင် ဖော်ပြထားသော ဆောင်းပါး ဖြစ်သည်။)

2 comments :

  1. Anonymous said... :

    မောင်တင့်ဆွေရယ် မင့်အသိက နောက်ကျလှသကွယ်။
    လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီအသိ ရှိခဲ့ရင် ကောင်းမယ်ကွ။
    မင့်အတွက်တော့ ကင်ပေတိုင်ရုံးကြီးက ပစ်ရမှာလဲ အဆီနဲ့ဝင်းဝင်း ဖြစ်နေတာကို အဘနားလည်ပေးနိုင်ပါတယ်။
    မီဒီယာသမား တစ်ယောက်တလေ မယဉ်ကျေးတာကို ပုံကြီးချဲ့ပြိး စီစစ်ရေးကို အမျွှန်းမတင်ချင်ပါနဲ့တော့။
    နောက်ကျသွားပါပြီ။

  1. Anonymous said... :

    ကို တင့်ဆွေရယ် ကျင့်ဝတ်နဲ့စည်းကမ်းကို နားမလည်လို့မဟုတ်ပါဘူး စောင်ရေးတိုးရေး ဒို့အရေးလုပ်နေတာပါ ငါအတွက် အသာစီးရဖို့လေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved