အိန္ဒိယ-မြန်မာ နယ်စပ် ပစ်ခတ်မှု၊ ၄ ဦးသေ

Saturday, May 12, 2012

အိန္ဒိယ-မြန်မာနယ်စပ် မြန်မာဖက်ခြမ်း၊ တမူးမြို့နယ်၊ နယ်စပ်စစ်ဆေးရေးဂိတ်တခုဖြစ်တဲ့ ခမ်းပတ်ဂိတ်နားက တွီဗန်ရွာမှာ ပြီးခဲ့တဲ့ ကြာသာပတေးညတုန်းက နယ်စပ်လုံခြုံရေးတာဝန်ကျ တပ်သားတွေ အချင်းချင်းပစ်ခတ်မှုဖြစ်လို့ အရာရှိတယောက်နဲ့ တပ်သား ၃ ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။


အိန္ဒိယ-မြန်မာ နယ်စပ်လမ်းတနေရာ

နယ်စပ်လုံခြုံရေးတာဝန်ကျ တပ်သား ၂ ယောက်က ပစ်ခတ်မှုကို စတင်ခဲ့ပြီး သေဆုံးသွားသူတွေက ဗိုလ်ရာဇာထွေး၊ ဒုတပ်ကြပ်ထွန်းထွန်း၊ တပ်သားဇော်ဇော်လွင်နဲ့ တပ်သားဝင်းကျော်တို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

ပစ်ခတ်မှုမဖြစ်ခင်က ဗိုလ်ရာဇာထွေးနဲ့ ရဲဘော်တွေဟာ ဘိန်းမည်း တပိဿာနီးပါး ဖမ်းမိတယ်၊ ကျန်တဲ့ရဲဘော်တွေက သူတို့ကို ဖမ်းမိတဲ့ဘိန်း ဝေစုမခွဲပေးဘူးထင်ရာကနေ ဗိုလ်ရာဇာထွေး နောက်ဖေးသွားနေတုန်း သူ့ရဲ့ ပစ္စတိုနဲ့ ပစ်လိုက်တာလို့ ဆိုပါတယ်။ 


ပစ်ခတ်တဲ့ တပ်သားနှစ်ယောက်ဟာ သေဆုံးသူ တပ်သားနှစ်ယောက်ဆီက သေနတ်နှစ်လက်အပြင် ကျည်ကဒ်တွေကိုပါယူပြီး အိန္ဒိယဖက် ထွက်ပြေးသွားတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ သူတို့နဲ့ ပါသွားတာဟာ သေနတ် ၄ လက်၊ ပစ္စတိုတလက်နဲ့ ကျည်တောင့် ၅၀၀ လို့ ဆိုပါတယ်။

သက်ဆိုင်ရာကို ဧရာဝတီက စုံစမ်းကြည့်တော့ ပစ်ခတ်မှုဖြစ်တာ ဟုတ်မှန်ကြောင်း၊ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ခမ်းပတ်ဆေးရုံမှာ ထားကြောင်းသာ ပြောဆိုပါတယ်။

ဒေသခံတွေအဆိုအရတော့ မြန်မာနယ်ခြားစောင့်တပ် တာဝန်ကျသူတွေက အိန္ဒိယဖက်ကို အကူအညီတောင်းပြီး ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ တပ်သားနှစ်ယောက်ကို ဖမ်းဆီးနိုင်ဖို့ စုံစမ်းနေကြတယ်လို့ သိရပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာ အိန္ဒိယဖက်က ပြည်နယ်ခွဲထွက်ရေးအဖွဲ့တွေအချင်းချင်း မကြာခဏ ပစ်ခတ်ကြတာတွေ၊ ဘိန်း၊ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး နယ်စပ်တလျှောက်က ခွဲထွက်ရေးအဖွဲ့တွေအကြား ပစ်ခတ်မှုဖြစ်တာတွေ၊ လုပ်ကြံသတ်ဖြတ်ခံရတာတွေ မကြာခဏ ဖြစ်ပေါ်လေ့ရှိပါတယ်။

1 comments :

  1. Anonymous said... :

    အခုလိုရွပ်ရွပ်ချွံချွံ ၊ အသက်စွန့်ပြီး နယ်စပ်တွေမှာတာဝန်ထမ်းဆောင်နေကြတဲ့တပ်မတော်သားအပေါင်းကို မကောင်းပြောတဲ့သူကရှိသေးတယ်နော် ၊ (ဘာဖြစ်တယ်ဆိုလား ဟိုဘိန်းစိမ်း တပိသာလောက်များစကားထဲထည့်ပြောလို့ ၊ပစ်လားခတ်လားလုပ်တယ်လေးဘာလေးနဲ့)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved