ဟိုတယ်များ တည်းခိုခ လျှော့ချရန် အစိုးရ တိုက်တွန်း

Wednesday, May 23, 2012


သန်းထိုက်ဦး

နိုင်ငံခြားခရီးသည်များအား ကောက်ခံသည့် တည်းခိုခန်းခသည် တည ၂၅ ဒေါ်လာထက် မပိုသင့်ကြောင်း မြန်မာ့အလင်းသတင်းစာက ယနေ့ တိုက်တွန်း ရေးသားလိုက်သည်။

မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာလှည့် ခရီးသွားများကို ဖော်ရွေပျူငှာသော ဆက်ဆံရေး၊ သန့်ရှင်းသော ၀န်ဆောင်မှု၊ ကောင်းမွန်သော အစားအသောက်၊ သင့်တင့်မျှတသော ဟိုတယ် တည်းခိုခများဖြင့် ဆွဲဆောင်သင့်သည်ဟု ဆိုသည်။

ဟိုတယ်ခန်းခများ အဆမတန် တောင်းခံခြင်းသည် နိုင်ငံကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။

“ယနေ့ အချိန်အခါတွင် မြန်မာနိုင်ငံ၏ နိုင်ငံတကာ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည့် အလျောက် ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှုမှာလည်း တစ်နေ့တခြား တိုးတက်များပြားလာလျက်ရှိသည်” ဟု သတင်းစာတွင် ရေးသားဖော်ပြထားသည်။

လတ်တလော ရန်ကုန်မြို့တွင် လိုင်စင်ရယူဆောင်ရွက်လျက်ရှိသော ဟိုတယ်၊ မိုတယ်နှင့် အင်းပေါင်း ၁၉၀ ရှိပြီး အိပ်ခန်းပေါင်း ၈,၀၀၀ ကျော် ရှိကြောင်း မြန်မာ့အလင်းက ဆိုသည်။

နိုင်ငံခြားသားခရီးသည်များအား လိုင်စင်ရ ဟိုတည် တည်းခိုခန်းတို့တွင်သာ တည်းခိုနေထိုင်ခွင့် ပြုထားသည်။ အသိမိတ်ဆွေတို့၏ နေအိမ်များတွင် တည်းခိုခွင့် မပြုကြောင်း သိရသည်။

နေအိမ်များတွင် တည်းခိုခွင့် ပြုပါက ပြည်ပခရီးသည် ၀င်ရောက်မှု ပိုမို တိုးတက်မည်ဟူသော သုံးသပ်ချက်များအကြောင်းကို အစိုးရသတင်းစာ အယ်ဒီတာ့အာဘော်တွင် ထည့်သွင်း ရေးသားထားခြင်း မရှိပေ။

အိမ်နီးချင်းနိုင်ငံ အများအပြားတွင် နိုင်ငံခြား ခရီးသည်များကို နေအိမ်များတွင် တည်းခိုနေထိုင်ခွင့် ပြုထားကြသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved