လွှတ်တော် ၀တ်စုံ

Wednesday, May 2, 2012


အိမ့်သံစဉ်

ဒီနေ့ လွတ်တော်ထဲမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖက်ရှင် (ဓာတ်ပုံ - ဧရာဝတီ)။

ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့တဲ့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ဒီကနေ့ လွှတ်တော်ထဲ ပထမဆုံးအကြိမ် ရောက်လာပြီး ၀တ်စားဆင်ယင်မှု မတူကွဲပြားနေတာ သတိထားမိပါတယ်။

အမျိုးသားများကတော့ ပင်နီတိုက်ပုံများနဲ့ တမျိုး ထင်ရှားနေပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီးများရဲ့ ၀တ်စား ဆင်ယဉ်မှု ဖက်ရှင်တွေက တမူ ထူးခြားလို့ နေပါ တယ်။ (မ)

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗေဒါရောင်အင်္ကျီ ၀တ်ဆင် တက်ရောက်လာခဲ့ ပါ တယ်။

အခြားသော အမျိုးသမီး ကိုယ်စားလှယ် အသီးသီးကိုလည်း အရောင်အသွေးစုံ ဒီဇိုင်းအစုံနဲ့ တွေ့မြင်ရပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့ NLD လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မွှေးလွင်ရဲ့ ရဲရဲတောက်ဖက်ရှင်။ အင်္ကျီမှာ ခွပ်ဒေါင်းနဲ့ကြယ်ကို တွေ့ရမှာပါ။ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များက ဒီဝတ်စုံကို ကန့်ကွက်လေမလား?


ဒေါ်အောင်ဆန်းစုကြည်ဘေးက အမတ်များက တိုက်ပုံဖြူဖြူတွေနဲ့ ဆိုတော့ NLD ပါတီကတော့ ဟုတ်ဟန် မတူပါ။ (ဓာတ်ပုံ-ဧရာဝတီ)

အမျိုးသားများအတွက် မြန်မာဝတ်စုံက ပုဆိုး၊ တိုက်ပုံ ဖြစ်နေတာကြောင့် ထူးထူးခြားခြား မရှိလှပါဘူး။ တိုက်ပုံအရောင်မတူ၊ ပုဆိုး အဆင်ကွဲတာတော့ ရှိပါတယ်။

အမျိုးသားတွေရဲ့ ခေါင်းပေါင်းက အရောင် ကွဲပြားနိုင်ပေမယ့် ဒီခေါင်းပေါင်းကို စိတ်ဝင်စားသူ နည်းပါလိမ့်မယ်။

ပိုပြီး စိတ်ဝင်စားကြမှာကတော့ အမျိုးသမီးတွေခြုံတဲ့ ပုဝါ ဖြစ်မှာပါ။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ခြုံထားတဲ့ ပုဝါက ဒေါင်းမြီးကွက်နဲ့ ဖြစ်ပါတယ်။ ဒေါင်းမြီးကွက်၊ ကဒေါင်း၊ ခွပ်ဒေါင်း တို့ဟာ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုရဲ့ သင်္ကေတတခု ဖြစ်နေပြီး ဒီမိုကရေစီ ဘက်တော်သားများက အမြတ်တနိုး အသုံးပြုလေ့ ရှိပါတယ်။ လာမယ့် လွှတ်တော်အစည်းအဝေးတွေမှာလည်း အမတ်တွေရဲ့ ၀တ်စားဆင်ယင်မှုက စိတ်ဝင်စားဖွယ် ဖြစ်လာဦးမယ်လို့ ယူဆရပါတယ်။




1 comments :

  1. Anonymous said... :

    ဗေဒါရောင် မဟုတ်ပါ မင်းဂွတ်သီးအရောင်ပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved