ကျမ်းကျိန်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှင်းလင်းချက်

Wednesday, May 2, 2012

"...ကျွန်မတို့ကလည်း တစ်ချိန်လုံး ပြည်သူ လူထုရဲ့ အသံကို နားထောင်နေရတာပေါ့နော်။ နားထောင်နေတဲ့အခါ အင်မတန်မှ ကျွန်မတို့ကို လွှတ်တော်ထဲ ၀င်စေချင်ကြတယ်..."

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD အမတ်များ လွှတ်တော်အစည်းအဝေးကို ပထမဆုံးအကြိမ် ပါဝင်တက်ရောက်ဖို့ နေပြည်တော် ရောက်နေပါပြီ။ လွှတ်တော်ထဲမှာ နောက်နာရီပိုင်းအတွင်း ကျမ်းကျိန်ကြတော့မှာ ဖြစ်ပါတယ်။

တနင်္လာနေ့က NLD ခေါင်းဆောင်များ အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်တက် ကျမ်းကျိန်မယ့်အကြောင်း ပြောခဲ့ပါတယ်။ http://www.facebook.com/hmuu.zaw မှာ တွေ့ရတဲ့ ဒီမိုကရေစီခေါင်းဆောင်ရဲ့ ပြောကြားချက် တွေကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော် တက်ရေး/ မတက် ရေးနဲ့ ပတ်သက်လို့ ခဏခဏမေးနေတဲ့ကိစ္စဖြစ်တဲ့အတွက် အခု အဖြေရပြီဆိုတော့ မြန်မြန်ပဲ ရှင်းလိုက် တော့မယ်။ မနေ့ကဆိုရင် ဒေါက်တာအေးမောင်လာပြီးတွေ့တယ်ဆိုတာလည်း အများသိပြီးသား ဖြစ်မှာ ပါပဲ။ အဲဒီတော့ ဒေါက်တာအေးမောင်တို့ ပေးတဲ့စာတွေကိုတော့ ဦးဥာဏ်ဝင်းနဲ့ ထားပစ်ခဲ့မယ်။ အဲဒီ အကြောင်းအရာတွေ အသေးစိတ် သိချင်လို့ရှိရင် ဦးဥာဏ်ဝင်းအနေနဲ့ ပြောပြပါလိမ့်မယ်။

တိုတိုပြောရမယ်ဆိုလို့ရှိရင် ကျွန်မတို့ လွှတ်တော်အတွင်းက တိုင်းရင်းသားပါတီတွေနဲ့ တစ်သီး ပုဂ္ဂလကိုယ်စားလှယ်တွေ၊ တစညလည်း ပါတယ်၊ တစ်ခြားပါတီတွေလည်း ပါတယ်။ အားလုံးကနေ စု ပေါင်းပြီးတော့ ကျွန်မတို့ကို လွှတ်တော် တက်စေချင်ပါတယ်၊ လွှတ်တော်ထဲမှာပဲ အတူတူလုပ်ပြီးတော့ ပြောင်းလဲချင်တာတွေ ပြောင်းလဲချင်ပါတယ် လို့ မေတ္တာရပ်ခံတယ်။ စာက အင်မတန်မှ မဟာမိတ် သဘောတရား ဆောင်တယ်ပေါ့နော်။ အားလုံးက ပူးပေါင်းဆောင်ရွက်ချင်တဲ့ အခြေအနေကို တင်ပြပါ တယ်။ နောက်ပြီးတော့ ပြည်သူ့လွှတ်တော်ဥက္ကဌကြီး သူရဦးရွှေမန်းကို ရေးထားတဲ့ စာကလည်း ဒီတိုင်းရင်းသားပါတီတွေနဲ့ တစ်သီးပုဂ္ဂလ၊ အားလုံးပေါင်း လက်မှတ်ထိုးတာက (၁၆)၊ တင်ထားတဲ့ စာကလည်း အင်မတန်မှ ပူးပေါင်းဆောင်ရွက်ချင်တဲ့ သဘောနဲ့ ကျွန်မတို့ လွှတ်တော်အတွင်းမှာ တိုင်းရင်း သားပါတီတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူ ပြောင်းသင့်တဲ့ကိစ္စတွေကို ပြောင်းဖို့၊ အထူးသဖြင့် ကျွန်မတို့ လိုချင်နေတဲ့ ကျမ်းကျိန်စာရဲ့ စာသားတွေကို ပြောင်းဖို့ကို ၀ိုင်းဝန်းပြီးတော့ မေတ္တာရပ်ခံတာ လည်း ပါတယ်။

အဲဒီတော့ ကျွန်မတို့အနေနဲ့လည်း ဒီဟာတွေအားလုံးကို သုံးသပ်ပြီးတော့ သဘောထားကြီးကြီးနဲ့ ကျွန်မတို့အနေနဲ့ လိုက်လျောသင့်တယ် လို့ ကျွန်မတို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော် အတွင်းက တစ်ခြားအဖွဲ့အစည်းတွေ၊ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အတူတူ ပူးပေါင်းပြီး တော့ လုပ်ချင်တဲ့ဆန္ဒတွေ အများကြီး ရှိတယ်။ အဲဒါကြောင့်မလို့ ကျွန်မတို့အနေနဲ့ လိုက်လျောမယ်၊ ဒီလွှတ်တော်ကိုတက်တဲ့ကိစ္စကို ကျွန်မတို့ အမြန်ဆုံး လုပ်လိုက်မယ်။ အဲဒီတော့ တစ်ချို့ကတော့ မေးမှာ ပေါ့နော် အစတုန်းကတော့ ကာကွယ်စောင့်ရှောက်မယ် ဆိုတဲ့ စကားလုံးကို လက်မခံဘူး၊ အခုကျမှ ဘာ ဖြစ်လို့ လက်ခံသလဲ ဆိုတော့၊ ဘာလို့ လက်ခံသလဲဆိုတာ အကြမ်းဖျင်းပြောရရင် နံပါတ်(၁)ကတော့ ပြည်သူလူထုရဲ့ ဆန္ဒ၊ ကျွန်မတို့ မဲဆန္ဒရှင်၊ ကျွန်မတို့ကို မဲပေးခဲ့ကြတဲ့ ပြည်သူလူထုက ကျွန်မတို့ လွှတ်တော်ထဲ ရောက်သွားတာကို အင်မတန်မှ မြင်ချင်ကြတယ်။ ကျွန်မတို့ကလည်း တစ်ချိန်လုံး ပြည်သူ လူထုရဲ့ အသံကို နားထောင်နေရတာပေါ့နော်။ နားထောင်နေတဲ့အခါ အင်မတန်မှ ကျွန်မတို့ကို လွှတ်တော်ထဲ ၀င်စေချင်ကြတယ်။ နောက်ပြီးတော့ ကျွန်မတို့ မဟာမိတ်တွေဖြစ်တဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေကလည်း အင်မတန်မှ လိုလိုလားလားနဲ့ အတူတစ်ကွ လက်တွဲပြီးတော့ လုပ်
ဆောင်ချင်ပါတယ် ဆိုတဲ့ မေတ္တာရပ်ခံချက်ကိုလည်း ကျွန်မတို့ အနေနဲ့ အင်မတန်မှ အလေးထား၊ တန်ဖိုးထားတယ်။

နောက်တစ်ခုကလည်း ဒါကိုတော့ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ၊ အစကတည်းက ကျွန်မ တို့က ပါတီမှတ်ပုံတင်ဥပဒေနဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ စာသားတွေပြင်ဖို့ ပြောတုန်းက ကျွန်မတို့ တစ်ချိန်တည်းမှာ ဒီ ဇယားထဲမှာပါတဲ့ ကျမ်းကျိန်လွှာကိစ္စကို ကိုင်တွယ်ဖို့ ကျွန်မအနေနဲ့ လစ်ဟင်းခဲ့ ပါတယ်။ အဲဒီတော့ ဒါကို ကျွန်မ တာဝန်ယူတယ်။ ကျွန်မရဲ့ လစ်ဟင်းချက်တစ်ခုကြောင့်မို့လို့ ပြည်သူရဲ့ ဆန္ဒနဲ့ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒကို ထိပါးတဲ့အခြေအနေမျိုး လုံးဝ မဖြစ်စေချင်ဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ လိုက်လျောပြီးတော့ လက်ခံမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မ တစ်ခုတော့ ထောက်ပြချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တစ်ခုနဲ့တစ်ခု မဆီလျော်တဲ့ စကားလုံးတွေ အများကြီး ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ စာကိုယ်ထဲမှာ ပါတဲ့ စကား လုံးတွေနဲ့ ဇယားထဲမှာ သုံးထားတဲ့ အသုံးအနှုံးနဲ့ မတူပါဘူး။ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းကျိန်တဲ့အခါ သုံးရတဲ့ စကားလုံးနဲ့ သမ္မတကြီး ကျမ်း ကျိန်တဲ့အခါ သုံးရတဲ့ စကားလုံးနဲ့ စကားတွေကလည်း မတူပါဘူး။ အဲဒါကြောင့်မို့လို့ ဥပဒေစိုးမိုးရေး သဘောတရားအရ ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရ ပြင်ဆင်စရာတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မတို့ ဥပဒေရှုထောင့်ကနေ လေးလေးနက်နက် ပြောချင်ပါတယ်။ ဒါပေမယ့် ကျွန်မ အစကတည်းက ပြောတယ်၊ ကျွန်မတို့ဟာ ဒီဟာကို နိုင်ငံရေးပြသနာဖြစ်အောင် လုပ်နေတာ မဟုတ်ဘူး။ ဥပဒေကိစ္စတစ်ခုအနေနဲ့ ကျွန်မတို့ ကိုင်တွယ်နေတာ၊ ဒါကြောင့်မို့လို့ ကျွန်မတို့ အနေနဲ့ကတော့ တင်းမာပြီးတော့ နိုင်ငံရေးပြသနာ လို့ မလုပ်စေချင်လို့ ဒီနေရာမှာ ကျွန်မတို့ လိုက်လျောမယ် လို့ ဆုံးဖြတ်လိုက်တာပါ။

တစ်ချို့ကကျတော့ အလျှော့ပေးတယ်လို့ မမြင်ဘူးလားတဲ့။ အလျှော့ပေးတယ်လို့ မြင်ချင်လည်း မြင်နိုင်ပါတယ်။ ကျွန်မတို့ ပြည်သူ့ဆန္ဒကို အလျှော့ပေးတယ်၊ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒကို ကျွန်မတို့ အလျှော့ပေးတယ်။ ကျွန်မတို့ ပြည်သူကနေ လှိုက်လှိုက်လှဲလှဲ ထောက်ခံထားတဲ့ ကြားဖြတ် ရွေး ကောက်ပွဲမှာ အောင်နိုင်ထားတဲ့ အဖွဲ့ချုပ်မို့လို့ သဘောထားကြီးဖို့ အင်မတန်မှ လိုပါတယ်။ နောက် ကျွန်မ တို့ဟာ တစ်ကယ်ပဲ ပြေလည်အောင်လုပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိတယ် ဆိုတာကိုလည်း ကျွန်မတို့ လက်တွေ့ကျကျ ပြောဖို့ လိုပါတယ်။

ဒီထဲမှာ ကျွန်မတို့အနေနဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ပါတီ မှတ်ပုံတင်ဥပဒေ ပြင်ဆင်ပေးမှုတွေ အတွက် ဆွေးနွေးတုန်းက သမ္မတကြီးကနေ လိုက်လျောခဲ့တာကိုလည်း ကျွန်မတို့ မမေ့ပါဘူး။

အဲဒီတော့ အားလုံးကိုခြုံငုံပြီးတော့ နံပါတ်(၁)ကတော့ ပြည်သူ့ရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ ကျွန်မတို့ မဟာမိတ်တွေရဲ့ ဆန္ဒနဲ့ ကိုက်ညီအောင်လို့ နိုင်ငံရေးမှာ သဘောထားကြီးကြီးနဲ့ အပေးအယူ လုပ်ရမယ် ဆိုတဲ့ မူဝါဒ ကို အလေးထားသောအားဖြင့် အမြန်ဆုံး လွှတ်တော်ကိုယ်စားလှယ်တွေအဖြစ်နဲ့ တရားဝင် ကျမ်းကျိန်ပြီးတော့ ဖြစ်မြောက်ရေးအတွက် ဆောင်ရွက်သွားမယ်ဆိုတာပါပဲ။ အဲလိုဆိုရင် ထပ် ထပ်ပြီး မေးနေဖို့ မလိုတော့ဘူး၊ နို့မို့ဆိုရင် ဟိုသွားလည်း ဒါမေး၊ ဒီသွားလည်း ဒါမေး၊ တော်ကြာ မနက်ဖြန် မစ္စတာဘန်ကီမွန်း လာလို့ရှိရင် မစ္စတာဘန်ကီမွန်းကို မေးသင့်တာ မမေးပဲ အဲဒီအကြောင်းပဲ မေးနေမှာ စိုးလို့။

အဲဒီတော့ ဒီအဖြေကို ဖြေပြီးပါပြီ။

ဘယ်ရက် လောက်လဲ (မေးမြန်းချက်)

အဲဒီတော့ ကျမ်းကျိန်ဖို့ပဲ ရှိပါတော့တယ်။ လွှတ်တော် ပြီးတော့မယ်လေ။ အဲဒီတော့ အမြန် ပြေးပြီး ကျမ်းကျိန်လိုက်မှာပဲ။ တက်တာက နောက် ဆုံတဲ့အခါမှပဲ တက်မှာ။ အဲဒီတော့ အသေးစိတ် သိချင်လို့ ရှိရင် ကျွန်မ ဒီဟာလည်း လျှို့ဝှက်လည်း မဟုတ်ဘူးဆိုတော့ အားလုံးသိနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီစာတွေကို ဆရာဦးဥာဏ်ဝင်း ဖတ်ပြလိုက်ရင် ကောင်းမယ် ထင်တယ်။

မိတ္တူလေး ရမလား။ (မေးမြန်းချက်)

မိတ္တူ ခဏစောင့်ပေးပါ။ အဲဒီတော့ ပြီးလို့ရှိရင် ဆရာပဲ ထုတ်ပြီးတော့ - -

မမ ဒီတစ်ခေါက်က ကျမ်းသွားကျိန်ရုံလေးပဲ ပြီးရင် ချက်ချင်းပြန်လာမှာလား (မေးမြန်းချက်)

ဟုတ်ကဲ့၊ အချိန်ကလည်း သိပ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်ကလည်း တစ်ကယ်တော့ ပြည်ထောင်စုလွှတ်တော်ကလည်း ရပ်ဆိုင်းတော့မှာ။ ကျွန်မတို့အတွက် လွှတ်တော်ဘက်က သဘောထား ကြီးစွာနဲ့ ကျွန်မတို့ ၀င်လို့ ဖြစ်အောင်လို့ ကြည့်ပြီးတော့ လုပ်ပေးပါ့မယ် ပြောတယ်။ ကျွန်မတို့ဘက်က လည်း တတ်နိုင်သမျှ လိုက်လျောတာပဲ ဖြစ်ပါတယ်။ အဲဒီတော့ ဟိုဘက် ဒီဘက် ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် အပေး အယူ လုပ်ခြင်းအားဖြင့် ပြဿနာတွေကို ကျော်လွှားနိုင်မယ်ဆိုတာကို ကျွန်မတို့ လက် တွေ့ ကျကျ ဒီအချိန်မှာ ပြဖို့လိုတယ်လို့ ကျွန်မ ထင်ပါတယ်။

အန်တီ ဒီနေ့ကျတော့ သွားဖို့ မမီဘူး။ မနက်ဖြန်ကျတော့ မေဒေးနေ့ ဆိုတော့ သဘက်ခါပေါ့ နော်(မေးမြန်းချက်)

အန်တီကတော့ သဘက်ခါပဲ၊ တစ်ချို့တွေကတော့ မနက်ဖြန် သွားရင်သွားမယ်၊ အန်တီကတော့ မနက်ဖြန် မအားဘူးလေ။ မေဒေးနေ့ကျတော့ (မုန်ကျွေးမှာလား)(မေးမြန်းချက်) မနက်ဖြန် ရုံးဖွင့်မယ်လေ၊ ကျွေးမယ် ကျွေးမယ်၊

ကျမ်းကျိန်ပြီးတာနဲ့ ချက်ချင်း ပြန်လာမှာလား (မေးမြန်းချက်)

ဟုတ်ကဲ့။ အဲဒီတော့ Copy တွေ ဘာတွေ လိုချင်တယ် ဆိုရင်တော့ ဆရာဦးဥာဏ်ဝင်းနဲ့ မိတ္တူတွေဘာတွေ ဆွဲပြီး လုပ်ကြပါ။ ကျွန်မက တစ်ခြားအလုပ်တွေ ရှိတော့ ပြန်မှာမို့လို့ အားလုံးကို ခေါ် ပြီးတော့ တစ်ခါတည်း ဆင်းလိုက်မယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved