ကချင်ဒေသ သင်ခန်းစာများ

Wednesday, May 2, 2012

ကေအိုင်အိုနှင့် မြန်မာအစိုးရ အပစ်ခတ်ရပ်ဆဲရေးမလုပ်မှီ နှင့် အပစ်ခတ်ရပ်ဆဲရေးနောက်ပိုင်း ဖားကန့်မြို့ပုံ။

ကချင် “ဖွံ့ဖြိုးတိုးတက်ရေး” မှ ကြုံတွေ့ရသော သင်ခန်းစာများ

မြန်မာအစိုးရသည် လက်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ရာ၌ ပထမအဆင့် အပစ်အခတ် ရပ်စဲရရန် ကမ်းလှမ်းခြင်း၊ ထို့နောက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ခြင်းနှင့် နောက်ဆုံးတွင် အမျိုးသား နိုင်ငံရေး သဘောတူညီချက်များ ပြုလုပ်ရန် “ဖွံ့ဖြိုးတိုးတက်ရေး” အတွက်ဟူ၍ ကတိပေးခြင်းကို ၄င်း၏ အဓိကသော့ချက် အသုံးအနှုန်းအနေနှင့် အသုံးပြုလျက် ရှိသည်။ ယင်းဖြစ်စဉ်သည် ကချင်ပြည်နယ်၌ အလွန်ဆိုးရွားသော ပဋိပက္ခ အကျိုးဆက်များ မဖြစ်ပေါ်မီ အချိန်ကတည်းက ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်သူတို့၏ အခွင့်အရေးများအား သေချာစေမည့်အပြင် ကချင်ပြည်နယ်၏ အကျိုးစီးပွားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို လုပ်ကိုင်ပေးမည် ဟူသော စစ်အစိုးရနှင့် နိုင်ငံရေးအရ ပြောဆိုမှုများကို ယုံကြည်မျှော်လင့်သော အားဖြင့် KIO မှ အပစ်အခတ် ရပ်စဲရေးအတွက် ၁၉၉၄ ခုနှစ်တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။ ယခုအခါတွင်မူ ပဋိပက္ခများကို ပြေလည်စေမည့် အစား အပစ်အခတ် ရပ်စဲပြီးကတည်းက ကချင်ပြည်နယ်တွင် ကျွန်ုပ်တို့ ကြုံတွေ့ရသည်မှာ အစိုးရ၏ စစ်တပ်အင်အား တိုးမြှင့်ခြင်း၊ အကြီးစား ခေါင်းပုံဖြတ်ခြင်းနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များကို တိုင်းတပါးထံ တင်ပို့ ရောင်းချခြင်းများဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ဆုတ်ယုတ် ပျက်သုဉ်းစေမည့် စီမံကိန်းများပင် ဖြစ်သည်။ ယင်း ဖွံ့ဖြိုးတိုးတက်မှု အယောင်ပြ ကျူးလွန်မှုများကြောင့် ပဋိပက္ခများပိုမို ဖြစ်ပွားလာစေပြီး ယမန်နှစ် ဂျွန်လမှ စတင်၍ လူဦးရေ ၇၅,၀၀၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော စစ်ပွဲများဆီသို့ ပြန်လည် ဦးတည်လာခဲ့ရခြင်း ဖြစ်သည်။ ကချင်တို့ ကြုံတွေ့ရသည့် ယင်း အတွေ့အကြုံများနှင့် ဖြစ်စဉ်တူဖြစ်သော ငြိမ်းချမ်းရေး ရယူရန် ကြိုးပမ်းလျက်ရှိသည့် အခြား တိုင်းရင်းသား မျိုးနွယ်စုများကို သတိပေးအပ်ပါသည်။

အပစ်အခတ် ရပ်စဲပြီးလျှင်ပြီးချင်း ချက်ချင်း ဆိုသလို ကချင်ပြည်နယ် အတွင်းရှိ ကျွန်းသစ်များ ပြည့်နှက် ပေါက်ရောက်လျက် ရှိသော နေရာများ၌ သစ်ခုတ်လုပ်ငန်း အများအပြား သိသိသာသာ တိုးပွားလာခဲ့သည်။ တရားမ၀င်သော ရွှေတွင်းနှင့် ကျောက်စိမ်းတွင်းများလည်း ကျွန်ုပ်တို့၏ အဖိုးတန် မြစ်များတစ်လျှောက် နေရာယူလာကြသည်။ သစ်တောများ ခုတ်လှဲခံရခြင်း၊ ရေများ အဆိပ်သင့်ခြင်းနှင့် မြစ်ချောင်းများ၏ သဘာဝ သည်လည်း လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ရသည်။ ယင်းတို့၏ ကြီးမားသော ပျံ့နှံ့မှုများကြောင့် ရေလွှမ်းမိုးခြင်းနှင့် မြေစိုင်ကြော ပြတ်ရွေ့ခြင်းများကို ဖြစ်ပေါ်စေသည်။ အသုံးပြုပြီးသား ဆီများ၊ ပြဒါးနှင့် ဆိုင်ရာနိုက် ဓာတ်ပေါင်းများ စုပုံမှုများသည် ယခုအခါ သဘာဝ သားရိုင်း တိရစ္ဆာန်များနှင့် ဒေသခံ လူထုတို့၏ ကျန်းမာရေး အခြေအနေကို ခြိမ်းခြောက်လျက် ရှိနေပြီ ဖြစ်သည်။

တရုတ် စီးပွားရေးသမားများသည် စစ်အာဏာရှင် အားကိုးဖြင့် ကျွန်ုပ်တို့ ပြည်နယ်အတွင်းသို့ ချင်းနင်း ၀င်ရောက်လာပြီး ကေအိုင်အို နယ်မြေတစ်လျှောက်၌ ကာစီနို လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်း၊ ပြည့်တန်ဆာခန်းများ ဖွင့်လှစ်ခြင်းများကို ပြုလုပ်လာကြသည်။ တရုတ် ပညာရှင်များသည်လည်း ကျွန်ုပ်တို့၏ သဘာဝ သယံဇာတများကို ယူဆောင်သွားရန်အတွက် မြန်မာ့ စစ်အာဏာပိုင်များနှင့် ပေါင်းကာ လမ်းဖောက်ခြင်း၊ တံတားဆောက်ခြင်းများကို လုပ်ဆောင်ကြသည်။ တရုတ်သည် ရွှေ၊ ကျောက်စိမ်းနှင့် အခြားသော အဖိုးတန် ပစ္စည်းများကို ကုန်ကြမ်းများအနေနှင့် ဈေးသက်သက်သာသာ တင်ပို့ ၀ယ်ယူသွားပြီး အချောသတ်အဆင့် ထုတ်ကုန်များ ပြုလုပ်၍ နိုင်ငံခြား တိုင်းပြည်များသို့ ရောင်းချခြင်း အားဖြင့် များပြားလှသော အမြတ်ငွေများ ရရှိကြသည်။

စစ်အစိုးရ၏ စစ်တပ်များကလည်း လာရောက် စခန်းချခြင်း၊ ၄င်းတို့၏ စစ်စခန်းချရာ မြေနေရာများ၊ အုပ်ချုပ်ရေးရုံး အသစ်များကို နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်းနှင့် အလုပ်သမားများအား မတရား ခိုင်းစေခြင်း၊ အဓမ္မကျင့်ခြင်း အပါအ၀င် ဒေသခံ ပြည်သူများကို ဆန့်ကျင်သည့် မတရားပြုကျင့်ခြင်းများကို ကျူးလွန်လျက် ရှိသည်။

စစ်အာဏာပိုင်၏ အပေါင်းအဖော် ဖြစ်သူ အကြီးစား စီးပွားရေးသမား ဖြစ်သည့် ဌေးမြင့် နှင့် သူပိုင် ဖြစ်သော ယုဇန ကုမ္ပဏီတို့သည် ဟူးကောင်းကျေးရွာရှိ ပြည်သူတို့အား ၄င်းတို့၏ နေရပ်မှ အဓမ္မ ရွှေ့ပြောင်းခိုင်း၍ မြေဧကပေါင်း ၂၀၀,၀၀၀ ကို သိမ်းယူခဲ့ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ကျားထိန်းသိမ်းရေး စခန်းမှ သဘာဝလောင်စာဆီ ထုတ်လုပ်နိုင်မည့် တသီးစား အပင်များ စိုက်ပျိုးရေးကို လုပ်ဆောင်ခဲ့သည်။
တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သည် ယခုအခါ မေခနှင့် မေလိခ မြစ်များနှင့် ဧရာဝတီ မြစ်ဆုံပေါ်တွင် ဧရာမဆည်ကြီး ခုနစ်ခုကို တည်ဆောက်ရန် ဆောင်ရွက်နေပြီ ဖြစ်သည်။ ထိုမှ ရရှိမည့် လျှပ်စစ်ဓာတ်အား၏ ၉၀% ကို တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်ပြီး ဧရာဝတီ မြစ်ဆုံဆည် တစ်ခုတည်းကပင်လျှင် စင်္ကာပူနိုင်ငံ တစ်နိုင်ငံစာ ရေလွှမ်းမိုးလိမ့်မည် ဖြစ်သည့် အပြင် ရွာပေါင်း ၄၇ ရွာမှ ရွာသူရွာသား နှစ်သောင်းအား အဓမ္မရွှေ့ပြောင်းရန် ဖိအားပေးခဲ့သည်။

ထိုကဲ့သို့ သဘာဝ သယံဇာတများအပေါ် စည်းမဲ့ကမ်းမဲ့ အမြတ်ထုတ်မှုတို့မှ ပြင်းထန်ဆိုးရွားသော လူမှုရေး ပြဿနာများ ဖြစ်ပေါ်လာစေသည်။ မြေယာများအား နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်းနှင့် အဓမ္မ ရွှေ့ပြောင်းခိုင်းခြင်းတို့ကြောင့် ပြည်သူများ အိုးမဲ့အိမ်မဲ့ ဖြစ်ခြင်းနှင့် ၀င်ငွေ မရှိတော့ခြင်း (သို့မဟုတ်) ဘ၀၏ အဓိပ္ပာယ် မရှိတောု့ခြင်းတို့ ဖြစ်ပေါ်စေပြီး ၄င်းတို့အား ညစ်ညမ်းပြီး ကျန်းမာရေးနှင့် မညီညွတ်သော သတ္တုတွင်းများ၊ အိမ်နီးခြင်းနိုင်ငံများသို့ ရွှေ့ပြောင်းရန် ဖိအားပေးခြင်းတို့ ဖြစ်ပေါ်လာသည်။ ယင်းကဲ့သို့ ရွှေ့ပြောင်းရခြင်းများ အကြား၌ ဖြစ်ပေါ်လာရသည်မှာ မိန်းကလေးငယ်များအား တရုတ်နိုင်ငံသို့ လူကုန်ကူး ခံရခြင်း နှင့် သတို့သမီးအဖြစ် သို့မဟုတ် လိင်ဖျော်ဖြေရေးရုံများသို့ အရောင်းစားခံရခြင်းများပင် ဖြစ်သည်။

မူးယစ်ဆေး စွဲခြင်းသည် ယခုအခါ သတ္တုတွင်းများနှင့် မြို့ကြီးပြကြီးများတွင် အထူးရေပန်းစားလျက် ရှိသည်။ မြစ်ကြီးနားရှိ ရှာတာပူ နှင့် ဒူကထောင်း ကဲ့သို့သော မျိုးနွယ်စုများရှိ မိသားစုတိုင်းလိုလိုသည် ဘိန်းစွဲခြင်းကို တွေ့ကြုံ ခံစား နေကြရသည်။ ဟူးကောင်းကျေးရွာရှိ သတ္တုတွင်းလုပ်ကိုင်သည့် မြို့နယ်တစ်ခုတွင်မူ ခန့်မှန်းခြေအားဖြင့် သတ္တုလုပ်သား ၈၀% မှာ ဘိန်းမဲ စွဲနေကြသည်။ မူးယစ်ဆေး စွဲခြင်းနှင့်အတူ ရာဇ၀တ်မှုနှင့် လောင်းကစားခြင်း သည်လည်း တိုးပွားလျက် ရှိသည်။ မူးယစ်ဆေးစွဲခြင်းနှင့် လိင်ဖျော်ဖြေရေး ရုံများ တိုးပွားလာခြင်းသည် အိတ်ခ်ျအိုင်ဗွီ နှင့်အေအိုင်ဒီအက်စ် (HIV/AIDS) ရောဂါကို ပိုမို ဖြစ်ပွားစေသည်။

ကျွန်ုပ်တို့ မျိုးနွယ်စုများသည် ဖွံ့ဖြိုးတိုးတက်မှု ဟူသည့် ဆိုးကျိုး အကျိုးဆက်များကို ခံစားနေရချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတသစ် ဦးသိန်းစိန် အစိုးရအဖွဲ့သည် သတ္တုတွင်းများ လည်ပတ်မှုအတွက် အခွန်ငွေများ ကောက်ခံပြီး ပြည်တွင်းနှင့် နေပြည်တော်ရှိ အစိုးရ အာဏာပိုင်များသည်လည်း တွင်းထွက်များနှင့် သစ်ထုတ်လုပ်မှု စီးပွားရေး လုပ်ငန်းများဖြင့် ငွေကျပ် သိန်းပေါင်းများစွာ ရရှိနေပြီ ဖြစ်သည်။ ဒေသခံ ပြည်သူလူထု၏ အခြေအနေတို့ ဆိုးရွားသထက် ဆိုးရွား လာနေချိန်တွင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ အရာရှိများနှင့် ပုဂ္ဂလိက ကုမ္ပဏီများသည်လည်း သဘာဝ အရင်းအမြစ်များအပေါ် ခေါင်းပုံဖြတ်ခြင်းဖြင့် ရရှိသော အမြတ်ငွေများနှင့် ကြီးပွား ချမ်းသာနေကြသည်။

နိုင်ငံပိုင်အဖြစ် သိမ်းယူထားသော မြေယာများကို မူရင်း ပိုင်ရှင်များထံသို့ ပြန်လည် ပေးအပ်ရန် နှင့် အဖျက်သဘော လုပ်ဆောင်နေသည့် စီမံကိန်းများကို ရပ်တန့်ရန်အတွက် များစွာသော ဆန္ဒဖော်ထုတ်သည့် လက်မှတ်ရေးထိုး စာများနှင့် မေတ္တာရပ်ခံသော စာများကို အဆင့်ဆင့်သော အစိုးရဌာနများသို့ ပေးပို့ခဲ့ပြီး ဖြစ်သည်။

တရားဝင်သော အရေးကိစ္စများမှာမူ တရားမျှတစွာ စီရင်ဆုံးဖြတ်ရန်အတွက် နေပြည်တော် ဗဟို တရားရုံးသို့ တင်သွင်းပြီး ဖြစ်သည်။ သို့ရာတွင် ဗိုလ်ချုပ် သန်းရွှေနှင့် ဦးသိန်းစိန် အစိုးရလက်ထက်၌ ဖြစ်ပေါ်သော ပြဿနာများကိုမူ ပြန်လည် သုံးသပ် ဆုံးဖြတ်ခြင်းများ လုံးဝ ပြုလုပ်ခြင်း မရှိချေ။ ဤသို့အားဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ပိုမို အရှိန်အဟုန် အားကောင်းလာရခြင်း ဖြစ်သည်။

ထို့ကြောင့် ကချင်လူထု၏ ဖိအားပေးခံရမှုများနှင့် မြန်မာစစ်တပ်၏ နိုင်ငံရေးဆိုင်ရာ ထိုးနှက်ချက်များကြောင့် ကေအိုင်အို(KIO) / ကေအိုင်အေ(KIA) တပ်များသည် ကချင်နယ်မြေ တစ်ဝိုက်တွင် စတင် စောင့်ကြပ် ကာကွယ်ရခြင်း ဖြစ်ပြီး ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာလည်း ယမန်နှစ် ဂျွန်လမှ စတင်၍ အဆုံးသတ်ခဲ့ရလေသည်။

ကချင်ပြည်နယ်တွင် ကြုံတွေ့ရသော အတွေ့အကြုံမှာ ရှင်းလင်းလှသည်။ ဦးစွာ နိုင်ငံရေး အမြင်အရ မဆိုထားနှင့်၊ ကျွန်ုပ်တို့ နိုင်ငံအတွက် တရားမျှတမှုနှင့် လူမှုအကျိုးပြု ဖွံ့ဖြိုးတိုးတက်ရေး၌ ပင်လျှင် မျှတမှု မရှိနိုင်ပါ။

ကချင် လူမှု ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ (KDNG) မှ စာဂျီ သည် ကချင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများနှင့် စပ်လျဉ်း၍ လေ့လာစောင့်ကြည့် ခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ခုနစ်နှစ် ကတည်းက ဖြစ်သည်။

ယခုဖတ်ရှုရသော သဘောထားအမြင် အနည်းအကျဉ်းမှာ ရှည်လျားသော သုတေသနစာတမ်းကို အခြေခံထားခြင်း ဖြစ်ပြီး အပြည့်အစုံကိုမူ www.kdng.org တွင် ဖတ်ရှုနိုင်ပါသည်။

2 comments :

  1. Anonymous said... :

    don't say like that now,idiot..it's been several decades you kachin has governed ur place,why did u agree myanmar gov n china to freely exploit ur place at that time?then when there is war,you complain about the exploitation of myanmar gov n china...the answer is obvious, it's becuz ur kachin gov is also greedy n selfish, only know about ur own profit, then when ur profit hurts, u put all the blame to mm govenment n china...stupid

  1. Anonymous said... :

    At least, they( KIO) are doing the right thing right now.. Why can't you support them instead of blaming them..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved