လယ်သမားတွေရဲ့ လက်ငင်းဒုက္ခ

Friday, June 8, 2012




(မောင်ဝံသ-ပြောချင်လွန်းလို့)

လယ်သိမ်း မြေသိမ်းတာတွေ

စီးပွားရေးလုပ်ငန်းရှင်အချို့က နေရာအတော်များများမှာ လယ်ယာ မြေတွေကို နည်းမျိုးစုံနဲ့ မောင်ပိုင်စီးဖို့ ကြိုးစားခဲ့ကြတဲ့သတင်းတွေ ကြားသိနေရတယ်ဗျာ။ တစ်ချို့ဆိုရင် နိုင်ငံတော်က သိမ်းသလိုလိုနဲ့ နှစ်ပေါက် တစ်ပေါက်ရိုက်ခဲ့တယ်လို့ဆိုကာ လယ်သမားက တရား ပြန်စွဲမယ့် အခြေအနေမျိုးတောင် ဖြစ်ပေါ်ခဲ့တယ်ဗျ။

ကျွန်တော်တို့ ချစ်ခင်လေးစားရတဲ့ အနုပညာသည်ကြီး ကွယ်လွန်သူ ကိုမြတ်လေးရဲ့ ထောင့်သုံးရာပြည့် အရေးတော်ပုံ သီချင်းထဲက လယ်သမား သရုပ်ဖော် စာသားတချို့ကို သတိရမိတယ်ဗျာ။

"လယ်သမားဆိုတာ___ မွဲတေနုံချာ___ ဂုဏ်အသပြာ မစုံလှသမို့ ___ သုညမှာတောင်မှ အနုတ်လက္ခဏာ ပြတဲ့ ဘ၀သာသာ___ စားရတော့လဲ ၀မ်းမ၀ပါ___ ၀တ်ရတော့လဲ ခါးမလှပါ ___ အဖြည့်ခံသက်သက်တွေပါခင်ဗျာ___"

ဝေါမြို့နယ်က ညည်းသံညူသံတွေ

သုညမှာတောင် အနုတ်လက္ခဏာပြတဲ့ လယ်သမားတွေရဲ့ ဘ၀ဟာ ဒီနေ့ထိ မပြောင်းလဲသေးပါဘူး။ အချိန်ကာလတစ်ခုမှာ လယ်သမားတွေ ငွေစကြေးစ ရွှင်ခဲ့ဖူးပါရဲ့။ ဒေါ်လာဈေး ၁၂၀၀ကျော် ခဲ့ချိန်က လယ်ယာထွက် သီးနှံတွေ ဈေးကောင်းကောင်းရလို့ ရွာတွေမှာ သွပ်မိုးတစ်ဖွေးဖွေးနဲ့ ဖြစ်ခဲ့ကြတာ အမှန်ပါပဲ။

သို့ပေမယ့် ခုတော့ တစ်နိုင်ငံလုံး လယ်သမားအများစု ကပ်ဆိုက်နေကြပြီ။ သီးနှံတွေ ပျက်တာ၊ ဆုံးရှုံး တာ၊ အောက်ဈေးနဲ့ ရောင်းရတာ၊ အရင်းတောင် ပြန်မပေါ်တာ သုံးလေးနှစ် ဆက်တိုက်လို ဖြစ်ခဲ့၊ ကျွန်တော့် ဇာတိ ဝေါမြို့နယ်က ဆွေမျိုးသားချင်းတွေရဲ့ ညည်းသံညူသံတွေကို ကျွန်တော့်မှာ သက်ပြင်းပူကြီးတွေ မှုတ်ထုတ်လို့သာပဲ နားထောင်ခဲ့ရတယ်ဗျာ။


စိုက်ပျိုးရေးလုပ်ဖို့မဟုတ်

သည်ကြားထဲ ငွေရှင်ကြေးရှင်တွေက လယ်မြေတွေကြို မျက်စောင်းတထိုးထိုးနဲ့ မောင်ပိုင်စီးဖို့ အကြံအဖန်တွေ လုပ်ခဲ့ကြတယ်ဗျ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လယ်မြေ ဧက ထောင်သောင်းချီပိုင်ဆိုင်ပြီး စက်မှု စွမ်းအား နဲ့ ခေတ်မီနည်းပညာတွေနဲ့ စိုက်ပျိုးထုတ်ကုန်တွေ အကြီးးအကျယ် ထုတ်လုပ်သူတွေအကြောင်း ဖတ်ဖူးလေ့လာဖူးပါတယ်။

သို့ပေမယ့် အခု ကျွန်တော်တို့ဆီမှာ လယ်မြေတွေ အကြံအဖန်နဲ့ မောင်ပိုင်စီးဖို့ ကြိုးစားနေသူတွေက အဲသလိုမျိုး မဟုတ်ပေဘူးဗျ။ သူတို့အကြံက မကြာခင် နိုင်ငံခြားက ၀င်လာတော့မယ့် ရင်းနှီး မြှုပ်နှံသူတွေ လက်ထဲ မတန်တဆအကျိုးအမြတ်ယူပြီး လက်လွှဲရောင်းစား ကြမှာဖြစ်တယ်ဗျာ။ လယ်သမားဆီက တစ်ဧက ၃သိန်းလောက်နဲ့ ခြိမ်းခြောက်ပြီး ရယူထားတဲ့ မြေတွေကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေလက်ကို တစ်ဧက သိန်း ၃၀၀၀ လောက်နဲ့ ပြန်ရောင်းကြမှာ ဖြစ်တယ်ဗျ။

ဗိုလ်ချုပ်က ဘယ်လို ပြောခဲ့သလဲ

ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ငွေရှင်ကြေးရှင်တွေ ခြယ်လှယ် ချင်သလို ခြယ်လှယ်နိုင်မယ့် အနေအထားမျိုးကို ခွင့်ပြုလိမ့်မယ်လို့ ကျွန်တော်တော့ လုံးဝ မယုံကြည်ဘူးဗျ။

ဒီလို အကြောင်းအရာမျိုးကို မြန်မာ့လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်လိုများ ရှုမြင်ခဲ့လေမလဲ လို့ သိချင်တာနဲ့ ဗိုလ်ချုပ် မိန့်ခွန်းများ စာအုပ်မှာ ရှာဖွေကြည့်တော့ တွေ့ရပါကောလားဗျာ။ ၁၉၄၆ခု ဇန်န၀ါရီလ ဖဆပလ ပဏာမညီလာခံကြီးမှာ ဗိုလ်ချုပ် အောင်ဆန်းက -

"အမှန်ကတော့ ဘယ်နိုင်ငံရေး၊ စီးပွားရေးစနစ်မှ အမြဲ တည်တံ့တာ မရှိဘူး။ သူ့အချိန် သူ့အခြေအနေ အလိုက် ဖြစ်လာကြတာပဲ။ ဒီတော့ ကျွန်တော်တို့ ဗမာပြည်အဖို့မှာတော့ အလယ်အလတ်အဆင့်မှာ ရှိတဲ့ ဒီ အရင်းရှင်ကို စနစ်ကျော်မသွားသေးပေမယ့် အဲဒီစနစ် ထင်တာ မလုပ်နိုင်ဘဲ ဒီစနစ်ကို အမြန်ဆုံးကျော်သွားနိုင် မယ့် စီးပွားရေး သဘောတရားတွေကို အခြေခံပြီး တိုင်းပြည်တည်မှသာလျှင် တကယ့် ဒီမိုကရေစီ နိုင်ငံ ကို ရောက်အောင် သွားနိုင်လိမ့်မယ်။ တကယ့် ဒီမိုကရေစီဆိုတာ နိုင်ငံရေးသဘောတရား အရ ပြည်သူတွေရဲ့ အကျိုးအတွက် ပြည်သူတွေက တင်မြှောက်တဲ့ ပြည်သူတွေရဲ့ အစိုးရ ဖြစ်ရုံနှင့် မပြီးသေးဘူး။ အဲဒီအစိုးရ ဟာ ပြည်သူတွေရဲ့ လက်ငင်း စီးပွားရေး အဆင့်အတန်းကို အခွင့်အရေး တန်းတူရနိုင်တဲ့ အခြေ အထိ မြှင့် တင်နိုင်အောင် ဆောင်ရွက်ပေးမှ တကယ့် ဒီမိုကရေစီအထိ လှမ်းတက်နိုင်မယ်" လို့ ဆွေးနွေးလမ်းညွှန်ခဲ့ တယ်ဗျ။

ငါးမူး သုံးမူးတစ်ပဲ ဒီမိုကရေစီ

"အခု ဒီမိုကရေစီခေါ်နေတဲ့ တိုင်းပြည်တွေအများဟာ တကယ့် ဒီမို ကရေစီတွေ မဟုတ်ဘူး။ ငါးမူး သုံးမူးတစ်ပဲ လောက်ပဲ။ ဒီမိုကရေစီတွေ ဖြစ်ကြသေးတယ်။ အဲဒီ ဒီမိုကရေစီတွေဟာ အရင်းစစ်လိုက်တော့ အရင်းရှင် ခေါ်တဲ့ပစ္စည်း၊ အရင်းရှင်တွေ စီးပွားရေး ခြယ်လှယ်တဲ့ စနစ်အခြေခံတဲ့ ဒီမိုကရေစီတွေ ဖြစ်တယ်။ တစ်နည်းအားဖြင့် အရင်းရှင်တွေရဲ့ အာဏာရှင် စနစ်အုပ်ချုပ်ရေးကို ဒီမိုကရေစီဆိုလို့ ဘမ်းပြပြီးထားတဲ့ အုပ်ချုပ်ရေးပဲ"လို့ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ကြားခဲ့တာ ဟာ ခေတ်အဆက်ဆက် မငြင်းနိုင်တဲ့ အမှန်တရားတွေ ဖြစ်နေပါတယ်။

ကျွန်တော်ကတော့ လက်ရှိ ကျွန်တော်တို့ လယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေဟာ ဗိုလ်ချုပ်အောင်ဆန်း အမြော်အမြင်ကြီးစွာ သတိပေးသွားတဲ့ 'ဘမ်းပြဒိမိုကရေစီ'ပုံစံမျိုးဆီကို ဦးတည်သွားမှာ အလွန်စိုးရိမ်နေမိတယ်ဗျ။

ကျေးရွာအုပ်ချုပ်ရေးမှူးအချို့လုပ်ပုံ

လယ်သမားတွေရဲ့ ဘ၀နဲ့ ခံစားချက်အကြောင်း ပြောနေတုန်း ပြီးခဲ့တဲ့ အပတ် ပြည်သူ့ခေတ်မှာ ကျွန်တော်ရေးခဲ့တဲ့ "ဖယောင်းတိုင်မီးနဲ့ ကျွန်တော်" ဆောင်းပါးထဲက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိစ္စ ဖော်ပြ ခဲ့တာကို ဖြည့်စွက်ပေးတဲ့ စာတချို့ ရရှိခဲ့တယ်ဗျာ။

ချင်းတွင်းကိုကို ကလောင်အမည်ခံသူ မိတ်ဆွေသတင်းထောက်က ခုလို ရေးလိုက်ပါတယ်။
မည့်သည့်ထောက်ခံချက်မဆို....၅၀၀ကျပ်နှင့် ၂၀၀၀ကျပ်အတွင်း (အေဖိုးစာရွက် ထက်ဝက်ပြတ်ကို ကွန်ပြူတာနဲ့ စာစီ လက်မှတ်ထိုး ထားတာ...ဒါတောင် မကိုက်ဘူးဆိုပဲ ဆရာ) နောက်...ဧည့်စာရင်း တိုင်ရင် တစ်ယောက်ကို ဘယ်လောက်. ......။ ဟိုတစ်လောက ဧည့်စာရင်း စစ်တာ မိတဲ့ လူငယ်လေး တစ်ဦးက ပြောတယ်။ မှတ်ပုံတင် သိမ်းသွားတယ်တဲ့ ...လာရွေး ...၅၀၀၀ ကျပ်တဲ့.....။

နောက် အိမ်ခြံမြေ ရောင်းမယ် ၀ယ်မယ် ဆိုရင် အရောင်းအ၀ယ် စာချုပ်ချုပ်မယ်ဆိုရင် တန်ကြေးပေါ် မူတည်ပြီး ....ပိုက်ဆံရတတ် တောင်းတတ်ပါ တယ်။ (ရန်ကုန်တော့ မသိပါ) ....။ နောက် ရပ်ကွက် အတွင်း ပြဿနာပေါ်လို့ လိုက်ရှင်းပေးရရင် ....ဘယ်အမှုက ဘယ်လောက် ၊ ဘယ်အမှုက ဘယ်ရွေ့ ....။ မြစ်ချောင်းဘေးက ကျေးလက်တွေဆိုရင် သောင်လေးတွေ မြေနုကျွန်းလေးတွေ ပေါ်လာပြီ ဆိုရင် ရပ်ကွက် ဥက္ကဌ..ဆိုသူက အကောင်းဆုံး နေရာတွေကို သူရောင်းစား ...ကျန်သူတွေကို ဝေချမ်းပေး ( ပိုက်ဆံများများပေးနိုင်သူ ကိုနေရာကောင်းပေါ့ ) .......အဲလို အဲလို ...လေးတွေ ရသဗျ....။

ဒါလေးတွေက ဥပမာ ပါဗျာ......ကျွန်တော့် အသိ ဘုန်းကြီးလူထွက် တစ်ယောက် ဥက္ကဌ လုပ်ချင်လို့ ပိုက်ဆံ အကုန်ခံပြီး လုပ်နေတယ်။ လက်ရှိလည်း ရပ်ကွက် တစ်ခု ရဲ့ ဥက္ကဌ ပါ .....။ အဲလို ဆိုတော့ ဆရာရယ်.. ....ကျွန်တော် တောင် ရပ်ကွက် ဥက္ကဌ ...ဈေးကွက် ဆိုပြီး ရေးရင် ကောင်းမလား စဉ်းစားနေတာ.....။

အရည်အချင်းပြည့်ဝဖို့

လယ်သမားတွေခမျာ နေရာအတော်များများမှာ အဲသလို အုပ်ချုပ်ရေးမှူး ဆိုသူတွေရဲ့ အာဏာပြမှု အနိုင်ကျင့် မှုတွေကိုပါ ခါးစည်းခံနေကြရတုန်းပဲ ဆိုတာ အထင်အရှားပါ။ လယ်တွေပျက်စီးဆုံးရှုံးရတဲ့ကြားမှာ ရေနစ်သူ ၀ါးကူထိုးနှစ် ခံရသလို ဖြစ်နေကြရှာတယ်ဗျ။

အုပ်ချုပ်ရေးမှူးဆိုတဲ့ ရာထူးနာမည်က အတော်ကြီးကျယ်ပါတယ်ဗျာ။ နာမည်ကြီးကျယ်သလောက် လူတွေကလည်း အရည်အချင်း ပြည့်ဝဖို့ လိုမယ်ထင်တယ်ဗျ။ သူတို့အတွက် အရည်အချင်းကတော့ ဘွဲ့တွေ ဒီဂရီတွေ ပြနိုင်ဖို့ မလိုပါ။ ရပ်ကွက် ကျေးရွာနေ ပြည်သူများကိုယ်တိုင် လွတ်လပ်စွာ လျှို့ဝှက်ဆန္ဒမဲနဲ့ ကြည်ကြည်ဖြူဖြူ ရွေးကောက် တင်မြှောက်ခံရသူတွေ ဖြစ်ဖို့ပါပဲဗျာ။

၀၁ ၀၆ ၂၀၁၂
maungwuntha@gmail.com
(ပြည်သူ့ခေတ်ဂျာနယ်၊အတွဲ-၂၊အမှတ်-၉၇၊၂၀၁၂ခုနှစ်၊ ဇွန်၇)

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved