၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနှင့် တွေ့ဆုံခြင်း

Tuesday, June 5, 2012

မြို့တော်ခမ်းမရှေ့ မွတ်ဆလင်တချို့ဆန္ဒပြနေစဉ် ကိုမြအေး ရောက်ရှိခိုက်

Messenger Journal က ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးနဲ့ တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ပါတယ်။


မေး။ ။ ခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ် မြန်မာနိုင်ငံသားတစ်ယောက်အနေ နဲ့ရော အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ရော ၈၈ မျိုး ဆက်ကျောင်းသားတစ်ယောက်အနေနဲ့ရော ဘယ်လိုရှုမြင် ပါသလဲ။

ဖြေ။ ။ အခု အဖြစ်အပျက်က ကျောက်နီမော် လူသတ်မှုပေါ့။ ဒါက လုံးဝမဖြစ်သင့်ပါဘူး။ ဒီ ရခိုင်အမျိုးသမီးလေး မသီတာထွေးကို မတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါ။ ဒီကိစ္စနဲ့ပတ်သက် ပြီး ကျူးလွန်တဲ့ တရားခံသုံးယောက်ကို ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူသင့်ပါတယ်။ တဆက်ထဲ မှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်တာကလည်း ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ မရှိပါ ဘူး။ ဒီလိုကိစ္စတွေကိုလည်း ရာဇဝတ်မှုလို့ မြင်တယ်။ ဒါကိုလည်း ဥပဒေအကြောင်းအရပဲ အရေးယူစေချင်ပါ တယ်။ နောက်တစ်ခုပြောချင်တာက ကျွန်တော် ဒီနေ့ ဒီအချိန်မှာ အသွင်ကူးပြောင်းရေးကာလပေါ့။ လူမျိုးရေး ဘာသာရေးကို အခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ် စုက ဖန်တီးဖန်တီး ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။

မေး။ ။ သမိုင်းမှာလည်း ဒီလိုပဋိပက္ခတွေ ရှိခဲ့တယ်။ အခု အချိန်မှာလည်း လူတချို့ရဲ့ စိတ်ထဲ တစ်ခုခုလုပ်မယ် စိတ်မျိုးဝင်နေရင် ဦးမြအေးတို့အနေနဲ့ ဘယ်လို ဖြေရှင်းပေးချင်သလဲ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရင် ဒါက ရိုဟင်ဂျာအရေးပေါ့နော်။ တကယ့်ရိုဟင်ဂျာအရေးကို အကြောင်း ပြပြီး အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ အရေး လိုဖန် တီးနေတဲ့ လူတွေရှိတယ်။ ရိုဟင်ဂျာအများစုက အစ္စလာမ် တွေလေ။ ဒါကို အကြောင်းပြုပြီး အစ္စလာမ်ဘာသာဝင်တွေ အရေးဆိုပြီး လုပ်နေတဲ့အစွန်းရောက်တဲ့ သူများရှိပါတယ်။ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ပါဘူး။ ကျွန်တော်တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့က ရိုဟင်ဂျာ မဟုတ်ဘူး။ နောက်တစ်ခုကို ရခိုင်လူမျိုးတွေကို ပြောချင်တယ်။ မှန်ပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလား ဒေ့ရှ်နဲ့ ကပ်နေလို့ ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါ ကျွန်တော်လုံးဝ နားလည် တယ်။ ဒီလိုမဟုတ်ရင် သန်းရာ ကျော် နိုင်ငံကနေ ပြိုလာမယ့် လူမျိုးတွေအနေနဲ့ ရခိုင် အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်း နားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ် ကလာ တဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမျာ ပြည်တွင်းမှာရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်းပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။ ဒါ လူမျိုးရေး ကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော်လည်း ကျွန်တော်တို့ အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။

မေး။ ။ အခု ဖြစ်ခဲ့တဲ့ကိစ္စမှာ နိုင်ငံရေးပါတီတွေ ပါဝင်ဖြန်ဖြေတာမျိုး မတွေ့ရသေးဘူး။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ကျွန်တော် ထင်ပါတယ်။ နိုင်ငံရေးပါတီတွေပဲ လုပ်ကြပြောကြမှာပါ။ ကျွန်တော်တို့အနေနဲ့ ကတော့ ဒီနေ့ ပြုပြင် ပြောင်းလဲတဲ့အချိန်ဆိုတော့ စိတ်ပူတယ်။ အခြေခံ ဖွဲ့စည်းပုံဥပဒေအရ ဆူပူမှုဖြစ်ရင် တပ်မတော် ရဲ့အခန်း ကဏ္ဍ၀င်လာပြီးတော့ ထိန်းသိမ်းမယ်လို့ ပြဌာန်းထားတာရှိတယ်။ အားလုံးပဲသိပါတယ်။ အဲဒီ အခြေအနေကို ပြန်မရောက်စေချင်ဘူး။ အမုန်းတရားပေါ်မှာ အခြေခံတဲ့ သွေးချောင်းစီး လူသတ်မှုတွေ မဖြစ်စေချင်ဘူး။ ကျွန်တော်တို့အားလုံး ချစ်ချစ်ကြည်ကြည် ရင်းရင်းနှီးနှီး၊ ပြဿနာဖြစ်ရင်လည်း ညှိနှိုင်း တိုင်ပင်စေချင်တယ်။ အဲဒါ ရင်ထဲက ဆန္ဒပါ။

မေး။ ။မေလ ၂၈ ရက်နေ့က ရခိုင်အမျိုးသမီးလေး သတ်ခံရတဲ့ကိစ္စ၊ ပြီးတော့ ရိုးမသစ္စာယာဉ် ဖျက်စီးခံရပြီး လူ ၁၀ ယောက် အသက်ဆုံးရှုံးသွားရတဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး ခု ရန်ကုန်အထိ ဆန္ဒထုတ်ဖော်တာတွေရှိလာတယ်။ အဲဒီရဲ့ အကျိုးဆက်အဖြစ်ဘာတွေရှိလာနိုင်လဲ။

ဖြေ။ ။ ဒီနေရာကနေ တစ်ဆက်ထဲ ကျွန်တော် အကူအညီ တောင်းချင်တာက ဆရာတော်ကြီးတွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေက သက်ဆိုင်ရာ အာဏာပိုင်တွေရော အကုန်လုံး ကျွန်တော်တို့ ဝိုင်းဝန်း ထိန်းသိမ်း သင့်တယ်။ မဟုတ်ရင် အလားလာကောင်းတော့ မတွေ့ဘူး။ ကျွန်တော် အရမ်းစိတ်ပူနေတယ်။ အရမ်းလဲ စိုးရိမ်ပါတယ်။ နောက်တစ်ခုပြောချင်တာက ကျူးလွန်တဲ့သူတွေကို ထိထိရောက် ရောက် အရေး ယူပေးပါ။ အလားတူ ၁ဝ ယောက် အသတ် ခံရတာကိုလည်း စုံစမ်းရေးကော်မတီဖွဲ့ပြီး ဥပဒေအကြောင်း အရ ထိထိရောက်ရောက် အရေးယူပေးပါ။ ရာဇ၀တ်မှုကို ရာဇဝတ်မှုလို့ မြင်ပေးပါဗျာ။ အဲဒီထဲမှာ လူမျိုးရေး ဘာသာရေးတွေ အဆိပ်မခပ်စေချင်ဘူး။ ကျွန်တော် အစိုးရ သတင်းစာထဲမှာပါတဲ့ စကားလုံးတွေ ကို ပြောချင်တယ်။ ကျွန်တော်တို့ ခင်ဗျားတို့လည်း မှုခင်းဂျာနယ်တွေ ဖတ်ဖူးတယ်။ ဖတ်တဲ့အခါ မုဒိမ်းမှု ကျူးလွန်တာ လူသတ်မှုကျူးလွန် တာ ဖတ်ရတဲ့အခါတိုင်းမှာ ဘာသာလူမျိုးရေးထားတာ မတွေ့ဖူးဘူး။ ဒီပြဿနာဖြစ်တဲ့ အခါမှဘာသာ လူမျိုးကို ခွဲခြားဖော်ပြထားတာ ရိုးသားမှုရှိသလား၊ မရှိဘူးလားဆိုတော့ ကျွန်တော်တို့ စဉ်းစားစရာရှိတယ်။ မွတ်စလင်ကုလားလို့ သုံးတဲ့ အသုံးအနှုန်းက ကျွန်တော့်အသက် ၄၆ နှစ်ရှိ ပါပြီ။ တစ်လျှောက်လုံးမှာ အစိုးရက ခုလို တရားဝင် သုံးတာ မတွေ့ဘူးပါဘူး။ သုံးနှုန်းတဲ့ အသုံးအနှုန်း ပုံစံကို ကျွန်တော် လုံးဝမကြိုက်ဖူး။ ဒါက Yellow Journalism ပဲ။ နိုင်ငံသတင်းစာကြီးအနေနဲ့ ဒီလိုမျိုးမရေး သင့်ဘူး။ ကျူးလွန်တဲ့လူကိုလည်း အရေးယူသင့်တယ်။ ကျွန်တော့်ခံစားချက်ကိုပြောရင် ဥပဒေအကြောင်း အရ ဖြေရှင်းပါ။ မသက်ဆိုင်တဲ့သူတွေကို မလုပ်ပါနဲ့။ အလားတူ လူမျိုးရေးဘာသာရေးကို ဖြေရှင်းတာ ပြဿနာတစ်ရပ်အနေနဲ့ ဘယ်လိုမှ မရနိုင်ဘူး။ ကျွန်တော် မေတ္တာရပ်ခံပါတယ်။ ဒီပြဿနာတွေ မဖြစ်အောင် အရေးယူပါ။ ကျွန်တော့် အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ်ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့ သန်း ( ၆၀ ) အတွက် ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာ ကိစ္စကို ထပ်ပြောပါမယ်။ ရိုဟင်ဂျာ အရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကို လည်း ကျွန်တော်တို့ကာ ကွယ်တာဆီး၇မှာဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသော အစ္စလာမ် ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်းသတိပြုရမှာဖြစ်ပါတယ်။

မေး။ ။ အခု ရခိုင်၊ မြန်မာနဲ့ အစ္စလာမ်ဘာသာ ၀င်တွေ ကြားမှာ ဒီကိစ္စကြောင့် သံသယတွေ ရှိလာကြမယ်၊ မလုံခြုံမှုတွေ ခံစားနေကြရမယ်ဆိုရင် သူတို့အနေနဲ့ ဘယ်လို ခံယူချက်မျိုး ထားသင့်တယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ ဘာသာရေးကို တကယ်တမ်းကိုးကွယ်ရင် ဘာသာရေးက ဆုံးမတဲ့အရာတွေကို လေးစား လိုက်နာရမှာပါ။ ကျွန်တော်သိသလောက် ကျွန်တော် သိမ်ဖြူကျောင်းတိုက်ကြီးဘေးမှာ နေဖူးတယ်။ ကျွန်တော် နားလည်သလောက် ဗုဒ္ဓဘာသာရဲ့ အဆုံးအမက မေတ္တာတရားပါ။ မေတ္တာနဲ့ ကမ္ဘာကြီးကို ဖြန့်ကျက်တာပါ။ ဗုဒ္ဓဘာသာဝင်တွေက မေတ္တာတရားလက်ကိုင်ထားကြတာကို လက်ခံထားပါတယ်။ အလားတူပဲ အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူများသားသမီးကို သတ်ဖြတ် ဖျက်စီးရမယ်လို့ မပြဌာန်းထားပါဘူး။ ကိုယ့်ထဲမှာရှိတဲ့ အကျင့်ဖောက်ဖျက်သူတွေကို ဘာသာရေး ခေါင်းဆောင်တွေက ထိန်းသိမ်းပါ။ ဒါမှ လူတွေက ကိုယ်ကျင့် တရားအတိုင်း စွမ်းဆောင်နိုင်မယ်။ ဘာသာရေး အသွင်သဏ္ဍာန်ဆောင်လို့ ဘာသာရေး အဆုံးအမ နာခံကြ မယ်ဆိုရင် ငြိမ်းချမ်းမှုကို ခံယူပါ။ ငြိမ်းချမ်းစွာ ဖြေရှင်းပါ။ ဘာသာတရားရဲ့ အဆုံးအမကို ခံယူပါလို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရိုဟင်ဂျာအရေးကို မြန်မာနိုင်ငံထဲမှာ လက်ခံဖို့ ပြည်ပမီဒီယာတွေက အမျိုးမျိုး ဖိအားပေးတယ်။ ပြည်တွင်းမီဒီယာတွေက ပါးစပ်ပိတ်နေကြတယ်လို့ ပြောနေကြတယ်။ ဒီရိုဟင်ဂျာအရေးကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာ သဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီက ပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေကို အရေး ကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အနေနဲ့က မြန်မာပြည် မှာ နေပြီး၊ မြန်မာပြည်ကို ချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာ ကြီးတယ်။ အဲဒီအတွက် အမေကို ကျော်ပြီးဒွေးတော်လွမ်းနေစရာ အကြောင်းမရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့ စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။ ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာဖြစ်ပါတယ်။ ဒါက ရခိုင်ပြည်နယ်တစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာလည်း တရုတ်နိုင်ငံ ရှိနေပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ သန်းပေါင်း ၆၀ သော ပြည်သူတွေရဲ့ အနာဂတ်အတွက် စဉ်းစားရမှာပါ။ ပထ၀ီဝင်နိုင်ငံရေးအရ ကျွန်တော်တို့ နိုင်ငံဟာ လူဦးရေ သန်း ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယက တစ်ဘက်၊ တရုတ် က တစ်ဘက် ကြားမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့ရဲ့အမျိုးသားရေး ခံကတုတ်၊ ယဉ်ကျေးမှုခံကတုတ်ကို မပြင်နိုင်ရင် ကျွန်တော်တို့ ကျွန်ဖြစ်လိမ့်မယ်။ ရေစုန်မြောလိမ့်မယ်။ အဲလိုကတော့ ကျွန်တော်တို့မှာ ရှင်းလင်း ပြတ်သားတဲ့ အတွေးအခေါ်ရှိပြီးသားပါ။ ဒါ လူမျိုးရေးနဲ့ မဆိုင်ဘူး။ တိုင်းပြည်အတွက် ထားရ မယ့် နိုင်ငံရေး သမားစိတ်ဓါတ်ပဲ။

20 comments :

  1. ဒီလိုသာ နိုင်ငံရေးမတည်မငြိမ်နဲ့ ဆူဆူပူပူ ပြန်ဖြစ်လာမယ်ဆိုရင်တော့ နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ပြည်သူကို ပေးထားတဲ့ အာဏာကို တစ်နှစ်အတွင်းမှာ ပြန်သိမ်းခံရနိုင်တယ်

  1. ဘယ်ဘာသာဝင် ဖြစ်ဖြစ် ဘယ်လူမျိုးဖြစ်ဖြစ် ပြစ်မှုကျူးလွန်ရင် တရားဥပဒေအတိုင်း စီရင်သော ထိုက်သင့်တဲ့ အပြစ်ဒဏ် ခံကြရမှာ အမှန်ပင်ဖြစ်ပါသည်။ ပြစ်မှုကျူးလွန်သူတွေကြောင့် လူမျိုးတူ ၊ ဘာသာတူ သော အခြားပုဂ္ဂိုလ်များကို (Rule of Law ) နဲ့ ဆန့်ကျင်သော အပြုအမူ အပြောအဆိုမျိုး၊ လူမျိုးရေး ပဋိပက္ခများဖြစ်ပွားအောင် ပြုလုပ်မိသည့်အနေအထားမျိုးမဖန်တီးကြပါရန်
    ပြည်သူနှင့် နိုင်ငံ့အကျိုး ကိုရှေးရှုပြီး Myanmar Wisdom Light Page ( MWL ) ( www.facebook.com/myanmarwisdomlight ) နှင့် ဥာဏ်ကြီးရှင်မဟုတ်သူများ ( Non- Think Tanks' Group ) က အလေးအနက် နှင့် အနူးအညွတ် မေတ္တာရပ်ခံ အပ်ပါသည်။

  1. ant said... :

    ဒါဆိုရင် ဒီပဲယင်း အရေးအခင်းမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ တရားခံတွေကိုလဲ အမြန်ဆုံးဖော်ထုတ် အရေးယူပေးပြပါ

  1. anawmar said... :

    ကိုမြအေးပြောတာ အမှားတစ်ခုမှမပါပါဘူး။ မျှတစွာ ရှုမြင် သုံးသပ်ပေးကြပါ

  1. Good thinking and talking by Ko Mya Aye. It should be different between Myanmar-Muslims and Rohingyas (Bangladeshi).

    Myanmar people will clear about it if Myanmar-muslims Association can release a statement that they do not support Rohingyas. Did they do it before??? Why???

    By the way, why Ko Mya Aye's daughter was so famous in standing by the side of Rohingyas???

  1. May said... :

    I really appreciate all the efforts of Ko Mya Aye.

  1. Anonymous said... :

    I absolutely agree with you, Ko Mya Aye. Very well said. I admire you for what you have gone through, your balanced views and your patriotism for our country. We need more people like you who promotes peace. I always feel sad everytime I see derogatory comments on good-will democracy supporters who happen to be of Islam religion. Violence and narrow-mindedness will not get us anywhere. The media is responsible for promoting messages like this, but NOT dividing Burmese people.

    *A Peaceful Buddhist*

  1. Anonymous said... :

    အခု ဒီအရေးအခင်းကို တကယ်ပူပန်နေကြတာ ကိုမင်းကိုနိုင်နဲ့ 88 ကျောင်းသားများအဖွဲ့ ဘဲ ရှိတယ်.. တိုင်းပြည်ကို ကိုမင်းကိုနိုင်နဲ့ အဖွဲ့ ဟာ အင်မတန်ချစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အရင်ကလည်း တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ အတွက် အရမ်းကို ပေးဆပ်ခဲ့သလို အခုလည်း ပူပန်ရုံတင်မက ၀င်ရောက်ပြီး ဖြန်ဖြေ ဖြေရှင်းပေးနေတယ်။ အဲ့ဒီ့အတွက်အထူးကိုကျေးဇူးတင်မိပါတယ်။

    အစိုးရကတော့ ဘယ်လောက် အုပ်ချုပ်မှု့ ကောင်းတယ်ဆိုတာ မိန်းကလေး ဒီလို ပက်ပက်စက်စက် ဖြစ်တာလည်း မသိဘူး။ ဒီလိုသတ်မယ်မှန်းသိရဲ့ နဲ့ လူအုပ်ကိုလည်း မတားခဲ့ပါဘူး ။ လွှတ်ပေးခဲ့တယ်တောင် ထင်ရပါတယ်။ တရားဥပဒေစိုးမိုးမှု့ လည်း မရှိပါဘူး။ ဘင်္ဂါလီတွေ ၀င်နေတာလည်း ဒီအတိုင်းကြည့်နေတယ်။ နောက်ဆုံးတော့ အရင်းစစ်လိုက်ရင် အစိုးရ အသုံးမကျလို့ ဘဲ ဆိုတာ ပေါ်လွင်ပါတယ်။

    ပြည်ပမီဒီယာတွေနဲ့ ပြည်တွင်းမီဒီယာတွေကတော့ ကိုယ့်လူမျိုးအသက်ခံရတော့မှ စပြီးအော်ကြပါတယ်..ပြည်ပက မြှောက်ထိုးပင့်ကော် ပိုလုပ်ပါတယ်။ ရခိုင်မလေး မသီတာထွေး ကိစ္စမှာတုန်းကတော့ ဒီလောက်ပွက်လောက်ရိုက်နေတာကို မီဒီယာ အားလုံးက မသိကျိုးကျွံပြုပါတယ်.. ရိုဟင်ရျာကိစ္စမှာလည်း ဒီအတိုင်းပါဘဲ။ အကြားအာရုံမဲ့နေကြပါတယ်။ ဘာဘဲဖြစ်ဖြစ်အခု Messenger Journal နဲ့ ကိုမြအေး အင်တာဗျူးကို ဖတ်ရတော့ သဘောထားကို ပိုရှင်းရှင်းလင်းလင်းသိရပါတယ်။ ကိုမြအေးလိုမျိုး မြန်မာပြည်မှာနေကြတဲ့ မွတ်စလင်တွေ အကုန်လုံး တစ်သဘောတည်း ရှိကြပါစေလို့ နောက်ဆုံးမှာဆုတောင်းရမှာပါဘဲ။

  1. hein said... :

    ကိုမြအေးတို့ သားအဖ က ဘယ်လိုတုန်း.. အဖေက သမီး ကိုထိမ်း မနိုင်ဘူးလား... ခင်ဗျား က ရခိုင်လူမျိုးတွေ ဖက်ကရပ်တည်မယ်ဆိုတော့ကာ.. ခင်ဗျားသမီးနဲ့ ရန်ဖက်ဖြစ်နေပြီလေ.

  1. Anonymous said... :

    Narrow-mindedness includes not being able to see people as individuals regardless of their religion, ethnicity, gender and who they are related to. It wont get us to a peaceful democratic country. A father and a daughter each has the rights to have their own views. The father is not to be blamed for his daughter's view and vice versa.
    *A Peaceful Buddhist*

  1. Anonymous said... :

    Well said,Ko Mya Aye.
    Nobody can fault your patriotism with very right and clear
    attitude. i hope all of your fellow muslims people have same attitude like you.

  1. Anonymous said... :

    88 ကျောင်းသားကိုမြအေး ရဲ့ ရိုဟင်ဂျာ အပေါ်သဘောထားကို အတိအလင်းဖေါ်ထုတ်ပြပါ
    ရိုဟင်ဂျာ က မြန်မာတိုင်းရင်းသား ဟုတ်ပါသလား
    ကိုမြအေး ရိုးသားစွာ ဖြေကြားပေးစေလိုပါတယ်

  1. Ye said... :

    ကျေးဇူးပြုပြီး ဧရာဝတီ သတင်း အင်္ဂလိပ် စာမျက်နှာ ထက်မှာလေ့ ဖေါ်ပြပေးပါ...

  1. Anonymous said... :

    တရားဥပဒေ စိုးမိုးရေး အတွက် မြန်မာ မွတ်ဆလင် လူမျိုး
    တွေပြောမယ်ဆိုရင် ၊ ကချင်ပြည်နယ်ကစစ်ပွဲတွေ ၊ ကရင်ပြည်နယ်က စာမသင်ရတဲ.
    ကလေးတွေ ၊ အဲဒီဟာတွေကေ၇ာ မြန်မာ မွတ်ဆလင် လူမျိုး တွေနဲ. မဆိုင်ဘူးလား ၊
    ကိုယ်.အမျိုးထိမှ နာမယ်ပြောမယ်ဆိုရင် ၊ လူမျိုးရေး ခွဲခြားတာပေါ.၊ မဟုတ်ဖူးလား ။

  1. Anonymous said... :

    သူကတော့ ရိုဟင်ဂျာ ကို လက်မခံဆိုပဲ.. သူ့သမီးကျ တော့ ရိုဟင်ဂျာ ရိုဟင်ဂျာနဲ အော်နေလေရဲ့...

  1. Anonymous said... :

    အနောက်ဖက်က ဘင်ဂါလိပြသနာလိုအတူအရေးကြိးတာက
    မြောက်ဖက်ကကျူးကျော်လာတဲ့တရုတ်တွေကိုလဲမျက်ခြေမပြတ်ဖို့လိုပါတယ်။
    အဓိကတရားခံကအစိုးရနဲ့မတရားလပ်စားတဲ့လဝကတွေပါပဲ။
    နယ်စပ်အားလုံးကဝန်ထမ်းတွေအားလုံးမှာတာဝန်အပြည့်ရှိတယ်။တရုပ်၊ကုလားအားလုံးပာာမြန်မာပြည်ကပေါက်ဖွားလာတဲ့တိုင်း
    ရင်းသားတွေမပာုတ်ဘူးဆိုတာအငြင်းပွားစရာမလိုပါဘူး။
    လူမြို၍လူမျိုးမပြုတ်စေနှင့်။

  1. Anonymous said... :

    ကိုမြအေး ရဲ့  ဒီကနေ့  ဖြေရှင်းချက် တရား မျှတ ပါတယ်။ သို.သော်.... အင်္ဂလန်က သူ.သမီးဖြစ်သူ ဝေနှင်းပွင့်သုန် ကို မွတ်စလင် အခြင်းခြင်း ဆိုပြီး သူတို.အရေးအတွက် အသုံးချနေ ကြတဲ့ ရိုဟင်ဂျာ(ဘင်္ဂါလီ နွယ်ဖွားများ) ကိုတော့ သတိထား ဆက်ဆံဖို. လိုတယ်ဆိုတာ- ကိုမြအေး မှ သမီးဖြစ်သူကို သတိပေးစေလိုပါတယ်။

  1. arpalar zarganar said... :

    Aunty is Aunty. Zaganar is Zarganar. Ko Mya Aye is Ko Mya Aye. WHPT is WHPT.

  1. Unknown said... :

    Ko Mya Aye's comments can be acceptable, justice and right.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved