လျှပ်တစ်ပြက်ဂျာနယ် ယာယီပိတ်ခံရ

Monday, June 11, 2012


မက်ဆင်ဂျာ ဂျာနယ် http://www.facebook.com/pages/Messenger-News-Journal/127099574018030 မှာ တွေ့ရတဲ့ ကြေညာချက်ပါ။

အသိပေးကြေငြာချက်

၁။ ၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် လျှပ်တစ်ပြက်ဂျာနယ် အတွဲ ၃၊ အမှတ် ၉ စာမျက်နှာ ၈ တွင် မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အုပ်စုတွင် ဖြစ်ပွားခဲ့သည့် လူသုံးဦးမှ အဓမ္မပြုကျင့်၍ အသတ်
ခံခဲ့ရပြီး မသီတာထွေး အသက် ၂၇ နှစ် (ဘ) ဦးလှတင်၏အခင်းဖြစ်သည့်နေရာတွင် သေဆုံးနေသည့် ဓာတ်ပုံအား မျက်နှာဝါးထားပြီး အရွယ်အစား အလျား ၇ လက်မ x အနံ ၃ ဒသမ ၈၅ လက်မ ခန့်ဖြင့် သတင်းနှင့် ယှဉ်တွဲလျက် ထည့်သွင်းဖော်ပြလာကြောင်း တွေ့ရှိရပါသည်။

၂။ စိစစ်ချက်များအရ အဆိုပါပုံမှာ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ကြိုတင် တင်ပြမှုမရှိဘဲထည့်သွင်းခဲ့ ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခုကဲ့သို့ ထည့်သွင်းခြင်းမျိုးသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသည့် အပြင် လတ်တလော ဆူပူအုံကြွမှုများ ဖြစ်ပွားနေချိန်၌ ပုံနှိပ်ဖော်ပြရန် လုံးဝ မသင့်လျော်သည့် ပုံမျိုးဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။

၃။ သို့ပါ၍ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနကချမှတ်ထားသော စာပေစိစစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် လျှပ်တစ်ပြက်ဂျာနယ်အား ယနေ့မှစ၍ ထုတ် ဝေခွင့် ယာယီရပ် ဆိုင်းလိုက်ကြောင်း ကြေငြာလိုက်သည်။

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန
၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၁

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved