ဝါဆိုဝါခေါင် ရေတွေကြီးတော့

Tuesday, July 10, 2012

~






စိုးမင်း/ www.facebook.com/SoeMin

အုန်းလက်နွားလေးဆိုတာ ဘယ်လိုဟာမှန်းမသိပေမယ့်၊ မျှော့နက်မည်းကြီးဆိုတာ ဘာကောင်မှန်း မမြင်ဖူးပေမယ့် မြန်မာပြည်ပညာရေးနဲ့ ကြီးပြင်းလာခဲ့ရတဲ့ကလေးတိုင်းဟာ ဆရာကြီးမင်းသုဝဏ် ရဲ့ မောင်ခွေးဖို့ကဗျာတွေ ကို အလွတ်ရကြပါတယ်။ အဲဒီထဲကမှ သပြေသီးကောက် ကဗျာကလေးက သူငယ်တန်းကတည်းက သင်ခဲ့ရတာတောင် သေရာပါအောင် စွဲစွဲလန်းလန်း မှတ်မိနေတဲ့အထိ ကောင်းလည်းကောင်း ကြိုက်လည်းကြိုက် ၀စနာလင်္ကာရရော သောတာလင်္ကာရပါမြောက်ပါပေတယ်။ အရိုးစွဲနေအောင်ကောင်းတာ လို့ ပြောရမှာပါပဲ။

ကိုယ့်အောက်က ညီငယ်ညီမငယ်ကလေးတွေ ကျောင်းနေအရွယ်ရောက်လာတော့လည်း သင်ပေးခဲ့ကြတယ်။ ကိုယ့်သားကိုယ့်သမီးလေးတွေ ကျောင်းထားတော့လည်း သူတို့နဲ့အတူ လိုက်ဆိုလို့ သူငယ်ပြန်ကြရပါတယ်။ ကိုယ်ငယ်ငယ်ကတော့ ဆရာမကလေးတွေဟာ ကဗျာလိုတောင် မဟုတ်ဘူး။ သီချင်းလိုဆိုပြီး ယိမ်းကာနွဲ့ကာ ကပြကြလေတယ်။

အခုလို ၀ါဆိုဝါခေါင် ရေဖေါင်ဖေါင်ကြီးတဲ့အချိန်ကျတော့လည်း ကိုယ့်နားထဲမှာ ကလေးကလား ဒီသီချင်းကဗျာကလေးကိုပဲ ထပ်ကာတလဲလဲ ကြားယောင်လာရာက ရေးဖွဲ့ခဲ့သူဆရာကြီးကို ကျေးဇူးတင်စိတ်၊ အားကျအထင်ကြီးစိတ်၊ ကြည်ညိုလေးစားတဲ့စိတ်တွေ ဖြစ်ပေါ်လာရပါတယ်။

မြန်မာပြည်မှာ ကလေးကဗျာဆိုတာ သည်လိုဟာမျိုးပါကွဲ့ လို့ မှတ်မှတ်သားသား ကျန်ရစ်အောင်ဖွဲ့နွဲ့သွားလိုက်တာ နားမလည်စရာလည်း တစ်လုံးမှ မပါဘူး။ ဆိုလို့မကောင်းတာ၊ အသံမပီပဲ ၀ဲသွားတာလည်း တစ်နေရာမှ မရှိဘူး။ အဓိပ္ပါယ်အားဖြင့်လည်း တကယ့်မြန်မာ့ဓလေ့ မြန်မာ့စရိုက်အစစ်တွေကို မျိုးစေ့ချသလို ကလေးတွေ အသက်အရွယ်နဲ့ နားဝင်အောင် နှစ်လိုအောင် ရေးထားပါကလား။ ကလေးကဗျာရယ်လို့ ဘယ်နေရာမှာမှ လျှော့တွက်လို့ မရပဲကိုး။

သူ့အရင်တုန်းကလည်း ကလေးတွေ ကျောင်းနေစ နှုတ်အာရွရွ ရွတ်ဆိုကြတဲ့ လင်္ကာ သံပေါက်ကလေးတွေ ရှိခဲ့ပါတယ်။ သည်လိုပဲ အကြီးကအငယ် နားနဲ့ ပါးစပ်နဲ့ လက်ဆင့်ကမ်းပြီး ဆိုလာခဲ့ကြတာတွေ။ နည်းနည်းတော့ ပေါက်ပန်းဈေးဆန်တယ်လို့ ပြောရမလားပဲ။ “အီး အီး ဘယ်သူပေါက်။ မောင် ပေါက်။ ပေါက်တဲ့သူ မှန်မှန်ပြော။ အီးဘွတ်တရားဟော….။” တို့၊ “ခေါင်းအုံးကြီး ခေါင်းအုံးကြီး။ လေမှာပျံတဲ့ ခေါင်းအုံးကြီး။ ခေါင်းအုံးကြီးက လေမှာပျံ။ မိုးကခြင်ထောင်ခံ….။” တို့၊ “မဘုတ်ဆုံ မဘုတ်ဆုံ အလွန်ဝတဲ့ မဘုတ်ဆုံ။ မဘုတ်ဆုံ တင်ဆုံကြီး လှည်းလုပ်လို့စီး။” တို့၊ ရောက်တတ်ရာရာ ဘာရယ်မဟုတ် ဆိုကြအော်ကြပေမယ့် ဘာတစ်ခုမှ မှတ်ဖွယ်မှတ်ရာ လိမ်မာယဉ်ကျေးစရာ မပါပါဘူး။ မောင်ခွေးဖို့ ကဗျာကလေးတွေကတော့ တကယ့်ကို ဘာမှ မဆိုင်တာ။

“ဆွမ်းအုပ်နီနီ အမေရွက်လို့ နက်ဖြန်မနက် ကျောင်းတက်မယ်။” ဆိုတာလည်း အဓိပ္ပါယ်ရှိတာပဲ။ ဟစ်ဟော့ဆိုတဲ့ မမလေးတွေခေတ်ရောက်တော့မှ နက်ဖြန်သဘက်တွေရော တခြားစာသားတွေရော ကမောက်ကမဖြစ်ကုန်ရှာတယ်။ မြန်မာစကားမှာ နက်ဖြန်မနက်နဲ့ နက်ဖြန်သဘက်နဲ့ ဘာကွာသလဲ တွေးမကြည့်ကြဘူးထင်ပါရဲ့။ နောက်ကွယ်မှာ မသေချာ မရေရာတဲ့သဘော၊ ရောက်ချင်ဇောနဲ့စိတ်စောနေတဲ့သဘောလေးတွေ ရှိတာမသိဘူးဆိုရင်တော့ တော်တော်အံ့သြဖို့ ကောင်းပါတယ်။ အများအားဖြင့် မှားလေ့ရှိတဲ့ ဘုန်းကြီးအော်လို့ နဲ့ ဘုန်းကြီးအော့လို့ ဆိုတာလောက်ဆို မပြောပါဘူး။

တကယ်တော့ အင်မတန် ပေါ့ပျက်ပျက်ရှိသယောင်၊ ဘာမဟုတ်တဲ့ ကလေးနှုတ်ထွက်ကလေးတွေ ဖြစ်ပေမယ့် မောင်ခွေးရော၊ မနီရောဟာ မြန်မာမှု မြန်မာ့စရိုက်ကလေးတွေ အပြည့်ရှိကြပါတယ်။ သည်ကနေ့ခေတ် ကလေးမိဘများကတော့ အဲဒီ (သူတို့အထင်) မဟုတ်က ဟုတ်ကတွေထက် “Bar Bar Black Sheep, have you any wool?” တို့၊ “One little, two little, three little Indians…” တို့ကိုပဲ မပီကလာဆိုတာကို ပိုပြီး သြဘာကျကြပါတယ်။ ဘာသာစကားအခြေခံကို အာရုံစိုက်နေပြီး ယဉ်ကျေးမှုဓလေ့လေးတွေကို မေ့နေကြတာကိုး။ သူတို့အမေတွေကိုယ်တိုင်က ဆွမ်းအုပ်နီနီရွက်ဖို့ နေနေသာသာ တစ်နှစ်နေလို့မှ ဘုန်းကြီးကျောင်းတစ်ခေါက် မရောက်နိုင်တဲ့အစားတွေ ဖြစ်နေတာလည်း ပါတာပေါ့။

ဘာသာရယ် စာပေရယ် ယဉ်ကျေးမှုရယ်ဆိုတာ ဖိုခုံလှောက်ဆိုင်သလို ထောင့်စေ့မှသာ ကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို မြတ်နိုးတတ်တဲ့၊ မြန်မာဆန်ဆန် ယဉ်ကျေးလိမ်မာတဲ့ လူငယ်ကလေးတွေ ဖြစ်လာမှာ မဟုတ်ပါလား။ အခုလက်ရှိ မိဘနေရာ ရောက်နေတဲ့သူတိုင်းဟာ ကိုယ်ငယ်ငယ်က ဘယ်လိုကြီးပြင်းခဲ့ရတယ်။ အခု ကိုယ့်ရင်သွေးကလေးတွေ ဘယ်လို ကြီးပြင်းနေကြတယ်ဆိုတာ နည်းနည်းပါးပါး အကဲခတ်ကြည့်သင့်ပါတယ်။ တော်တော်ပြောင်းလဲသွားတာ သိသာပါလိမ့်မယ်။

“မာမား နင့်ပါးစပ်ပိတ်ထားစမ်း။ နားညီးတယ်။” ဆိုတဲ့စကားမျိုးပြောထွက်တဲ့ ကလေးတွေ မြင်ရကြားရလွန်းလို့ ရိုးတောင်နေပြီ။ ကိုယ့်အိမ်က သမီးတောင်မှ သူ့အဖေကို “အလုပ်ထွက်မှာလား။ မထွက်ဖူးလား။ ဒါပဲပြော။” လို့ မျက်နှာထားတင်းတင်းနဲ့ ရာဇသံပေးတတ်နေမှဟာ။ ဒီလိုဖြစ်ကုန်ရတဲ့ အကြောင်းရင်းကို ပြန်တွေးကြည့်လိုက်တော့ ကျောင်းတွေမှာသွားတွေ့မိပါတယ်။

မဆီမဆိုင် ကိုယ့်သားသမီး ကိုယ်မနိုင်တိုင်း ကျောင်းက ဆရာဆရာမတွေ ဆွဲဆွဲထည့်နေတယ်လို့ မထင်စေချင်ပါဘူး။ ဆရာတွေကို ပြောချင်တာထက် စံနစ်ကိုသာ ပြောချင်ပါတယ်။ မူလတန်းကျောင်းသားလေးတွေရဲ့အရွယ်ဟာ ဆယ်တန်းကျရင် မြန်မာတစ်နိုင်ငံလုံး ပထမရဖို့ စာကျက်နည်းကို အခုကတည်းက အသားသေအောင်ကျင့်ရမယ့် အရွယ် မဟုတ်ပါဘူး။ ကလေးဘ၀က လွန်မြောက်လို့ လူငယ်ဘ၀ကိုရောက်လာတဲ့အခါ သူ ဘယ်လိုလူငယ်မျိုး ဖြစ်လာမှာလဲဆိုတာကို ပျိုးထောင်ယူရဖို့က အဓိက လို့ ထင်မိပါတယ်။

ကျောင်းမှာရေးတဲ့ ၀လုံးတွေကို မလှမှာစိုးလို့ အိမ်မှာလည်း ဆရာခေါ်သင်ပြီး ၀လုံးတွေချည့် ဆက်ရေးခိုင်းနေမယ်ဆိုရင် ဘ၀ဆိုတာ ၀လုံးရေးဖို့ သက်သက်တော့ မဟုတ်ဘူးလို့ သတိရစေချင်ပါတယ်။ လက်တွေ့သိမြင်သလောက် မူလတန်းပညာရေးလောကဟာ မိဘရော ဆရာရော ကျောင်းသားပါ စာမေးပွဲမှာ အမှားပါမလာခဲ့စေနဲ့။ အမှတ်ပြည့်ရခဲ့ပစေ ဆိုတဲ့ ဦးတည်ချက်နဲ့ လှော်ခတ်နေကြတယ်ဆိုရင် ဟုတ် မဟုတ် ကိုယ့်ဘာသာပဲ စဉ်းစားကြည့်ပါတော့။

ကလေးလေးတစ်ယောက် ကျောင်းနေပြီဆိုကတည်းက အဖေအမေရော၊ အဘိုးအဘွားပါ နေ့စဉ်နဲ့အမျှ အာရုံစိုက်နေကြတာက “ကလေး စာလိုက်နိုင်သလား။ စာမေးပွဲဖြေနိုင်သလား။ အမှတ်ပြည့် ရပါ့မလား။” ဆိုတာပါပဲ။ “ကလေးကျောင်းမှာ ပျော်ရဲ့လား” လို့ ဘယ်သူမှ သတိမထားမိကြပါဘူး။ သူငယ်တန်းကို ကျူရှင်ထားရုံတင် မဟုတ်ဘူး။ အိမ်မှာ ဂိုက်ပါခေါ်ပေးထားတယ်ဆိုတဲ့ ခပ်ကြောင်ကြောင် မာမီတွေ ဖောချင်းသောချင်းပါ။

ကလေးလေးတွေရဲ့ဘ၀မှာ ကျောင်းမနေခင် ငါးနှစ်လုံးလုံး အိမ်ကမိဘဘိုးဘွားရင်ခွင်မှာ သင်လို့တတ်လို့ ရသလောက် သင်ခဲ့လေ့လာခဲ့ပြီးပါပြီ။ ကျောင်းဆိုတာ သူတို့အိမ်ကနေ ပထမဦးဆုံး အပြင်လောကကို စ ထွက်လာတဲ့ ပတ်ဝန်းကျင်အသစ်ကလေး တစ်ခုပေါ့။ ဒီအချိန်မှာ သူတို့ကို လွှမ်းမိုးနိုင်တာ အိမ်ကမိဘထက် ကျောင်းကဆရာမ၊ သူငယ်ချင်းတွေက ပိုပါတယ်။ မိဘတွေအနေနဲ့ကတော့ ကိုယ့်ရဲ့လွှမ်းမိုးမှုကို တစ်ထစ်လျှော့ပေးရတော့မှာပေါ့။

သူ့ဘ၀မှာ တစ်သက်လုံး အိမ်ထဲမှာပဲ ရင်အုပ်မကွာထားလို့ မရနိုင်တာကြောင့် ဘယ်ပတ်ဝန်းကျင်မှာမဆို အဆင်ပြေအောင် နေထိုင်တတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ဖို့၊ အမှားအမှန်ကို ကိုယ့်ဘာသာ ဝေခွဲတတ်ဖို့ သင်ကြားယူရမယ့် အချိန်ဖြစ်ပါတယ်။ ကိုယ်တိုင်ကျောင်းဆရာ ဆရာမဖြစ်နေတဲ့ မိဘများတောင် အဲဒီအချက်ကို သတိမထားမိပဲ ကိုယ့်အတ္တနဲ့ ကလေးကို အစောင့်ရှောက်လွန်နေမိရင် ဖွံ့ဖြိုးမှုတွေ ထိခိုက်ပြီး သူ့ဘ၀တစ်သက်တာမှာ အဆင်မပြေ အဆင်မချောမှုတွေ ရင်ဆိုင်လာရတတ်ပါတယ်။ မင်းက ဘယ်လောက်သိလို့တတ်လို့ ဆရာတွေကိုကျော်ပြီး ဆရာပြန်လုပ်ချင်ရတာလဲဆိုရင် မသိခဲ့ မတတ်ခဲ့ မှားခဲ့လို့ ကိုယ်တိုင်ရလာတဲ့ ဘ၀သင်ခန်းစာတွေကို မျှဝေနေတာပါ လို့ပဲ ပြောချင်ပါတယ်။

ကိုယ့်ရဲ့ ငယ်စဉ်ကလေးဘ၀ဟာ မိဘက တကောက်ကောက် လိုက်ပြီး စောင့်ရှောက်နေတာမျိုးတော့ မဟုတ်ခဲ့ပါဘူး။ အိမ်မှာအလုပ်များနေရင် ကျောင်းလာကြိုဖို့ မေ့နေတတ်လည်း ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ယောင်္ကျားလေးကျောင်းမို့ ကလေးချင်း အနိုင်ကျင့်တာတွေရှိခဲ့လည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြဿနာကို ရှောင်တတ်ရှင်းတတ်သွားပါတယ်။ အဲဒီအချိန်တုန်းက စာသင်ကျောင်းက ဘာတွေသင်သလဲ ကိုယ့်ဘာသာတောင် သိပ်မမှတ်မိတော့ပါဘူး။ ဒါရေးဆို ရေးလိုက်၊ ဒါကျက်ဆို ကျက်လိုက်၊ ပြန်မေးရင် ဖြေလိုက်နဲ့။ ခေါင်းထဲဘာမှ မကျန်။ မှတ်သားမိသမျှတွေကတော့ လူတွေ လူတွေ၊ ကိုယ်မသိသေးတဲ့ လောကကြီးအကြောင်းတွေ၊ လှုပ်ရှားမှုတွေနဲ့ တုန့်ပြန်မှုတွေ (Action and Reaction)၊ အဲဒါတွေပဲ မပြတ် သင်ယူမိသလို ရှိပါတယ်။

ဒီအချိန်မှာ ကောင်းကောင်းပဲ့ပြင်ပေးသွားတာကတော့ စာမေးပွဲမှာ ဘယ်တုန်းကမှ မမေးတဲ့ လောကနီတိဆိုတာရယ်၊ လူမှုရေးသင်ခန်းစာဆိုတာတွေရယ်ပါ။ ဒီအသက်ဒီအရွယ်အထိ ကိုယ့်ခေါင်းထဲမှာ စွဲကျန်ရစ်ခဲ့တဲ့ ဆရာတွေကလည်း အတန်းထဲဝင်လာရင် သင်ပုန်းပေါ်မှာ စာတွေရေးပြီး လိုက်ရေးကြ၊ မပြီးရင် အရိုက်ခံရမယ်။ စကားများသံကြားရင် ခုံပေါ်တက်မတ်တပ်ရပ်ရမယ် ဆိုတဲ့ ဆရာမျိုးထက် ကိုယ့်ကို လူရာသွင်းပြီး နံမယ်ခေါ် စကားပြောတဲ့သူ၊ အိမ်စာပြီးပြီလား။ မနက်ဖြန် ၀ါဆိုသင်္ကန်းကပ်ဖို့ အိမ်ကပိုက်ဆံယူခဲ့ကြဆိုတာမျိုးထက်ပိုပြီး စကားစမြည်ဆိုတဲ့သူတွေကိုသာပါပဲ။

မူလတန်းပြ ဆရာ ဆရာမကလေးတွေရဲ့ တာဝန်ဟာ ကလေးလေးတွေရဲ့ ဘ၀တသက်တာ ပညာရေးကိုသာ မျိုးစေ့ချပေးတာ မဟုတ်ပဲ သူတို့ကလေးတွေရဲ့ လူမှုရေး၊ အတွေးအမြင်၊ စာရိတ္တ၊ ခံယူချက်၊ အကုန်လုံးမှ အကုန်လုံးနီးပါး ပျိုးထောင်ပေးနေတယ် လို့ ခံယူထားစေချင်တာပါပဲ။ အဲဒီအရွယ်ဆိုတာ ဖော့ဖယောင်းကလေးများလို ပုံသွင်းလို့ အကောင်းဆုံး အချိန်အခါ မဟုတ်လား။ အရိုးရင့်လာတော့မှ ပြုပြင်ချင်ရင် ချိုးဖဲ့ယူနေရတတ်တယ်။ ထွင်းဖဲ့ထုတ်ပစ်ရတတ်တယ်။ အဲဒီအချိန်အပိုင်းအခြားကာလမှာ အိမ်ကမိဘများကတော့ ကိုယ့်သားသမီးမို့ ရင်အုပ်မကွာ မျက်ခြေမပြတ် ရှိကြပေမယ့် ကနေ့ခေတ် ဆရာလေး ဆရာမလေးများ အနေနဲ့ သင်ကြားရေးအပိုင်းကို ပဲ့ပြင်မှုအပိုင်းထက် ပိုပြီး အာရုံစိုက်နေတာ တွေ့မိပါတယ်။ အကျိုးဆက်ကတော့ အခုလူလားမြောက်နေတဲ့ ကိုယ့်အရွယ်တွေလို ပညာတတ်ပြီး သုံးမရတဲ့၊ တိုင်းပြည်အတွက် အားမကိုးလောက်တဲ့၊ အတ္တဗဟိုပြုလူလတ်တန်းစားတွေ၊ အများအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ပုဆိန်ရိုးတွေထွက်ထွက်လာတာဖြစ်ပါတယ်။ နောင်လည်း သည်လိုပဲ ဆက်ဖြစ်နေဖို့ အလားအလာ မြင်မိပါတယ်။ ဘာဖြစ်လို့ဆိုတော့ ဆရာဆရာမများကိုယ်တိုင်တောင် လူရာမ၀င်၊ လူတန်းမစေ့၊ ဘ၀ရှေ့ရေး မရေရာတဲ့ ပညာရေးလောကကိုစွန့်ပြီး ဈေးတောင်းခေါင်းရွက်ရနိုး၊ အိမ်နောက်ဖေးရော အိမ်ရှေ့ပါ ဈေးဆိုင်တည်ရကောင်းနိုးနိုး ဖြစ်ကုန်ကြပြီကိုး။

အနာဂတ်နိုင်ငံတော်ကြီးတိုးတက်အောင် ပြုပြင်ပြောင်းလဲဖို့အတွက် ခေါင်ကမိုးမလုံတာ တက်ဖာလိုက်၊ တံစက်မြိတ်က မိုးယိုတာ ဆင်းခံလိုက် လုပ်နေရုံနဲ့ မပြီးသေးပါဘူး။ မူလတန်းကလေးအရွယ်လေးကတည်းက အပြစ်အနာအဆာ ကင်းတဲ့ အုတ်မြစ်ကလေးတွေချဖို့လည်း လိုပါလိမ့်ဦးမယ်။

အဘိုးတို့အဘွားတို့လက်ထက်က ဘုန်းတော်ကြီးသင်ပညာရေးစံနစ်နဲ့လည်း တစတစ အလှမ်းကွာဝေးသွားတာ ကြာခဲ့တော့ ခေတ်ကာလလူငယ်ကလေးများဟာ ဘုန်းကြီးရဟန်းနဲ့ အဆင်ပြေအောင် စကားစမြည် မပြောတတ်တော့ပါဘူး။ ဘာသာရေးအဆုံးအမတွေနဲ့လည်း အလိုလို စိမ်းလာတော့တာပေါ့။

ဘွဲ့လွန်တက်တုန်းက ၀ဒ်ရောင်းနေတုန်း ပိုးဟပ်တစ်ကောင် ကိုယ့်ဘက်ထွက်ပြေးလာတော့ မမကြီးက “ဟဲ့ ဟဲ့။ ပိုးဟပ်ကြီး ပိုးဟပ်ကြီး။ နင်းပလိုက်။ နင်းပလိုက်။ သြော် နင်းလိုက်ပါဆိုမှ နင်ကလည်း ဒါလေးတောင် သတ္တိမရှိဘူး။” လို့ အမာန်ခံရပါတယ်။ ဘူတန်ရောက်သွားတော့ အလားတူကြုံရတဲ့အခါ သူနာပြုကလေးတွေက “ဆာ ဆာ။ မလုပ်နဲ့ မလုပ်နဲ့။ ခနနေ သန့်ရှင်းရေးသမား ခေါ်လိုက်မယ်။ သူများအသက်သတ်တယ်ဆိုတာ ငရဲကြီးတယ်။” လို့ ပြောတယ်။

ကိုယ်တွေတုန်းက သုံးဆယ့်ရှစ်ဖြာမင်္ဂလာတို့၊ မပုကြွယ်နဲ့ ခရုငယ်တို့ ဘယ်လိုသင်ခဲ့ရသလဲပြန်တွေးမိပါသေး။ သမီးတို့ခေတ်မှာတော့ လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ဆိုတာ အလွတ်ကျက်လို့ ရရင် ပြီးပြီလို့ မှတ်နေတုန်း။ အိမ်မှာ ဆွမ်းပင့်ဆွမ်းကပ်လုပ်ရင်တောင် တရားနာ၊ ရေစက်ချ၊ ဘုန်းကြီးအနား ငုတ်တုတ်ထိုင်ဖို့က လူကြီးတွေနဲ့ပဲဆိုင်တာကျလို့။ သူ့ခေါ်ထိုင်ခိုင်းရင်တောင် ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့နေပြီး သာဓုခေါ်တာနဲ့ ၀မ်းသာအားရ ထပြေးတတ်တယ်။

ငယ်ငယ်က ကျောင်းအချိန်ဇယားထဲမှာ ပီတီချိန်တို့၊ ဖွံ့ဖြိုးရေးအချိန်တို့ တစ်ပါတ်ကို နှစ်ရက်ထည့်ဆွဲထားတာကို ဆရာတွေ စာမသင်ချင်လို့ အနားယူကြတဲ့အချိန်လို့ မှတ်ထားခဲ့ပါတယ်။ အဲသလိုတော့ မဟုတ်ပါဘူး။ ဆရာတစ်ယောက်ယောက်က လာပြီး ကျောင်းသားတွေကို ကစားကွင်းထဲ ခေါ်ဆော့ခိုင်းချင် ဆော့ခိုင်းတယ်။ သမိုင်းပုံပြင်တွေ ပြောချင် ပြောပြတယ်။ သုံးမြှောင့်ဖန်တုံးကလေးနဲ့ စက္ကူဖြူကလေးတစ်ချပ်ယူပြီး သက်တန့်ကလေးထောင်ပြချင်ပြတယ်။ သီချင်းကလေးတွေ သင်တဲ့အခါလည်း သင်ပေးတယ်ဗျ။ အရေမရ အဖတ်မရအချိန်လို့ ကိုယ့်ဘာသာထင်ခဲ့မိတဲ့ အချိန်ကလေးတွေဟာ အခုချိန်ကျမှပဲ ကိုယ့်ကို ဖွံ့ဖြိုးအောင် လုပ်ပေးတဲ့အချိန်မှန်း နားလည်မိပါတယ်။

ကိုးတန်း ဆယ်တန်းရောက်တဲ့အခါ ဆရာတစ်ယောက်က သူ့အချိန်ဆို ညစ်တီးညစ်ပတ်တွေချည့် နားမခံသာအောင် ပြော၊ ကျောင်းသားတွေက တ၀ါးဝါးနဲ့ ရယ်၊ ချောင်းနားထောင်တဲ့ အပျိုကြီးဆရာမတွေက ကလေးတွေကို မဟုတ်တာတွေ သင်နေတယ်ဆိုပြီး စိတ်တွေဆိုးကြနဲ့။ အဲဒါ မြီးကောင်ပေါက်တွေအတွက် လိင်ပညာပေးသင်ခန်းစာမှန်း မသိခဲ့ပါဘူး။ အဲသလိုမျိုး ကျောင်းစာနဲ့မဆိုင်တဲ့ ပေါက်ပန်းဈေးတွေကို အချိန်ယူသင်ကြားနေလို့လား မသိပါဘူး။ ကျွန်တော်တို့ စိန်ပေါကျောင်းက ဆေးကျောင်းဝင်တဲ့သူဆိုတာ တစ်နှစ်တစ်နှစ်ကို ငါးယောက်ထက်မနည်း ဆယ်ယောက်ထက်မပို ထိန်းထိန်းထားနိုင်ပါတယ်။ ဒါပေမယ့် ဘယ်နေရာ ဘယ်ဘ၀ပဲရောက်ရောက် ဘယ်သူ့မေးမေး စိန်ပေါမှာ ကျောင်းတက်ရတာ မပျော်လားဆိုရင် ပျော်တာပေါ့ အမေရယ် ချည့်ပဲ။ ဆရာဝန်မဖြစ်လည်းပဲ ဖြစ်ရာဘ၀မှာ အဆင်ပြေအောင် နေနိုင်ကြတဲ့သူချည့်ပဲ များပါတယ်။ တီဗီထဲမှာ နှစ်တိုင်း ဆုတွေရနေတဲ့ကျောင်းတွေနဲ့တော့ မတူလေဘူးပေါ့။

သည်ကနေ့ခေတ်မှာ အောင်ချက်ကောင်းကောင်းနဲ့ တွန်းတင်လာပြီး ဆေးကျောင်းမှာ လာလာတစ်လို့ ဆရာ မိဘ ကျောင်းသား သုံးဦးသုံးဖလှယ် စိတ်ပင်ပန်းဆင်းရဲခြင်း ကြီးစွာဖြစ်ရတဲ့ကျောင်းသားတွေ တွေ့တွေ့လာရပါတယ်။ တခြားတခြားသော တက္ကသိုလ်ကောလိပ်က ဆရာဆရာမများလည်းပဲ မည်သို့မျှ မတတ်နိုင် တပည့်မျိုးတွေ တွေ့ကြကြုံကြဖူးမှာ မလွဲပါ။

အရာရာမှာ ရလပ်ဗဟိုရ်ပြုတဲ့ ပညာရေးစံနစ်မှာ ကလေးတွေ အောင်ချက်ကောင်းဖို့၊ အမှတ်များနိုင်သမျှများဖို့၊ ကိုယ့်ကျောင်းက စာမေးပွဲကျတယ်ဆိုတာ တစ်ယောက်မှ မရှိစေရဖို့ အားကျိုးမာန်တက် သင်ကြားပေးနေရတဲ့ ဆရာများအနေနဲ့လည်း မလိုက်နိုင်တဲ့ကျောင်းသားဆို ထားပစ်ခဲ့ရုံကလွဲလို့တခြားနည်းမရှိပါဘူး။

မြန်မာလူငယ်ကလေးတွေကလည်း တော်တော်စာကျက်နိုင်ကြပါတယ်။ စက်ရုပ်ကလေးတွေလောက်ကို ကျက်နိုင်တယ်။ အမှတ်တွေလည်း မိုးပျံနေအောင် ရကြတယ်။ သူတို့ခေါင်းထဲမှာ ဘာတွေရှိသလဲ စိတ်ဝင်စားတဲ့သူတစ်ယောက်ယောက်များ တွေ့ချင်စမ်းပါတယ်။

မှတ်ဥာဏ်ထက် ခံစားနိုင်စွမ်း၊ တွေးတောနိုင်စွမ်းကို ဦးစားပေးတတ်တဲ့သူ တစ်ယောက်ယောက်များ တွေ့ချင်စမ်းပါတယ်။

“၀ါဆိုဝါခေါင် ရေတွေကြီးတော့ သပြေသီးမှည့် ကောက်စို့ကွယ်။” ဆိုတာ သားသားမီးမီးတို့ အလွတ်ကျက်ဖို့သက်သက်လား၊ ခရာဆူးခြုံ ဟိုအထဲက မျှော့နက်မည်းကြီးကို မကြောက်အောင် သင်ပေးဖို့လား ဆိုတာ ရေရေရာရာ သိတဲ့သူ တစ်ယောက်ယောက်များ တွေ့ချင်စမ်းပါလှတယ်။

သည်စာကလေးနဲ့ ငယ်ဆရာ ဆရာမများနဲ့ ဆရာကြီး မင်းသုဝဏ်ကို ရည်မှန်းဦးတင်လိုက်ရပါတယ်။


~

1 comments :

  1. Anonymous said... :

    ဖတ်ရတာရင်ထဲကိုတကယ်တွေးစရာတွေ၊ခံစားစရာတွေအများကြီးပေးနိုင်တဲ့ဒီလိုဆောင်းပါးကောင်းလေးတွေများများဖတ်ချင်ပါတယ်ရှင်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved