~
မိသားစုအတွင်း အမျိုးသမီးတွေ ကြုံတွေ့ရတတ်တဲ့ အခြေအနေတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတိုတခု ထွက်ပေါ်လာပါပြီ။
ချင်းမိုင်မြို့ရောက် မြန်မာပြည်သားတချို့ သရုပ်ဆောင်ထားကြတဲ့ ဇာတ်လမ်းပါ။ "ရုန်းထွက်ခွင့်" လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတိုကို လာမယ့်ရက်ပိုင်းအတွင်း DVB ရုပ်သံကနေ ပြသပါတော့မယ်။
ဒီဇာတ်လမ်းကို SWAN ဆိုတဲ့ ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း (Shan Women's Action Network) က စီစဉ်တာပါ။
ဒါကြောင့် မြန်မာ့လူ့အဖွဲ့အစည်းထဲက ဇနီးသည်တွေ၊ သမီးဖြစ်သူတွေရဲ့ အနေအထားကို ပေါ်လွင်အောင် ရိုက်ကူးထားတာ တွေ့ရမှာဖြစ်ပါတယ်။
စိတ်ဝင်စားစရာ ပညာပေး ဇာတ်လမ်းတိုလေးက တွေးစရာတွေ တသီတတန်းပေးမှာ အသေအချာပါပဲ။
မွေနွမ်ဟွမ်
အဓိကသရုပ်ဆောင်တွေထဲက တယောက် ဖြစ်တဲ့ မွေနွမ်ဟွမ်က ဒီဇာတ်လမ်းလေးနဲ့ ပတ်သက်ပြီး ပြောပြတာကတော့ ဒီလိုပါ -
"အမျိုးသမီးတိုင်းဟာ ဘယ်နေရာမှာပဲ နေနေ၊ ဘယ်အဆင့်မှာပဲ နေနေ မိန်းမ ဆိုပြီးတော့ ခွဲခြားခံရတယ်၊ အဆက်ဆက် ကျင့်သုံးလာကြတဲ့ဘောင်ထဲကနေ မလွတ်ဘဲနဲ့ ခွဲခြား ဆက်ဆံတာတွေ အများကြီးရှိတယ်၊ ကျမတို့ အမျိုးသမီးတွေက ရုန်းထွက်ခွင့် အခြေအနေလည်း မရှိခဲ့ဘူး၊ အခွင့်အရေးလည်း မရှိခဲ့ဘူး၊ ဒါကြောင့် ကျမတို့က လှုံ့ဆော်ချင်တယ်၊ ပညာပေးချင်တယ်၊ ပညတ်ထားတဲ့ ဘောင်ထဲကအတိုင်း မဆက်ဆံဖို့၊ ကျမတို့အမျိုးသမီးတွေကို နားလည်ဖို့ တိုက်တွန်းလိုက်ပါတယ်"DVB ရုပ်သံကနေ မြန်မာပြည်တ၀န်းကို ထုတ်လွှင့်မယ့် "ရုန်းထွက်ခွင့်" လို့ အမည်ပေးထားတဲ့ ဒီဇာတ်လမ်းတိုကို အွန်လိုင်းကနေလည်း မကြာခင် ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
0 comments :
Post a Comment