မျက်မမြင်တွေအတွက် စမတ်ဖုန်း

Sunday, July 22, 2012

~

တိတ်


နည်းပညာတွေ တနေ့တခြားတိုးတက်လာတာကတော့ အံ့မခန်းပါပဲ။

အခုဆိုရင် မျက်မမြင်တွေ အလွယ်တကူသုံးလို့ရမယ့် Smart ဖုန်း တမျိုး ဈေးကွက်ထဲကို ရောက်ရှိလာပါပြီ။

ဂျော်ဂျီ (Georgie) လို့ အမည်ပေးထားတဲ့ ဒီဖုန်းကို သုံးတဲ့အခါမှာ ဖုန်းမျက်နှာပြင်ကို လက်နဲ့တို့ပြီး သုံးလို့ရသလို နှုတ်နဲ့ စေခိုင်းပြီး တော့လည်း သုံးလို့ရပါသတဲ့။ ဥပမာ - ဖုန်းဆက်ချင်ရင် ဖုန်းနံပါတ်ကို ပါးစပ်ကနေရွတ်ပြီး ဆက်တာမျိုးပါ။

မျက်မမြင်တွေက ဒီဖုန်းကိုသုံးပြီး စာဖတ်နိုင်တယ်၊ နေရာတွေ ရှာလို့ရတယ်၊ ပြီးတော့ ဘတ်စ်ကားအချိန်ဇယားပါ သိနိုင်တယ်လို့ ဆိုပါတယ်။

ဖုန်းတီထွင်သူက ရော်ဂျာ ဝဲလ်ဆင် ဟင်းစ် (Roger Wilson-Hinds) လို့ခေါ်တဲ့ မျက်မမြင်တယောက်ဖြစ်ပြီး ဖုန်းအမည်ကို သူ့အမျိုးသမီးရဲ့ ပထမဆုံး လမ်းပြခွေးလေးအမည် ပေးခဲ့တာပါ။

ဂျော်ဂျီ ဆော့ဖ်ဝဲကို Android OS သုံး Samsung Galaxy Y, Galaxy Ace 2, Galaxy XCover နဲ့ Galaxy S3 တွေမှာလည်း ထည့်သွင်း အသုံးပြုလို့ရပါတယ်။

ဒါပေမယ့် ဂျော်ဂျီဟာ မျက်မမြင်တွေအတွက် ပထမဆုံး Smart ဖုန်းဖြစ်တယ်၊ ဆော့ဖ်ဝဲချည်းသက်သက် ဝယ်လိုရင် စတာလင်ပေါင် ၁၅၀ ခန့်ကျမယ်လို့ နည်းပညာဆိုင်ရာကွန်ရက် CNET ရဲ့ ဝက်ဘ်ဆိုဒ်ပေါ်မှာ ဖော်ပြလိုက်တဲ့အခါမှာတော့ မဟုတ်ဘူး ဆိုတဲ့အသံတွေ၊ ဈေးကြီးလှချည်လား ဆိုတဲ့ အသံတွေလည်း ထွက်လာပါတယ်။

UK မှာ မျက်မမြင်အဖြစ် မှတ်ပုံတင်ထားသူ စုစုပေါင်း ၃၆၀,၀၀၀ ရှိပါတယ်။ သူတို့အားလုံးမှာ ဂျော်ဂျီတလုံးစီ ရှိမရှိတော့ မသေချာပါ။

မြန်မာပြည်က မျက်မမြင်တွေလည်း ဒီလိုဖုန်းမျိုးတွေသုံးနိုင်ရင် နေရေးထိုင်ရေး သွားရေးလာရေး ပိုအဆင်ပြေမယ် ထင်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက မျက်မမြင်တွေအတွက် ဒီလိုဖုန်း တယောက်တလုံး ထုတ်ပေးမယ်ဆိုရင်ရော (စိတ်ကူးယဉ်ကြည့် တာပါ)။

ပထမဆုံး လုပ်ရမှာက မြန်မာပြည်မှာ မျက်မမြင် ဘယ်နှစ်ယောက်ရှိသလဲ စာရင်းကောက်ရမယ် ထင်ပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာန ဝက်ဘ်ဆိုဒ်မှာ သွားရှာကြည့်တာတော့ မျက်မမြင်စာရင်း မတွေ့ပါဘူး။ အဲ့ဒီ ဝန်ကြီးဌာနကထုတ်တဲ့ ၂၀၁၀ ကျန်းမာရေးဆိုင်ရာ အချက်အလက် တွေထဲမှာလည်း မတွေ့ပါဘူး။ သေသေချာချာ မရှာတတ်တာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ မြန်မာပြည်လူဦးရေရဲ့ ၀.၅ ကနေ ၁ ရာခိုင်နှုန်းဟာ မျက်မမြင်တွေဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဆို မြန်မာပြည်မှာ UK ထက် မျက်မမြင်တွေ ပိုများနေတဲ့ သဘောလား။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved