ဆဲဗင်း ဇူလိုင်အကြို ဖမ်းဆီး ကျောင်းသားအားလုံး ပြန်လွတ်လာ

Saturday, July 7, 2012

ဓာတ်ပုံ- ၈၈

လင်းသန့် ရေးသားပေးပို့သည်။

ယမန်နေ့ညက ဆဲဗင်း ဇူလိုင် နှစ် ၅၀ ပြည့် အခမ်းအနားများ ကျင်းပရန် ပြင်ဆင်ကြိုးစားခဲ့ကြတဲ့ ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့ တွေ က ဖမ်းဆီးခံခဲ့ကြရတဲ့ ကျောင်းသား အားလုံး ယနေ့ အသီးသီး ပြန်လွတ် လာကြတယ်လို့ ၈၈ မျိုး ဆက် ကျောင်းသားများရဲ့ ရုံးက အတည်ပြု ပြောကြားပါတယ်။

ရန်ကုန်မှာ ယမန်နေ့ညက ဖမ်းဆီးခံခဲ့ရသော ဒီငြိမ်းလင်း၊ စည်သူမောင်၊ ရဲမြတ်ဟိန်းနှင့် ဖြိုးဖြိုးအောင် တို့ ၄ ဦး ယနေ့ မနက်ပိုင်းက ပြန်လွတ်လာပါတယ်။ ပြန်လွတ်လာသူတွေအပြောအရ အားလုံး ထိမ်းသိမ်း ထားချိန် နာရီ ၂၀ ၀န်း ကျင် ဖြစ်တယ်လို့ သိရပါတယ်။ ထိမ်းသိမ်းစဉ်ကာလအတွင်း ကောင်းမွန်စွာ ဆက်ဆံပေမယ့် ဒါဟာ စိတ်ပိုင်း ဆိုင်ရာ ညဉ်းပန်းမှု တခုလည်းဖြစ်တယ်လို့ သတင်းထောက်တွေကို ဒီငြိမ်းလင်းက ပြောလိုက်ပါတယ်။

မန္တလေးဘက်နဲ့ တခြားနယ်မြို့များမှာ ယမန်နေ့ည ၁၀ နာရီ ၀န်းကျင်က ဖမ်းဆီးခံခဲ့ ရသူတွေဖြစ်တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (အထက်ဗမာပြည်) ဆဲဗင်း ဇူလိုင် ဖြစ်မြောက်ရေးကော်မတီက ကိုအောင်မှိုင်းဆန်း၊ ကိုမိုးထက်နေ၊ ကိုသန်းထိုက်၊ ကိုမင်းခန့် တို နှင့် ရွှေဘိုမြို့မှ ၀သန်၊ ပြည့်ဖြိုးကျော်၊ ၀က်သိုး(ခ) ကိုခင်ခင်ဦး၊ မဌေးဌေးဝင်းတို့ဖြစ် ကြပြီး လားရှိုးမြို့က အဖမ်းခံရသူများတွင် မ၀င်းလဲ့ရွှေ၊ ကိုအာကာကိုကို၊ ကိုသိန်းထိုက်ဇော်၊ ကိုစိုးကြည်သာ၊ ကိုကျော်ကျော်ဦး တို့ဟာ ယနေ့ ည ၇ နာရီလောက်က အသီးသီး ပြန်လွတ်လာကြတယ်လို့ သိရပါတယ်။

“ဒီငြိမ်းလင်း၊ စည်သူ မောင်၊ ရဲမြတ်ဟိန်း နှင့် မဖြိုးဖြိုးအောင်တို့ ၄ ဦး ယနေ့ ကျင်းပတဲ့ ဆဲဗင်း ဇူလိုင်း အခမ်းအနား အပြီး မှာ ပြန်လွတ်လာပါတယ်”လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က ဧရာဝတီကို ပြောပါတယ်။

သူတို့ ၄ ဦးဟာ ယနေ့ ည ၉ နာရီက ၈၈ မျိုးဆက်ရုံးကို လာရောက်ခဲ့လို့ ၈၈ မျိုးဆက်ကျောင်းသားတွေ က နွေးထွေးစွာ ကြိုဆိုကြကြောင်း သိရပြီး နယ်က လွတ်လူများနဲ့ပတ်သက်လို့ နံမည်တွေသာ သိ ရသေးကြောင်း၊ အားလုံးလွတ်တယ်လို့ ယုံကြည်ကြောင်း၊ ဒါပေမယ့် သူတို့ တဦးချင်းစီနဲ့ အဆက်အသွယ် မရသေးလို့ အသေးစိပ် အတည်ပြုချက်ပေးရန် ယခုအချိန်မှာ မသေချာသေးကြောင်း ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် တွေက ဆိုပါတယ်။

ရန်ကုန်က ၄ ဦးပြန်လွတ်လာတာနဲ့ပတ်သက်ပြီးလည်း အခမ်းနားပြီးဆုံးချိန်နှင့် အချိန်ကိုက် အခမ်းအနားကို မဖြစ်စေလိုတဲ့ အတွက် ပြန်လွှတ် ပေးလိုက်ခြင်းဟု ယူဆတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဆိုပါတယ်။
ယမန်နေ့က ဖမ်းဆီးခံခဲ့ကြတဲ့ ကျောင်းသားတွေအတွက် ၈၈ မျိုးဆက်ကျောင်းသားတွေကလည်း ညတွင်းချင်း သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး သက်ဆိုင်ရာ အာဏာရှိသူတွေကို ဆက်သွယ် ပြောကြားခဲ့တာကိုလည်း ကိုကိုကြီးက ပြောပါတယ်။

“ကျနော်တို့ဖမ်းတယ်ဆိုတာ ကြားကတည်းက သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေဆီကို ချက်ချင်းပဲ အကြောင်းကြားတယ်။ သူတို့လည်း အထက်ကို တင်ပြပြီးမေးမြန်းစုံစမ်းပါ့မယ်လို့ပြောတယ်။ ကျနော်ကတော့ အခု ဒီလို လုပ်တဲ့ လုပ်ရပ်ဟာ တော်တော် အဆင်အခြင်မဲ့တဲ့လုပ်ရပ်ပဲ။ ကျနော်တို့ အတတ်နိုင်ဆုံး အခုလိုမျိုး ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတော် သမ္မတကြီးကရော လွှတ်တော် ဥက္ကဌကရော ဒီလောက်ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီဖော်ဆောင်ရေး ကြိုးစားနေတဲ့ အချိန်၊ နောက်တခုက အမူအကျင့်အဟောင်းတွေ အတွေးအခေါ်ဟောင်းတွေ ပြင်ဖို့ ထပ်ခါတလည်းလည်း ပြောနေတဲ့ အချိန်မှာ အခုလိုအခြေအနေမှာ ဒါအရင်အချိုးပဲ ဒါ အရင် လုပ်ပုံလုပ်နည်းပဲလို့ ဒါဟာ နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းတွေ စီးပွားရေးကုန်သည်ကြီးတွေကလည်း မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို မျက်ခြေမပြတ် ကြည့်နေတဲ့အချိန်မှာ နိုင်ငံရဲ့ ပုံရိပ်ကို အကြီးအကျယ် ထိခိုက်တယ်လို့ ပြောလိုက်တယ်”လို့ ကိုကိုကြီးက ဆိုပါတယ်။

သမိုင်းဝင် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦကို မိုင်းခွဲဖြိုချ ဖျက်ဆီးခဲ့သည့် ဆဲဗင်းဇူလိုင် နှစ် ၅၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနားတခုကို ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ ဒီမနက် ၉ နာရီက နှစ်ပေါင်း ၅၀ အတွင်းပထမဆုံး အကြိမ်အဖြစ်နဲ့ အောင်မြင်စွာ ကျင်းပခဲ့ရပါတယ်။

“ပထမ တော်ဝင်နှင်းဆီမှာ လုပ်ဖို့ အစီအစဉ်ပျက်သွားလို့ နေရာမရှိရင် ၈၈ ရုံးမှာလာလုပ်ဆိုပြီးတော့ ပြော လိုက်ပြီးလုပ်တာ။ ဒါကို လူငယ်မျိုးဆက်သစ်တွေက ပြင်ဆင်နေတဲ့အချိန်မှာ မနေ့ညက ဖမ်းတာဆီးတာ လုပ်လိုက်ကြတယ်။ ရန်ကုန်၊ မန္တလေး၊ လားရှိုးရော အားလုံး ၁၅ ယောက်လောက် အဖမ်းခံလိုက်ကြရတယ်။ ဒါနဲ့ မဖြစ်ဖြစ်အောင် လုပ်ကြမယ်ဆိုပြီး မနက် ၉ နာရီက အခမ်းအနားလုပ်ကြတယ်”လို့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုကိုကြီးက ဧရာဝတီကို ပြောပါတယ်။

ယနေ့ကျင်းပတဲ့ နှစ် ၅၀ ပြည့် ဆဲဗင်းဇူလိုင် အခမ်းအနားကို သင်္ကန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်း ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်များရဲ့ ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းတွင်းကျင်းပရာ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ၆၂ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ အပါအ၀င် မျိုးဆက်သစ်ကျောင်းသားတွေ၊ အလွှာအသီးသီးက စိတ်ဝင်စားသူတွေ များစွာ တက်ရောက်လာကြပါတယ်။


အဆိုပါ အခမ်းအနားမှာ အခမ်းအနားမှူးတွေအနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂဖြစ်မြောက်ရေး ကော် မတီ မှ အတွင်းရေးမှူးများဖြစ်ကြတဲ့ ကိုအောင်ကျော်နှင့် မဟန်နီဦး တို့က ဆောင်ရွက်ခဲ့ကြပြီး ဟံသာဝတီ ဦးဝင်းတင်၊ ဦးလှရွှေ ၊ မင်းကိုနိုင်၊ ကိုကိုကြီးနှင့် ကျော်ကိုကို တို့က အသီးသီး အမှတ်တရ စကားများ ပြောကြားခဲ့ကြပါတယ်။

အခမ်းအနား အစီအစဉ်မှာ ၁၉၆၂ ခုနှစ်က ကျဆုံးသွားကြတဲ့ ကျောင်းသား အာဇာနည်များအတွက် အောက်မေ့ဖွယ် ပန်း ခြင်းနဲ့ ဂုဏ်ပြုခဲ့ကြပါသေးတယ်။ ဒီအပြင် အခမ်းအနား မကျင်းပမီ အချိန်များတွင် နှစ် (၅၀)ပြည့် ဆဲဗင်းဇူလိုင် အခမ်း အနားကို တက်ရောက်လာကြသူတွေက မတရား ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားများဖြစ်ကြသော ဒီငြိမ်းလင်း၊ စည်သူ မောင်၊ ရဲမြတ်ဟိန်း နှင့် မဖြိုးဖြိုးအောင် စတဲ့ သူတွေအတွက် ချီးကျူးဂုဏ်ပြုသည့် အမှတ်တရ လက်မှတ်များကိုလည်း ရေးထိုး ဂုဏ် ပြုခဲ့ကြပါသေးတယ်။

ဒီကနေ့ကျင်းပတဲ့အခမ်းအနားလည်း ငြိမ်းချမ်းစွာနဲ့ ပြီးဆုံးခဲ့ပြီး သတင်းစာရှင်းလင်းပွဲလည်း လုပ်ခဲ့ပါသေးတယ်။ ဒါကို လည်း ကိုကိုကြီးက နဂိုကတည်းက ကျောင်းသားလူငယ်မျိုးဆက်သစ် လူငယ်တွေက အခုလိုပဲ ငြိမ်းချမ်းစွာ လုပ်ဖို့ အမိုး အကာအောက်မှာလုပ်ကြဖို့ ပြင်ဆင်ထားတာကို သက်ဆိုင်ရာကို အသိပေးထားတယ်လို့ ဆိုပါတယ်။

သမဂ္ဂကိစ္စဟာ မြန်မာနိုင်ငံ နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍက ရှိကြောင်း၊ ဆဲဗင်း ဇူလိုင် ကိစ္စ တာဝန်ရှိသူ အများစုလည်း မရှိတော့ကြောင်း ဒီကိစ္စကို မှားမှန်းသိလို့ သူ့ကြောင့် ငါ့ကြောင့်လူသိရှင်ကြား ပြောဆို ထားကြပြီး သားဖြစ်ကြောင်း ပြောပါ သေးတယ်။

“အဲဒီကို အခုလက်ရှိလူတွေက သူတို့နဲ့ ဘာမှ မဆိုင်တဲ့ဟာကို အကြောက်အကန် ငြင်းနေတဲ့ဟာ မဖြစ်သင့်ဘူး။ နိုင်ငံ့ သမိုင်းမှာ အဖြစ်မှန်တွေကို ရှောင်ရှားမယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ဖြစ်လာမှာ မဟုတ် ဘူး၊ ဖြစ်ခဲ့ တဲ့ ကိစ္စတွေကို ရဲရဲတင်းတင်းရင်ဆိုဖို့ လိုတယ်”လို့ သူက ဆိုတယ်။

ဗကသများအဖွဲ့ချုပ် က ကျော်ကိုကိုကလည်း “ခြိမ်းခြောက်နှောက်ယှက်မှုများ၊ တားဆီးပိတ်ပင်မှုများ မကြာခဏ ကြုံတွေ့ ခဲ့ကြရပါတယ်။ သမဂ္ဂကို တရားမဝင် အသင်း အဖွဲ့တခုအဖြစ် အသရေဖျက်ပြီး ဖျက်သိမ်းပစ်ရန် ကျိုးပမ်းနေ မှုများကို တွေ့ရှိ နေရပါတယ်။ ကျွန်တော်တို့ ဗကသများ အဖွဲ့ချုပ် အား စစ်အာဏာရှင်တွေ ရက်စက်ကြမ်းကျုတ် ပရိယာယ် နည်းလမ်းမျိုး စုံ ဖြင့် တိုက်ခိုက်ခံခဲ့ရတဲ့ ဆဲလ်ဗင်း ဇူလိုင်နေ့ကို လေးစားထိုက်တန်စွာ ဂုဏ်ပြုဖို့ အားထုတ်ခဲ့ကြပါတယ်” လို့ ဆိုထားပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved