လုပ်ချင်တာတွေ လုပ်နေရတဲ့ မြင့်မြတ်

Sunday, July 8, 2012

~




လွတ်လပ် ကျယ်ဝန်း လှပတဲ့ ကောင်းကင်ကြီးမှာ အတောင်တွေ ဖြန့်ကြက်ပြီး ရောက်ချင်တဲ့ နေရာ ရောက်အောင် ပျံသန်း နိုင်ဖို့ လုံ့လ၊ ၀ီရိယတွေ ရှိဖို့ လိုပါတယ်။

အနားကနေ ဖြတ်သန်း သွားမယ့် လေနီကြမ်း၊ အန္တရာယ် ပေးမယ့် ငှက်ဆိုးတွေရဲ့ ဒဏ်ကို ကာကွယ်နိုင်တဲ့ ခွန်အားတွေ ရှိဖို့လည်း လိုအပ်တာပါ။ ရှိတဲ့ ခွန်အားတွေသုံး၊ လုံ့လ ၀ီရိယတွေနဲ့ ရောက်ချင်တဲ့ ပန်းတိုင်ဆီကို ဦးတည်နေတဲ့ လူငယ်တွေထဲမှာ မြင့်မြတ်လည်း ပါဝင်ပါတယ်။

မြင့်မြတ်က လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလက စပြီး အနုပညာ သရုပ်ဆောင် လောကထဲကို ရောက်ရှိ လာခဲ့တာပါ။ သူ့ရဲ့အနုပညာ သရုပ်ဆောင် လမ်းကြောင်း အစက ဒုတိယ သရုပ်ဆောင်၊ ဇာတ်ပို့ သရုပ်ဆောင် နေရာကနေ စခဲ့ရတာ မဟုတ်ပါဘူး။ မဟော်ဂနီ ဗီဒီယို ထုတ်လုပ်ရေးရဲ့ ပင်တိုင်မင်းသား၊ ခေါင်းဆောင် မင်းသားအဖြစ် ၅ နှစ်တာ ကာလ ရပ်တည်ခဲ့တဲ့ မြင့်မြတ်က မဟော်ဂနီ ထုတ်လုပ်ရေးနဲ့ စာချုပ်ကာလ ပြည့်သွားတာကြောင့် အခြား ထုတ်လုပ်ရေး တွေနဲ့ လက်တွဲ ရိုက်ကူးနေပါပြီ။

မြင့်မြတ်ရဲ့သရုပ်ဆောင် လှုပ်ရှားမှုမှာ ဘာစာချုပ်၊ ဘာအချုပ်အနှောင်မှ မရှိတော့ပါဘူး။ အငို မင်းသားလေး တစ်ယောက်လို့ ပရိသတ်ရဲ့အသိအမှတ် ပြုမှုကို ခံခဲ့ရပေမဲ့ အခု အချိန်မှာတော့ အငိုမင်းသားရယ် မဟုတ်ဘဲ ဘက်စုံရတဲ့ မင်းသားအဖြစ် အသိအမှတ်ပြုမှု ခံနေရပါပြီ။

ချုပ်နှောင်မှု ကင်းကင်းနဲ့ လျှောက်လှမ်းနေတဲ့ မြင့်မြတ်ကို ရွှေအမြုတေ မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ဖို့ စီစဉ်တော့ မြင့်မြတ်ရဲ့ ပြင်ဦးလွင် သွားမယ့် ရက်တွေနဲ့ တိုက်နေပါတယ်။ ဇာတ်ကားရိုက်ကူး ရေး တစ်ခုကလည်း မပြတ်သေးတာကြောင့် ပြင်ဦးလွင် မသွားခင် တစ်ရက်မှာ အချိန်လုပြီး ရိုက်ဖြစ်ခဲ့ကြပါတယ်။ မန်နေဂျာ မင်းမင်းနဲ့ တိုင်ပင် ညှိနှိုင်းပြီး အနုပညာ လုပ်ဆောင်မှုတွေကို လုပ်ဖြစ်နေတဲ့ မြင့် မြတ်က မေလ တစ်လလုံး ပြင်ဦးလွင်မှာ ရှိနေမှာပါ။ ဒါရိုက်တာ သားကြီး၊ ဒါရိုက်တာ ကျော်ဇောလင်း(အတွေး ပုံရိပ်)နဲ့ ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူးရင်း ပြင်ဦးလွင်မှာ ရှိနေတာဖြစ်ပါတယ်။ အောင်တိုင်းကျော်၊ အောင်သီရိ၊ ဂျော် လီဆွေနှင့် သားများ ဗီဒီယို ထုတ်လုပ်ရေး ၃ ခုနဲ့ လက်တွဲ ပြီး ရိုက်ထားတဲ့ ဗီဒီယိုဇာတ် ကားတွေ ထွက်ရှိထားတာပါ။ ရိတ်သိမ်းခွင်၊ ရှင်းလို့ မရအောင် ရှုပ်ကုန်ပြီ ဇာတ်ကား တွေကို ပရိသတ်တွေ ကြိုက် နှစ်သက်ကြပါတယ်။

အခု လက်တွဲထားတဲ့ ထုတ်လုပ်ရေး ၃ ခုကနေ ဇာတ်ကားတွေ ထွက်ရှိထားတာ ဆိုတော့ အရင်က ရိုက်ခဲ့ တဲ့ဇာတ်ကားတွေနဲ့ ယှဉ်ပြီး ပရိသတ်တုံ့ပြန်မှုက ဘယ်လို တွေရခဲ့လဲ။

ပရိသတ်အနေနဲ့က အနုပညာ တစ်ခုတည်းကိုပဲ အားပေးတာ။ ထူးထူးခြားခြား ပြောင်းလဲမှု ဆိုတာတော့ မရှိပါဘူး။ ကျွန်တော် မဟော်ဂနီမှာ လုပ်တဲ့ အချိန်တုန်းကလည်း ကြိုးစားပြီး သရုပ်ဆောင်တယ်။ အခု အချိန်မှာလည်း အကောင်းဆုံး ကြိုးစားပြီး သရုပ် ဆောင်တယ်။ ကြိုးစားမှုကတော့ ဘာမှ မပြောင်းလဲဘူး။ အချိန်လေး နည်းနည်းကြာလာတာနဲ့ အမျှ အတွေ့အကြုံ လေးတွေ ရလာတော့ ကြိုတင်ပြင်ဆင်ရမယ့် အပိုင်းလေးတွေ သိလာတာတွေ ရှိတယ်။ အောင်တိုင်းကျော် ထုတ်လုပ်ရေးက ထွက်တဲ့ ရိတ်သိမ်းခွင် ဇာတ်ကားဆိုရင် ပရိသတ် အရမ်းကြိုက်တယ်။ ဆိုင်လည်း ၁၆၅၀ လောက် တက်တယ်ဆိုတော့ အရမ်းဝမ်းသာ စရာပဲ။ ကျွန်တော် အပြင်မှာ အလုပ် ထွက်လုပ်တဲ့ အချိန် ပရိ သတ်တွေက နှစ်သက်တယ် ဆိုတော့ အရမ်း ၀မ်းသာသလို အားလည်းတက်တယ်။

မဟော်ဂနီနဲ့ ရိုက်တုန်း ကတော့ သူတို့ရွေးတဲ့ ဇာတ်လမ်းတွေကို ရိုက်ခဲ့ရတယ်။ အခုအချိန်မှာတော့ မြင့်မြတ် ကိုယ်တိုင်ရွေးချယ် ရိုက်ကူးရတဲ့ အတွက် ဖိအားတွေ ပိုများ လာပြီပေါ့။


အထူးသဖြင့် ကိုယ့်စိတ်ကြိုက် ပုံစံနဲ့ ဇာတ်ကားတွေ ဖြစ်သွားတာပါပဲ။ ကိုယ့်စိတ် ကြိုက်မဟုတ်ရင် မရိုက်ဘူး။ ဥပမာ-ကြားကျတဲ့ ဇာတ်မျိုးတွေ ရှိတယ်။ အဲဒီလို ဇာတ်မျိုးတွေဆို ကျွန်တော် မရိုက် ချင်ဘူး။ ဒရာမာလား မေးရင် မဟုတ်ဘူး။ ဟာသလား မေးရင်လည်း မဟုတ်ဘူး။ အချစ် လားမေးရင်လည်းမဟုတ်ဘူး။ ဘာမှ မဟုတ်တဲ့ ကြားထဲက ဇာတ်တွေရှိတယ်။ အဲဒီလို ဇာတ်မျိုးတွေဆို မရိုက်ဘူး။ ကိုယ့်စိတ်ကြိုက် ဇာတ်တွေပဲ ရိုက်နေတာ ဆိုတော့ ဘာပဲ ဖြစ်ဖြစ်ကိုယ့်ရဲ့ ဆုံးဖြတ်ချက်၊ ကိုယ်လုပ်ချင်နေတာ လုပ်ရတဲ့ အတွက် ကိုယ်ကျေနပ်တယ်။

မြင့်မြတ်ရဲ့ ရပ်တည်မှုက မြင့်မြတ်ရဲ့ ရွေးချယ်မှုပေါ် မူတည်တာကြောင့် ဘယ်လို အပိုင်းတွေမှာ ပိုပြီး ဂရုစိုက်ရလဲ။

အဓိက ဂရု စိုက်ရတာတော့ မရှိပါဘူး။ ဇာတ်လမ်း ကောင်းဖို့ကို အဓိက ဦးစား ပေးတယ်။ ကျန်တာတွေက အားလုံးပေါင်းပြီး ကြိုးစား ကြ၊ ပံ့ပိုးကြတယ်။

စာချုပ်ချုပ်ပြီး ရိုက်ခဲ့တဲ့ အချိန်က လှောင်အိမ်ထဲမှာ ရှိနေတဲ့ ငှက်ကလေးလိုပေါ့။ အခု လှောင်အိမ်ထဲက ထွက်တဲ့ ငှက်ကလေး တစ်ကောင်ရဲ့ ခံစားမှု ဘယ်လိုတွေ ရှိသွား ပြီလဲ။

အဓိကက လူဆိုတာ ကိုယ်လုပ်ချင်တာ လုပ်ရဖို့ပဲလေ။ အခု လွတ်လွတ်လပ်လပ် ဖြစ်သွားပြီဆိုတော့ ကိုယ့် ရဲ့ဆုံးဖြတ်ချက်နဲ့ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကို လုပ်နေတယ်။ လုပ်လည်း လုပ်ရတယ်။ အဲဒီလို ကိုယ် လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်တဲ့ အတွက် ဖြစ်လာတဲ့ အပေါ်မှာ နာရင်လည်း ခံမယ်၊ သာရင်လည်း စံမယ်။ ဘာပဲဖြစ်ဖြစ် ကျေနပ်တယ်။

ဖြစ်ချင်တာ၊ လုပ်ချင် တာတွေက ရာခိုင်နှုန်း အပြည့် ရနေပြီလား။

ရာခိုင်နှုန်းအပြည့်က နေရာတကာတော့ မရသေးဘူး။ လူတိုင်းက ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။ အကုန်လုံးက လိုအပ်ချက်တွေနဲ့ လည်ပတ် နေကြတာချည်းပါပဲ။ ဒီအလုပ်ကလည်း ကျွန်တော် ကျေနပ်လောက်တဲ့၊ တင်းတိမ် လောက်တဲ့၊ ကျွန်တော် ရည်မှန်းထားတဲ့ နေရာတစ်ခုတော့ မဟုတ်ဘူး။ အခုမှ ကြိုးစားနေရင်းနဲ့ ရောက်နေတဲ့ နေရာလေးပေါ့။ အဲဒီထက်လည်း အများကြီး ကြိုးစားရဦးမှာပါ။

ဇွန်လမှာ ရုပ်ရှင်ကားကြီး တစ်ကား ရိုက်ဖို့ စီစဉ်ထားတယ် ဆိုတော့ အရင်က ရုပ်ရှင်ကားကြီး ရိုက်ဖို့လက်ခံတဲ့မူနဲ့ ကွာခြားမှုတွေများ ရှိနိုင်မလား

အဓိကကတော့ လုပ်ကွက်ပါ။ ရုပ်ရှင် ဇာတ်ကားကြီး ရိုက်တယ်ဆိုကတည်းက အဓိကက အနုပညာ ကျန်ဖို့ပါ။ ကိုယ့် အတွက် လုပ်ကွက်ကျန်မယ်။ ပြောရမယ်ဆိုရင် လုပ်ပြခွင့် ရတဲ့ ဇာတ်ကောင်စရိုက် တစ်ခုပါ။ ကိုယ့်ရဲ့ဇာတ်ဖြစ်ရမယ်လို့ ကျွန်တော် မတောင်းဆိုပါဘူး။ အဲဒီလိုမျိုး ဖြစ်ရင် ကျွန်တော် ကျေနပ်ပါတယ်။

ဇာတ်လမ်း အမျိုးအစားကျတော့ရော ဘယ်လိုဘက်ကို ဦးတည် သွားချင်လဲ။

ကျွန်တော်က ဘ၀ သရုပ်ဖော်မျိုးကို ဦးတည်ပြီး သွားချင်တယ်။ အခုရိုက်ဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ကားကလည်း ဘ၀ သရုပ်ဖော် ဇာတ်လမ်းလေးပဲ။ အဲဒါကြောင့်လည်း ရိုက်ဖို့စီစဉ် ဖြစ်သွားတာ။ ကျွန်တော် ကြုံတွေ့နေရတဲ့အတွေ့အကြုံ၊ ဖြတ်သန်းလာတဲ့ အတွေ့အကြုံ အရဆိုရင် သူ့ဟာနဲ့ သူသင့်တင့် လျောက်ပတ်စွာတော့ ကျွန်တော် လုပ်နေနိုင်ပါပြီ။ ဒါပေမဲ့ ဘ၀သရုပ်ဖော်ဇာတ် လမ်းတွေကို လုပ်ချင်တယ်။ ဒါပေမဲ့ ဒရာမာတွေ ရိုက်ဖို့က ပြောရမယ် ဆိုရင် ဟီးရိုး ရှားတာပေါ့နော်။ တော်တော် လေးရှားပါတယ်။ ဟာသတွေ ပဲ ရိုက်ကြတာ များတယ်။ ပရိသတ်ကလည်း ဒရာမာ ဆိုရင် ရုံမှာ လာမကြည့်ချင် ဘူး။ အဲဒီလိုသဘောလေး တွေရှိတယ်။

အချစ်ကား သီးသန့်ဆို ရင်ရော ပရိသတ်တွေ စိတ်ဝင်စားနိုင်မလား။

အဲဒီလို ဆိုရင်တော့ အများကြီး ဖြစ်နိုင်ပါတယ်။ အချစ်ကားလောက်ဆိုရင် လူငယ် ပရိသတ်တွေ၊ လူလတ် ပိုင်းလောက်ထိ အားပေးကြတာမျိုး ဖြစ်နိုင်တယ်။ ဒရာမာက ဖြစ်နိုင်ဖို့လိုတယ်ဗျ။

ဇွန်လဆန်းမှာ ရိုက်မယ့် ရုပ်ရှင်ကားကြီးမှာ မင်းသမီးသစ် တစ်ယောက်ပါတယ် ဆိုတော့ ဘယ်လို ရွေးချယ်မှုတွေနဲ့ လက်ခံခဲ့လဲ။

အဓိကက ဇာတ်လမ်းကို ရွေးချယ်တာပါ။ မင်းသမီးသစ်ရယ်လို့ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော် ကိုယ်တိုင် အသစ်က စလာရလို့ပါပဲ။ ကျွန်တော် ကိုယ်တိုင်လည်း အသစ်တစ်ယောက် အနေနဲ့ အခက်အခဲတွေ အများကြီးနဲ့ ဒီလောကထဲ စတင် ၀င်ရောက်တဲ့ အချိန်မှာ ကြုံခဲ့ရပါတယ်။ အသစ် တစ်ယောက်ကို လက်တွဲ ရတယ်တို့ ဘာတို့မရှိပါဘူး။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ အားလုံး စုစည်းပြီး ဇာတ်ကားကောင်းဖို့ လုပ်ကြတာပါပဲ။

အသစ်တစ်ယောက် အနေနဲ့ မြင့်မြတ် စတင် လျှောက်လှမ်းတဲ့ အချိန်မှာ ဇာတ်ကား တွေရိုက်မယ့် ထုတ်လုပ်ရေးနဲ့ စတင်တွေ့ခဲ့ရတယ်။ အခက် အခဲတွေ ကြုံတွေ့ရတယ်လို့ ပြောတော့ ဘယ်လိုအခက် အခဲတွေများ ဖြစ်မလဲ။


အခက်အခဲက အများကြီးပါ။ ဒီအလုပ်ရယ်မှ မဟုတ်ပါဘူး။ လုပ်ငန်း တစ်ခုကို ကျွန်တော်တို့ စပြီး လုပ် တော့မယ်ဆိုရင် ဘယ်သူမဆို သူဌေး နေရာကို တန်းပြီး လုပ်လို့မရဘူး။ တတ်နိုင်တဲ့ သူကတော့ သူဌေးနေရာ တန်းပြီး လုပ်လို့ရတယ်။ အခြေခံကနေ အောက်ခြေကနေ တက်လာခဲ့တဲ့ သူတွေကျတော့ အခက်အခဲ ဆိုတာ အများကြီးပဲ။ ၀မ်းနည်း ခဲ့ရတာတွေ ရှိတယ်။ ကြေကွဲ ခဲ့ရတာတွေ ရှိတယ်။ နာကျင်ခဲ့ရတာတွေ ရှိတယ်။ အဲဒါတွေကျတော့ လူမသိဘူး။ အဲဒါတွေကြောင့် အသစ်ဆိုရင် ပိုပြီး လက်တွဲ ခေါ်သင့်တယ်။ ပိုပြီး ဖေးမသင့်တယ်။ အားပေးသင့်တယ်။ ကူညီ သင့်တယ်ပေါ့။

မြင့်မြတ်က ကုမ္ပဏီ တစ်ခုနဲ့ စာချုပ်ချုပ်ပြီး ဇာတ်ကားတွေ ရိုက်ခဲ့တာဆိုတော့ နောက်တက်လာမယ့် အသစ်တွေရော စာချုပ်ချုပ်ပြီး ရိုက်သင့်လား။

ကျွန်တော့် အတွေ့အကြုံနဲ့ ဆိုရင်တော့ ပိုက်ဆံရှိရင် ကိုယ့်ဘာသာထုတ်လုပ်ရေး ထောင်ပြီး ကိုယ့်ဘာသာ ကြိုက်တဲ့ ဒါရိုက်တာ၊ ကြိုက်တဲ့ မင်းသမီး ငှားပြီး ကိုယ့်ဘာ သာရိုက်၊ အကောင်းဆုံးပဲ။ ဒါကတော့ တတ်နိုင်တဲ့သူ ရွေးချယ်ခွင့် ရှိတဲ့သူ အတွက်ပေါ့။ ရွေးချယ်ခွင့် မရှိတဲ့သူ အတွက် ကတော့ ရွေးချယ်ခွင့်ဆိုတာ ဘာမှကို မရှိဘူး။ ကြုံလာတဲ့ အပေါ်မှာပဲ အကောင်းဆုံး ဖြစ်အောင် ရင်ဆိုင်ကြရတာပဲ။

မြင့်မြတ်က အခု အချိန်မှာ ထုတ်လုပ်ရေး ၃ ခုနဲ့ လက်တွဲ နေတာကိုတော့ ထုတ်လုပ်ရေး တစ်ခုတည်းက ပဲ စာချုပ်ချုပ်ပြီး ရိုက်မယ် ဆိုရင်ရော ရိုက်ဦးမလား။

ထုတ်လုပ်ရေး တစ်ခုတည်းနဲ့တော့ ကျွန်တော် ဘယ်တော့မှ ရိုက်မှာ မဟုတ်ပါဘူး။ ဘာသဘောနဲ့မှတော့ မဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာကို လုပ်ဖို့ဆိုတာ လွတ်လပ်မှု ရှိမှ ရမှာလေ။ အဲဒီအတွက် ကျွန်တော် လွတ်လွတ်လပ်လပ် အလုပ် လုပ်ချင်တယ်။ အချုပ်အနှောင် ပါမယ့် ဘယ် အလုပ်မျိုးမဆို ကျွန်တော် လုပ်မှာမဟုတ်တော့ဘူး။

တချို့ကျတော့ ထိန်းချုပ်မှုလေး တစ်ခုရှိမှ ပိုပြီး အဆင်ပြေနိုင်မယ်လို့ ထင်ကြတယ်။ မြင့်မြတ်ကရော ကိုယ်တိုင် ထိန်းချုပ်မှု ဘယ်လောက် ရှိလဲ။

ကိုယ့်ကိုယ်ကို ထိန်းခဲ့ရတဲ့ အချိန်တွေ အများကြီး ရှိတာပေါ့။ ကျွန်တော်တို့ ဒီလို နာမည်လေး တစ်လုံး ရလာတယ်။ ဒီလိုနေရာ ရောက်လာတယ် ဆိုတာ ကျွန်တော်တို့မှာ အနုပညာ မျိုးရိုးလည်း မရှိဘူး။ အရင်ကတည်းက ပြည့်စုံတဲ့ သူလည်း မဟုတ်ဘူး။ ကိုယ့်ဘာသာ ကြိုးစားရင်း၊ ကြိုးစားရင်း ကိုယ့်ကိုယ်ကို ထိန်းကျောင်းရင်း၊ ထိန်းကျောင်းရင်း အခက်အခဲတွေ အများကြီး ရင်ဆိုင်ရင်းနဲ့မှ ဒီလိုနေရာ ရောက်လာတာပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကို ရာခိုင်နှုန်းပြည့် မထိန်းနိုင်ဘူး။ ဒါပေမဲ့ အလွန်အကျွံ မဖြစ်အောင်တော့ ထိန်းတတ်တယ်။

မြင့်မြတ်က အခုအချိန်မှာ မန်နေဂျာ တစ်ယောက်ထားပြီး အလုပ်တွေ လုပ်တာဆိုတော့ ဘယ်လို အထောက်အပံ့တွေ များရလဲ။


အထောက်အကူ များစွာရပါတယ်။ ဇာတ်လမ်း ရွေးချယ်တာက အစပေါ့နော်။ အပြင် အလုပ်တွေ လုပ်ရင်လည်းအားလုံး တိုင်တိုင်ပင်ပင်နဲ့ လုပ်တယ်။ ပြောရမယ်ဆိုရင် အမှား မပါအောင် ပေါ့နော်။

မန်နေဂျာထားလို့၊ မန်နေဂျာကြောင့် ကိုယ့်ရဲ့ အနုပညာ၊ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေမှာ ထိခိုက်တာမျိုးတွေ ရှိတတ်တယ်။ အဲဒီ အပေါ်မှာရော မြင့်မြတ် ဘာပြောချင်လဲ။

မှန်ပါတယ်။ မန်နေဂျာကြောင့် ထိခိုက်တာမျိုးတွေရှိလည်း ရှိတယ်။ ကြားလည်း ကြားဖူးတယ်။ အဓိကကတော့ ကိုယ်ပါ ပဲ။ ကိုယ်နဲ့ အဆင်ပြေမယ် ထင်လို့၊ အလုပ်တွေ တွင်ကျယ်ဖို့က မန်နေဂျာ မထားလို့က မရဘူး။ ဘာပဲပြောပြော မန်နေဂျာထား ပြီဆိုကတည်းက ၀န်တော့ တော်တော်လေး ပေါ့သွားတယ်။ ပေါ့သွားတဲ့ အလျောက် တချို့အပိုင်းတွေမှာ ခေါင်းအေးအေးနဲ့ လုပ်နိုင်တာတွေ ရှိတယ်။ ဖြစ်သမျှ ပြဿနာတွေကို ကိုယ်ပဲရှင်းနေရမယ် ဆိုရင်တော့ သိပ်ပြီး အဆင် မပြေဘူး။

မြင့်မြတ်က အနုပညာ ပျိုးခင်း အဖွဲ့ထဲမှာပါတဲ့ သူ တစ်ဦးအနေနဲ့ အနုပညာပျိုး ခင်းက စင်တင်တဲ့ မင်းသမီး တွေနဲ့ ဇာတ်ကား ရိုက်ကူးရေး အစီအစဉ် ဘာတွေများ စီစဉ်ထားလဲ။

ကျွန်တော်တို့ရဲ့ အနုပညာ ပျိုးခင်းက မင်းသမီးတွေ နဲ့ ဇာတ်ကားတွေ စတင် ရိုက်နေပြီ။ ယုသန္တာတင်၊ အိချောပိုတို့နဲ့ ရိုက်ပြီးပြီ။ ရွှေမှုန်ရတီနဲ့ပဲ ရိုက်ဖို့ ကျန်တော့တယ်။ သူတို့နဲ့ရိုက်မယ့် ဇာတ်လေးတွေ သေသေချာချာ ပြင်ဆင် ပြီး၊ သေသေချာချာ စေတနာ ထားပြီး ရိုက်ကူးတယ်။

အနုပညာ ပျိုးခင်းက လူတွေက ကိုယ့်အစီအစဉ်နဲ့ ကိုယ် အနုပညာ လှုပ်ရှားမှုတွေ လုပ်နေသလိုပဲ။ အဖွဲ့အနေနဲ့ တခြား ဘာတွေများ လုပ်ဖို့ ရှိ သေးလဲ။

ပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့ အကုန်လုံးတော့ ပါပါတယ်။ ကျွန်တော်တို့ ရုပ်ရှင် အစည်းအရုံး ပြန်ဖွဲ့စည်းတဲ့ နေရာမှာလည်း အနု ပညာပျိုးခင်းက ညီအစ်ကိုတွေ အကုန် ပါတာပဲ။ ဒါက အဖွဲ့အစည်း အနေနဲ့ ကျွန်တော်တို့ ဖွဲ့ထားတဲ့ အဖွဲ့လေးအနေ နဲ့ လုပ်တာမဟုတ်ပေမဲ့ ကျွန်တော်တို့ အကုန်ပါတယ်။ ဒီအဖွဲ့လေး ဖွဲ့ထားတာက မင်းသမီးသစ် ၃ ယောက် တင်ဖို့တင် မဟုတ်ဘူး။ အစီအစဉ်တွေ အများကြီး ရှိသေးတယ်။ အတိုချုပ် ပြောရမယ် ဆိုရင် လက်ရှိ လည်ပတ်နေတဲ့ အနုပညာ လောကကောင်းဖို့ လိုအပ်တဲ့ ကိစ္စတွေလုပ်ဖို့ ဒီအဖွဲ့လေးကို ဖွဲ့ထားတာပါ။ ဒါကြောင့် အနုပညာ လောက အတွက် ထိခိုက်လာ မယ့် ကိစ္စမှန်သမျှကို လိုအပ် ရင် လိုအပ်သလို တတ်နိုင်သလောက် ကာကွယ်နေမယ်။



မြင့်မြတ်က သရုပ်ဆောင် အနုပညာ လောကမှာ ၅ နှစ်တာ အတွေ့အကြုံတွေကို အသုံးချပြီး ရှေ့ဆက် ဘယ်လိုတွေ လုပ်သင့်တယ်ဆို တာတွေကို တွေးဆ နိုင်နေပါ ပြီ။ မျက်လုံးအားကောင်းတယ်လို့ ပြောတဲ့ မြင့်မြတ်က ရွှေအမြုတေ မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးတဲ့ အခါမှာ သူ့ရဲ့မျက်လုံးအားတွေကို အသုံးချခဲ့ပါတယ်။ ရွှေအမြု တေမျက်နှာဖုံးမှာ တစ်နှစ် ကို တစ်ကြိမ်နှုန်းပါတဲ့ မြင့်မြတ်က ဘယ်အလုပ်မဆို အကောင်းဆုံးဖြစ်အောင် လုပ် ဆောင်တတ်တာပါ။ လွတ် လပ်မှုတွေနဲ့အတူ အတောင်ပံ ဖြန့်ကြက်ပျံသန်းနေတဲ့ မြင့် မြတ် လုပ်ချင်တာတွေကို စိတ်တိုင်းကျလုပ်ဆောင်နိုင် ပါစေ။ ရွှေအမြုတေမဂ္ဂဇင်း အတွက် ကမ်းနား၊ ပန်းခြံထဲ မှာ မနက်ပိုင်း၊ ညနေပိုင်း အချိန်များစွာပေးပြီး ဓာတ်ပုံ ရိုက်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ နေပူပူမှာ ချွေးရွှဲရွှဲနဲ့ အကောင်းဆုံးပုံ ဖော်ပေးတဲ့ ဓာတ်ပုံ ကိုလင်း (Studio-K) ကိုလည်း ကျေး ဇူးတင် ရှိပါတယ်။


ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၂)

http://shweamyutay.com/



~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved