ပန်းတမော့

Thursday, July 26, 2012




ပန်းတမော့လို့ခေါ်တဲ့ ကျောက်ဆစ်လုပ်ငန်းကို မန္တလေးမှာ အများအပြား လုပ်ကိုင်ကြပါတယ်။

ကျောက်တုံးတတုံးကို ဘုရားဆင်းတုတဆူဖြစ်လာအောင် ရွေးချယ်ဆုံးဖြတ်နိုင်သူဟာ အခရာအကျဆုံးသူလို့ ကျောက်ဆစ်လုပ်ကိုင်နေသူတွေက သတ်မှတ်ကြပါတယ်။

ကျောက်တုံးတိုင်းကို ထုဆစ်လို့ ရနိုင်ပေမယ့် ဘုရားဆင်းတုထုမယ့် ကျောက်တုံးမှာ အပြစ်အနာအဆာတွေ ကင်းနေအောင် ရွေးချယ်နိုင်ဖို့ လိုအပ်ပါတယ် တဲ့။

စကျင်ကျောက်ထွက်ရှိရာ မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ကျေးရွာ ၊ စကျင်တောင်တွေကနေ အများဆုံး မှာယူလုပ်ကိုင်လေ့ရှိပါတယ်။


စကျင်တောင်များ

တောင်မကြီး (အစိုးရ ကျောက်ပြားစက်ရုံ)
အလယ်တောင်
ဆံတော်ရှင်တောင်
ကျောင်းတောင်

ခဲတောင်
မိချောင်းတောင်
မြိုင်တောင်
ရေချမ်းအေးတောင်


အဲဒီထဲက တောင် ၅ လုံးကို ပုဂ္ဂလိက လုပ်ငနှ်းရှင်တွေ လုပ်ပိုင်ခွင့် ရပါတယ်။ စကျင်ကျေးရွာ ဒေသခံများကတော့ ခဲတောင်မှာပဲလုပ်ပိုင်ခွင့် ရှိပါတယ် တဲ့။

စကျင်ကျောက်တွေကို ဘုရားဆင်းထုတော်၊ အိမ်ခန်းအလှဆင် ကြွေပြား၊ လူ့အသုံးအဆောင် အလှပစ္စည်းတွေအပြင် လမ်းခင်းရာမှာလည်း အသုံးပြုပါတယ်။

စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ဘုရားဆင်းတုတော်တွေကို ပြည်တွင်းမှာသာမက နိုင်ငံခြားကိုလည်း တင်ပို့ရကြောင်း၊ တရုတ်နိုင်ငံဘက်က ဘုရားစင်းတုတော် အပြင် ကွမ်ရင်မယ်တော်၊ ဦးတီဘွားရုပ်တုတွေကိုလည်း မှာယူကြောင်း သိရပါတယ်။

မန္တလေးကထင်ရှားတဲ့ ကျောက်တော်ကြီးဘုရား၊ မေမြို့ပြင်ဦးလွင်က မဟာကန်ထူးကန်သာ စတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကို စကျင်ကျောက်နဲ့ ထုလုပ်ထားတာပါ။

ကမ္ဘာ့အကြီးဆုံးစာအုပ်လို့ ဆိုကြတဲ့ မန္တလေး ကုသိုလ်တော်ဘုရား ကျောက်စာများဟာလည်း ပန်းတမော့ ပညာရှင်များရဲ့ လက်ရာ ဖြစ်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved