တံမြက်စည်း

Sunday, July 22, 2012

~

မောင်ကိုကို (အမရပူရ)


http://shweamyutay.com/images/news/s_july12/mgkoko.jpg

မိုးမြင့်မောင် အိပ်မက် မက်သည်။ အိပ်မက်ထဲမှာ တံမြက်စည်း စက်ရုံ မီးလောင် သွားသတဲ့။

မိုးမြင့်မောင် ထကသည်။ ပထမတော့ အိပ်မက်ထဲမှာ ကသည်။ နောက်တော့ အပြင်မှာ တကယ် ကနေမိသည်။ သူ အိပ်တာက ဘုရားခန်းမှာ။ ဘုရားစင်လေး ရှေ့မှာ သူ ကနေသည်။ မိန်းမနှင့် သမီးက အခြား အခန်းမှာ အတူတူ အိပ်ကြသည်။ သူ မိန်းမနှင့် အတူတူ မအိပ်တာ ဘယ်လောက် ကြာသွားပြီလဲ။ သူ ဒါကို မတွေးချင်ပါ။ မိန်းမနှင့် အတူတူ အိပ်စက်ခဲ့သော ကာ လများကို သူ မတွေးချင်ပါ။ အတူတူ မအိပ်တာလည်း မတွေးချင်ပါ။

သူ တွေးမိသည်က တံမြက်စည်း။ တံမြက်စည်းသည် သန့်ရှင်းရေး အလုပ်ကို လုပ်ရ၏။ ထိုတံမြက်စည်းများက သူ့တင်ပါးပေါ်သို့ ဘာကြောင့် ကျရောက်၊ ကျရောက်လာသလဲ။ တံမြက် စည်းဆိုင်းချက်ကြောင့် သူ့ အက ရုတ်တရက် ရပ်တန့် သွား၏။

၂။
သူ့အလုပ်က ဓာတ်ပုံဆရာ။ အခုတော့ ဂျာနယ် တစ်စောင်မှာ ပင်တိုင်ဆောင်း ပါးရှင်ဆိုလည်း ဟုတ်သည်။ သူ့အပေါင်းအသင်းများက စာပေနယ်ပယ်မှ အပေါင်း အသင်းများဖြစ်လာကြ၏။ သို့သော် သူ၏ အဓိက အလုပ်မှာ ဓာတ်ပုံဆရာ။ ဓာတ်ပုံ ရိုက်ခြင်းအနုပညာမှာ သူ ရူးသွပ်၏။ လူတစ်ယောက်၏ မျက်နှာကို ဓာတ်ပုံရိုက်ရခြင်း မှာ သူ ပျော်ရွှင်၏။ ရိုက်ကွင်း များတွင် အလျဉ်းသင့်သလို ရုပ်ငြိမ်ဓာတ်ပုံ လိုက်ရိုက်ရ၏။

“ဒီဘောင်းဘီက ကျော်ရဲအောင်က ပေးထားတာ။ ဒီအင်္ကျီက နိုင်းနိုင်းက ပေး တာ။ ဟောဒီဖိနပ်နဲ့ ဟောဒီ လက်ပတ်နာရီကတော့ စိုင်း စိုင်းကပေးတာ။ မင်းသမီး တွေကတော့ ကိုယ့်ကို ရေ ပေးတာပေါ့” လမ်း ၄၀ ထိပ်ရှိ ပိ တောက်ပင်အောက်က အရက်ဝိုင်းမှာ စာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ ကာတွန်းဆရာ၊ ပန်းချီဆရာ တို့ကို သူက အမြဲတမ်း ကြွားဝါတတ်သည်။

ရိုက်ကွင်းမှာ ရုပ်ငြိမ် ဓာတ်ပုံလိုက်ရိုက်လျှင် တစ် ပတ်၊ ဆယ်ရက်နှင့် သူ ငွေ တစ်သိန်းရသည်။ ဂျာနယ် အတွက် ဂီတပွဲတွေ ဓာတ်ပုံ လိုက်ရိုက်လျှင်လည်း ပိုက်ဆံ ရသည်။ သူ ရေးနေကျ တစ် စောင်တည်းသော ဂျာနယ်မှာ သူ့စာရေးခက တစ်ပတ်လျှင် တစ်သောင်းခွဲ။ ပိုက်ဆံရ အောင်တော့ သူက အမြဲ ကြံ စည်တွေးတောသည်။ နောက်ဆုံး ရိုက်ကွင်းမရှိသည့် ကာလများမှာ ပန်းချီကားပွဲ စားလည်း လုပ်သည်။ သည် က ပန်းချီကားတွေ ဟိုသွား ရောင်း။ ဟိုက ပန်းချီကား တွေ သည်ယူရောင်း။ သူ့မှာ ပန်းချီဆရာ အပေါင်းအသင်း ရှိသည်။ သူ ရိုက်ထားသည့် ရှုခင်းဓာတ်ပုံများကို ပန်းချီ ဆရာများအား လက်ဆောင် ပေးတတ်သည်။ ပန်းချီဆရာ များထံမှ ပန်းချီကားသေး သေးလေးပဲရရ သူ ပြန် တောင်းယူသည်။ နောက် တော့ ထိုပန်းချီကားကို သူ ရောင်းစား၏။

ပိုက်ဆံရှာရမည်ဟူ သော အတွေးအခေါ်က သူ့ ကိုယ်ထဲမှာ စွဲမြဲနေ၏။ သူ ပိုက်ဆံမရှာလျှင် လည်း သူ့မိန်းမက သူ့ကို မောင်းမည်။ နောက်ဘိတ်ဆုံး ပန်းချိုးခိုင်းသည်။ ပိတောက် ပန်းခူးရ၏။ သူသည် သူရှာလို့ရ သမျှ ပိုက်ဆံကို သူ့မိန်းမ အား အကုန်အစင်အပ်နှံတတ် ၏။ သူ ညနေတိုင်း အရက် သောက်သည်။ အပေါင်း အသင်းများနှင့်အတူ အရက် ၀ိုင်းမှာ လက်ဟန်ခြေဟန် အပြည့်နှင့် တော်ကီတွေ အမြဲ လွှတ်တတ်သည်။ အရက်ကို တစ်ခွက်ပြီး တစ်ခွက် သောက်သည်။ သို့သော် သူ့မှာ ပိုက်ဆံတစ်သိန်းပါလာလျှင်လည်း ထိုပိုက်ဆံ ကို ကျစ်ထားသည်။ မထုတ်။ စာမူခတစ်သောင်းခွဲပါလာလျှင်လည်း ထိုပိုက်ဆံကို ကျစ်ထားသည်။ မထုတ်။

“ရိုက်ကွင်းက ပိုက်ဆံ ဘယ်လောက်ရတယ်။ စာမူ ခက ဘယ်လောက်ရတယ်။ မိန်းမက စာရင်းအတိအကျ သိတယ်။ လျှော့အပ်လို့ မရဘူး”

ထိုအကြောင်းပြချက်ဖြင့် သူသည် သူ့ပိုက်ဆံကို လုံးဝမထုတ်။ အပေါင်း အသင်းများကတိုက်သော အရက်ကို အသေသောက် သည်။ သည်အထဲက သူ့မိန်းမ ၏ တံမြက်စည်းက သူ့တင် ပါးပေါ်သို့ အကြိမ်ကြိမ်ကျ ရောက်လာတတ်၏။ မိန်းမ လက်ထဲက ၀ါးလုံးသည် သူ့ခေါင်းပေါ် အကြိမ်ကြိမ် ကျရောက်လာတတ်၏။

တစ်ခါက ပုပ္ပားသို့ ရိုက်ကွင်းနှင့် လိုက်သွားသည်။ မိန်းမအတွက် သနပ်ခါးတုံး ကြီးကြီးလှလှတွေ့၍ ၀မ်းသာအားရ ၀ယ်လာ၏။ မကြာပါ။ ထိုသနပ်ခါးတုံးနှင့် မိန်းမက လှမ်းထုတာ ခံရသည်။ သူ ခေါင်းကွဲသွား သည်။ သုံးချက်ချုပ်ရသည်။ ထိုကတည်းက သူသည် နယ် သို့ ရိုက်ကွင်းထွက်ရလျှင် သနပ်ခါးတုံးများကို လှည့် မကြည့်တော့ပါ။ သနပ်ခါး တုံးကို သူ မုန်းသည်။

“ဟောဒီမှာ ကျွန်တော့် ခေါင်းမှာ အမာရွတ်တွေနဲ့။ တွေ့လား။ ဟောဒါက မိန်းမက သနပ်ခါးတုံးနဲ့ ထုတာ။ ဟောဒီ အမာရွတ်က မိန်းမက ၀ါးရင်းတုတ်နဲ့ ရိုက်တာ”

သူ ပြောတတ်၏။
“ကိုယ်ကလည်း လုပ်ကျွေးရသေးတယ်။ မိန်းမ အနိုင်ကျင့်တာ ဘာလို့ခံရတာလဲ”

တစ်ယောက်က မေးသည်။
“ကျွန်တော့်မိန်းမက ကျွန်တော့်ထက် အသက်တစ် နှစ်ကြီးတယ်ဗျ။ သူ ရိုက်ရင် ကျွန်တော် ခံရမှာပေါ့။ သူက မထိန်းကျောင်းရင်လည်း ကျွန်တော့် ဘ၀က သောက် စားမူးယစ်ပြီး တေပေလေ လွင့်သွားမှာ။ ပျက်စီးခြင်းငါး ပါး တိုင်သွားမှာပဲ။ ဒါကြောင့် မိန်းမက ထိန်းကွပ်တာ သဘာဝကျတယ်ဗျ”

သူ ပြောတတ်သည်။
သူသည် ခုံပုလေးပေါ် မှာ ထိုင်ရင်း အရက်ဖန်ခွက် ကို ကောက်ယူမော့သောက် လိုက်၏။ မြင်းခွာရွက်သုပ်ကို စားပြီး၊ ဆိတ်ပဲဟင်း စားနေ ပြန်သည်။ သူ ပိုက်ဆံ ရှင်းရ တာ မဟုတ်။

၃။
ပန်းခြံဓာတ်ပုံဆရာ ဘ၀မှာပင် သူ မိန်းမရခဲ့၏။ သူ မိန်းမရပြီး နှစ်နှစ်လောက်မှာ ရှစ်တန်းတုန်းက ငယ် ရည်းစားနှင့် ပန်းခြံရှေ့မှာ တွေ့သည်။
ပန်းခြံဓာတ်ပုံဆရာပီပီ နှုတ်သွက်အာသွက်။
“လာ လက်ဖက်ရည် သောက်ကြရအောင်”

လက်ဖက်ရည်ဆိုင် ထိုင်ကြသည်။ ကောင်မလေးက ပိုက်ဆံရှင်း၏။
“နင် အခု ဘာလုပ် နေလဲ”

“ငါ ဒီပန်းခြံထဲမှာ ဓာတ်ပုံ ရိုက်နေတာပေါ့။ နောက်လည်း လာခဲ့ဟာ။ ဒီပန်းခြံမှာ ငါ အမြဲရှိတယ်”

ကောင်မလေးကလည်း စိတ်လေနေသလား မသိ။ သူရှိရာ မဟာဗန္ဓုလ ပန်းခြံသို့ ကောင်မလေး ရောက်ရောက်လာသည်။
“ငါလည်း မိန်းမ မရ သေးဘူးဟ”

သူက လိမ်ညာသည်။
ကောင်မလေးက လည်း “ဟုတ်လား” ဆိုပြီး ယုံလိုက်၏။
“ငါတို့ မနက်ဖြန်မှာ ရုပ်ရှင်ကြည့်ကြရအောင်”

“အေးလေ ကြည့်မယ်”
ထိုနေ့က သူက အကောင်းဆုံး ဂျင်းဘောင်းဘီကို ၀တ်ဆင်သွား၏။

ရုပ်ရှင်ရုံရှေ့ရောက် တော့ သူ့ဦးခေါင်းကို မိုးကြိုး ကြီးက ပစ်ခွဲချလိုက်၏။
ကောင်မလေးက အဖော်နှစ်ယောက်ခေါ်လာ ၏။ တစ်ယောက်မှာ သူ့ မိန်းမ၏ သူငယ်ချင်း အရင်း ခေါက်ခေါက်။
မိုးမြင့်မောင် သေပြီ။
မိုးမြင့်မောင် အစိမ်း လိုက် သေပြီ။
မိုးမြင့်မောင် အတောင့် လိုက် သေပြီ။
မိုးမြင့်မောင် တကယ် သေပြီ။
ကောင်မလေးနှင့် အီစီ ကလီလုပ်၍ မရတာထက် သူ့မိန်းမက သူ့ကို ဘယ်လို စက်ဖြင့် ထုထောင်းမည်နည်း ဟုသာ သူတွေး၏။ နောက် နေ့မှာပင် မိန်းမက သူနှင့် ကောင်မလေး ရုပ်ရှင်ကြည့် ကြသည့် ကိစ္စကို သိသွား၏။

မိန်းမက သူ့ကို ဘာမျှ မပြော။ မသိသလို ဟန် ဆောင်နေသည်။
“ငါလည်း သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်ဦးမယ် မိုးမြင့်မောင်”
သူ့မိန်းမက သူ့ကို မိုးမြင့်မောင်ဟုပဲ ခေါ်သည်။ နင်နဲ့ ငါနဲ့ သုံးနှုန်းသည်။

မိုးမြင့်မောင်သည် အအ ကြီးလိုနေသည်။ အကန်းကြီး လိုနေသည်။ အပင်းကြီးလို နေသည်။ မိုးမြင့်မောင်သည် မိုးမြင့်မောင် ရုပ်သွင်ထုလုပ် ထားသော ကျောက်ရုပ်တစ် ရုပ်ဖြစ်သည်။ သူ့မိန်းမက သူ့ငယ် ရည်းစား ကောင်မလေး အိမ်သို့ ခပ်တည်တည် ၀င် ရောက်သွား၏။
“ဟေ့ တို့က မိုးမြင့်မောင်ရဲ့ မိန်းမ။ မဟာဗန္ဓု လပန်းခြံထဲမှာ ဓာတ်ပုံရိုက်တဲ့ မိုးမြင့်မောင်လေ။ တို့ မင်္ဂလာ ဆောင်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို နင် မမြင်ဖူး သေးဘူးလားလို့ တို့ လာပြ တာ”

ကောင်မလေးသည် ငြိမ်ငြိမ်ကုပ်ကုပ်ကလေးနှင့် ခံနေရ၏။ ကောင်မလေး ငိုရှိုက်သည်။ သူ့မိန်းမက ထွက်လာခဲ့၏။ နင် ငိုရစ်ခဲ့ တော့။
အိမ်ပြန်ရောက်တော့.
“ဟဲ့ကောင် မိုးမြင့်မောင် လာခဲ့စမ်း”

မိုးမြင့်မောင်သည် မျက်စိပေကလပ် ပေကလပ်နှင့်။ မျက်နှာအပျက်ပျက် အယွင်းယွင်းနှင့်။ ဆံပင်များ အပေါ်ထောင်လျက်။ ယုန်က လေးတစ်ကောင်သည် မိုးမြင့် မောင်ဖြစ်၏။
“ငါ့ မိဘတွေကို ငါ ခေါ်ထားတယ်။ သူတို့ အခုပဲ ရောက်လာလိမ့်မယ်။ နင်ထိုင် နေကျနေရာမှာ ထိုင်နေ”

မိုးမြင့်မောင်သည် လှောင်အိမ်ကျဉ်းကျဉ်းကလေး ထဲက ယုန်ကလေးတစ် ကောင်လို ထိုင်နေ၏။
မိုးမြင့်မောင် ဒူးတုန်နေသည်။
မိုးမြင့်မောင် ရင်ခုန်နေ၏။
မကြာခင်မှာ သူ့မိန်းမ၏ မိဘများ ရောက်လာ သည်။ ဧည့်ခန်းမှာ ၀င်ထိုင် ကြ၏။
“မိုးမြင့်မောင် ပြစ်မှု ကျူးလွန်တယ်။ ကောင်မလေး တစ်ယောက်နှင့်အတူ သူ ရုပ်ရှင်ကြည့်တယ်”

“မင်းက ဘာလို့ အဲဒီလို ဖောက်ပြန်ရတာလဲ”
သူ့မိန်းမ၏ ဖခင်က မေးသည်။

“ကျွန်တော် ဂျင်းဘောင်းဘီ ၀တ်ချင်လို့ပါ။ အဲ့ဒီကောင်မလေးက ဂျင်း ဘောင်းဘီဝယ်ပေးမယ် ပြော လို့ပါ”
မိုးမြင့်မောင်သည် အရူး ကီးနှင့် ဖြေ၏။
“ကဲ လျှာမရှည်နဲ့။ ဟိုဘက်လှည့်။ လက်ပိုက်”

သူ့မိန်းမသည် လက်ထဲ မှာ တံမြက်စည်းကို တင်း တင်းဆုပ်ကိုင်ထား၏။
မိုးမြင့်မောင်၏ ဒူးများ သည် တဆတ်ဆတ် တုန်နေ၏။
“လှည့်မကြည့်နဲ့”

သူ့မိန်းမ၏ အသံက အေးစက်မာကျောလျက်။
လှည့်မကြည့်နဲ့ဆိုမှ သူ က မျက်စိသူငယ်နှင့် နောက် သို့ လှည့်ကြည့်လိုက်မိ၏။
တံမြက်စည်းက သူ့ကို လျှာထုတ်ပြ၏။
တံမြက်စည်းက သူ့ကို သွားဖြဲပြ၏။
သူ့မိန်းမက တံမြက် စည်းကို အားကုန်လွှဲယမ်းပြီး အားကုန်ရိုက်ချလိုက်၏။
သူ့တင်ပါးထဲ၊ သူ့ဖင်ထဲ သို့ တံမြက်စည်းအချောင်း လိုက် ၀င်သွားသကဲ့သို့ သူ ခံစားရ၏။
ဖုန်း
ဖုန်း
ဖုန်း
သူ့တင်ပါးပေါ်မှာ
သူ့ပေါင်ပေါ်မှာ
သူ့ခြေသလုံးပေါ်မှာ
တံမြက်စည်း ဆက် တိုက်ပြင်းထန်စွာ တိုက်ခိုက် ထိုးနှက်နေ၏။
“အား”
“အား”
“အား”
“သေပါပြီ”

“နောက်မလုပ်တော့ပါ ဘူး”

“သူပေးတဲ့ ဂျင်း ဘောင်းဘီလည်း မလိုချင် တော့ပါဘူး”

“ဟဲ့ကောင် မိုးမြင့် မောင် မှတ်ပြီလား”
“အင်း မှတ်ပြီ မှတ်ပြီ”
ဖုန်း
“အမယ်လေးဗျ”
သူ့မိန်းမက သူ ဘယ် တော့မှ နာလန် မထူနိုင်အောင် နိုင်သွားသည်။ သူ့ဘ၀တစ်ခု လုံးကို သူ့တစ်သက်စာလုံး ကို သူ့မိန်းမက နိုင်သွား၏။

သူ့တင်ပါးပေါ်မှာ၊ သူ့ ပေါင်ပေါ်မှာ၊ သူ့ ခြေသလုံး ပေါ်မှာ အနီအရဲကြီးများ အရှိုးအမြောင်းကြီးများ၊ အဖု အထစ်ကြီးများ ကျန်ရစ် သည်။
သို့သော် သူ့မိန်းမကို သူ စိတ်မဆိုး။
သူက မှားတာကိုးဟု သူ တွေး၏။
မိုးမြင့်မောင်သည် ရှုံးနိမ့် ရခြင်းမှာ ကျေနပ်နေ၏။
နောက်နေ့မှာ သူ့မိန်းမ က သူ့ကို ဂျင်းဘောင်းဘီ တစ်ထည် ၀ယ်ပေး၏။
နောက်ဆယ်ရက် အကြာတော့ သူ့ ယောက္ခထီး နှင့် ယောက္ခမက သူ့အတွက် ဂျင်းဘောင်းဘီ တစ်ထည် ၀ယ်လာပြန်၏။
“မိုးမြင့်မောင် နင့် အတွက် ဂျင်းဘောင်းဘီ။ လိမ်လိမ်မာမာနေနော်”

“ဟုတ်ကဲ့”
မိုးမြင့်မောင်သည် တံ မြက်စည်းကို ကြည့်မိသွား၏။ သူ့ဝမ်းဗိုက်ထဲက အူများ ၏ အော်မြည်ငိုရှိုက်သံကို သူ့ နားက ကြားလိုက်ရ၏။

မိုးမြင့်မောင်၏ ရင်ထဲ၊ အသည်းထဲ၊ အူထဲမှာ တံ မြက်စည်း ရှိနေသည်။
တံမြက်စည်းသည် သူ၏ အသည်းစွဲမုန်းသူ။
တံမြက်စည်းကို မုန်း သော်လည်း သူ့မိန်းမကို သူ မမုန်း။ ဘယ်တော့မှ မမုန်း။

၎။
ထိုအချိန်က သူသည် ဓာတ်ပုံလည်းရိုက်ရင်း ကဗျာ များကို ရူးမူးစ။ ရန်ကုန်မြို့ထဲ မှာ ခေတ်ပြိုင်ကဗျာဆရာ အကျော်အမော်များ ရှိသည်။ သူတို့ထိုင်နေကျ လက်ဖက် ရည်ဆိုင်မှာ မိုးမြင့်မောင် မချဉ်းကပ်ရဲ။

“မင်းက တို့လက်ဖက် ရည်ဝိုင်းမှာ ထိုင်လောက်တဲ့ အဆင့်အတန်း ရှိလို့လား”

မိုးမြင့်မောင်သည် ထိုစကားလုံးနှင့် ပစ်သတ်ခံ ရမှာ ကြောက်သည်။
တောင်ဥက္ကလာပမှာ ကဗျာဆရာတစ်ယောက်ရှိ သည်။ ကိုနီလန်။ သူက လည်း တောင်ဥက္ကလာပမှာ ဗိုလ်စွဲထားသည်။ မဂ္ဂဇင်း ပေါ်မှာ ကျော်ကျော်ကြား ကြား ကဗျာဆရာတော့ မဟုတ်။ မိုးမြင့်မောင်၏ ကီးက လူတော်ကီးမျိုးမဟုတ်။ အရူး ကီး။ ကိုနီလန်ထံမှာပဲ အရူး ကီးနှင့် ပစ်သွင်းကာ ခိုဝင် ထားလိုက်၏။ တစ်ညမှာ မိုးမြင့်မောင်သည် တောင်ဥက္ကလာပမှာ ကဗျာဆရာ အဖွဲ့နှင့် အရက်သောက်ရင်း ညဥ့်နှစ်နာရီထိုးသွားသည်။ မိန်းမက တံမြက်စည်းနှင့် စောင့်နေပြီ။

မိုးမြင့်မောင် အိမ်ပြန် လျှင် တံမြက်စည်းနှင့် အဆော်ခံရတော့မည်။ သို့သော် အိမ်တော့ပြန်ရမည်။ ပလီပလာလုပ်ရမည်။
မိုးမြင့်မောင်သည် သူ့ အိမ်၏ ခြံဝင်းတံခါးကို ခေါင်းနှင့် ဆောင့်တိုက်လိုက် ၏။
မိန်းမ ထွက်လာသည်။
လက်ထဲမှာ တံမြက် စည်းနှင့်။
“ဟဲ့ကောင် မိုးမြင့်မောင် လာခဲ့။ ဘယ်အချိန် ရှိပြီလဲ။ နင်လူလို အိမ်မပြန်တတ် ဘူးလား။ ခွေးလိုပြန်လာပြီး နွားလိုခြံဝမှာ ဝှေ့နေတာလား”

“ကိုယ် ကြေကွဲတယ် ကွာ”

“လဲသေလိုက်”

“ကဗျာဆရာ ကိုနီလန် ဆုံးသွားပြီကွာ။ ကိုယ်သေ သွားတဲ့ ကိုနီလန်အတွက် လုပ်စရာရှိတာ လုပ်ပေးနေလို့ ညဥ့်နက်သွားတာပါ”

မိုးမြင့်မောင် ငိုရှိုက် လိုက်သည်။
“ကိုယ်ကြေကွဲတယ် ကွာ။ ကိုယ်ကြေကွဲနေပြီ”

သူ့မိန်းမ တွေသွား သည်။
“လာ လာ နင်ကျက်သရေ ယုတ်နေတယ်။ ငါ ခေါင်း လျှော်ပေးမယ်”

သူ့မိန်းမသည် ထိုညက သူ့ကို ကြင်ကြင်နာနာ ခေါင်း လျှော်ပေးလိုက်သေး၏။
ပြီးတော့ မိန်းမဘေး မှာ သူ ခွေခွေလေးအိပ်စက် လိုက်၏။ အိပ်မက်ထဲမှာ သူ ငိုရှိုက်နေ၏။
“ကိုနီလန် ကိုနီလန် ခင်ဗျား သေသွားရှာပြီနော်”
မိုးမြင့်မောင်သည် ယောင်များတောင် ယောင်လို့။

၅။
နံနက်မိုးလင်းပြီ။
မိုးမြင့်မောင် အိပ်နေ ဆဲ။
သူ့ မိန်းမက ဈေးခြင်း တောင်းလေးကိုင်၍ ဈေးသွား သည်။
ဈေးထိပ်က လက်ဖက် ရည်ဆိုင်၏ ထိပ်ဆုံးစားပွဲမှာ ကဗျာဆရာ ကိုနီလန်သည် ငုတ်တုတ်ကြီး ထိုင်နေ၏။

ကိုနီလန်သည် စီးက ရက်ကို ဖွာနေ၏။ မိုးမြင့်မောင် မိန်းမ၏ မျက်လုံးများ ပြာဝေသွား သည်။ သရဲတစ္ဆေများ ဤကဲ့ သို့ လက်ဖက်ရည်ဆိုင်မှာ ငုတ်တုတ်ထိုင်၍ စီးကရက် သောက်တတ်တာလား။ မိန်းမက သေချာကြည့်သည်။ ကိုနီလန် အစစ်။ အတောင့်လိုက်ကြီး။ မိုးမြင့်မောင်၏ မိန်းမ သည် ဈေးထဲသို့ မ၀င်တော့။ အိမ်သို့ လှည့်ပြန်ခဲ့၏။ အိမ်ရောက်သည်နှင့် တံ မြက်စည်းကို ဆွဲကိုင်လိုက် သည်။ မိုးမြင့်မောင်၏ ဆံပင် ကိုဆွဲ၍ ထူမတ်လိုက်၏။ ခေါင်းလျှော်ရည်နံ့လေးက မွှေးနေသည်။

“ဟဲ့ မသာကောင် မိုးမြင့်မောင် ထစမ်း”

“ကိုနီလန်ရေ အမျှ အမျှ”

“ဟဲ့ကောင် အခုထ”

မိန်းမက မိုးမြင့်မောင် ကို တံမြက်စည်းနှင့် ကျွေး တော့သည်။
မိုးမြင့်မောင်၏ ကိုယ် ခန္ဓာအနှံ့အပြားမှာ တံမြက် စည်းကျည်ဆန်များ ကျ ရောက်လာပါပြီ။
မိုးမြင့်မောင်သည် အိမ် ပေါ်မှာ လှည့်ပတ်ကခုန်နေ ၏။ ရှောင်တိမ်းနေ၏။ ယိုးဒ ယားအကနှင့် တံမြည်စည်း ကို ရှောင်နေ၏။ မလွတ်။ မလွတ်မြောက်။

မိုးမြင့်မောင်သည် မိန်းမ ရှေ့တည့်တည်မှာ ဒူး တောက်ထိုင်ချလိုက်၏။
“ကိုယ် လက်နက်ချပါ ပြီကွာ”

မိုးမြင့်မောင် ငိုရှိုက် သည်။
“ဒါ မသာအိမ် မဟုတ် ဘူး။ ဟိုမှာ နီလန်လည်း မသေဘူး။ လက်ဖက်ရည် ဆိုင်မှာ ငုတ်တုတ်”

ဖုန်း
တံမြက်စည်းက သူ့ ကျောပေါ်သို့ ကျရောက်လာ ၏။
မိုးမြင့်မောင်သည် သူ့ ဦးခေါင်းကို သူ့ မိန်းမ၏ ခြေဖမိုးအစုံသို့ နှိမ့်ချလိုက်၏။
မိုးမြင့်မောင်၏ နဖူး သည် သူ့မိန်းမ၏ ခြေဖမိုး အစုံပေါ်မှာ။ မိန်းမ၏ ခြေ ဖမိုးသည် မိုးမြင့်မောင်၏ မျက်ရည်များဖြင့် ပူနွေးစိုရွှဲ လာ၏။
“ကိုယ် လိမ်ညာမိပါ တယ်။ ဒီအတွက် စိုးရွံ့မိပါ တယ်”

“ငါ့ကို ရုပ်ရှင် ရိုက်မပြ နဲ့”
မိုးမြင့်မောင်သည် မိန်းမ၏ ခြေဖမိုးပေါ်မှာ ရှိုက် ကြီးတငင် ငိုနေ၏။

၆။
ငွေကြေးတွေ၊ အရက် တွေ၊ တံမြက်စည်းတွေ၊ ၀ါး လုံးတွေ၊ သနပ်ခါးတုံးတွေ၊ အဆဲအဆို၊ အဟိန်းအ ဟောက်တွေ၊ ကင်မရာ ရိုက် ချက်တွေနှင့် မိုးမြင့်မောင် သည် လုံးထွေးရစ်ပတ်ဆဲ။

“မိန်းမကို ချစ်လိုက်ပါ။ ချစ်ချစ်ခင်ခင် စကားတွေ ပြောပြီး မိန်းမနဲ့ ဖက်အိပ်လိုက်”

၃၈ လမ်းက ကိုကျော် ကြီး၏ စားသောက်ဆိုင်မှာ ကိုကျော်ကြီးက မိုးမြင့်မောင် ကို ပြောသည်။ ရွှေအရက် တိုက်ပြီး ကြက်ကြော် ပျား ရည်ဆမ်းကျွေးပြီး ငါးရှဥ့် မြေအိုးချက်ကျွေးပြီး ပြော သည်။
“တစ်ခါလောက် အတူ နေလိုက် ချစ်လိုက်ပါ”

“ကျွန်တော် မအောင်မြင် တော့ဘူး ကိုကျော်ကြီးရ။ အကြိမ်ကြိမ်ကြိုးစားဖူး တယ်။ မအောင်မြင်ဘူး။ အဲတော့ မိန်းမက သွားဆို ကန်ထုတ်တယ်”

“ကြိုးစားကြည့်ပါ ကိုမိုးမြင့်မောင်။ အရက်ကို လျှော့ချလိုက်။ လန်းဆန်း အောင်နေ။ အားဆေးတွေ ဘာတွေစားပေါ့”
“ကျွန်တော် မကြိုးစား ချင်တော့ဘူး ကိုကျော်ကြီး။ ပင်ပန်းတယ်။ အရက် သောက်ရတာ ကောင်း တယ်။ ပေါ့ပါးတယ်”

“အဲ့ဒါဆို တံမြက်စည်း တွေချည်း ဆက်တိုက်ကျ ရောက်လာလိမ့်မယ်”

“ကျွန်တော် တံမြက် စည်းကို ကြိုဆိုရမှာပေါ့။ မိန်းမက ကျွန်တော့်ထက် တစ်နှစ်ကြီးတယ်။ သူရိုက် ရင် ခံရမှာပေါ့။ သူက ကျွန်တော့်ကို ချစ်လို့ ရိုက်တာ ပေါ့”

ညဆယ်နာရီ။ ရန်ကုန် မြို့ ၃၈ လမ်းတစ်နေရာမှာ ပုလင်းသံ၊ ဖန်ခွက်သံ၊ ဇွန်း သံ၊ ပန်းကန်သံ၊ ရယ်မော သံ၊ ငြင်းခုံသံ၊ စားပွဲထိုး အသံ၊ ငွေရှင်းကောင်တာမှာ ကိုကျော်ကြီး၏ ဇနီးအသံ၊ တီဗွီမှာ ဘောလုံးပွဲအသံ။ အသံများလည်း လုံးထွေးနေ ၏။

မိုးမြင့်မောင်သည် ကိုကျော်ကြီးတိုက်သော ရွှေ ကို တစ်ခွက်ပြီးတစ်ခွက် သောက်နေ၏။ ကြက်သား ကြော်။ သူ စားသည်။ ကောင်လေး တစ်ယောက်သည် တံမြက်စည်း လှည်းရန် ရောက် လာ၏။ မိုးမြင့်မောင်သည် တံမြက်စည်းကို မြင်လိုက် ၏။
“ကြောက်ပါပြီ ခင်ဗျ”

မောင်ကိုကို ၊အမရပူရ၊

(ရွှေအမြုတေ မဂ္ဂဇင်း၊ ဇူလိုင်လ ၂၀၁၂)

http://shweamyutay.com/

2 comments :

  1. Anonymous said... :

    ဘာ message ပေးချင်လို့တင်တာလဲဟင်....
    ဧရာဝတီကဘဲမြင့်နေလို့ လား....

  1. lovecircle said... :

    နှစ်လုံး၊သုံးလုံးအတိတ်ကောက်ဖို့တင်တာထင်တယ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved