ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီး သမ္မတကြီး ငြိမ်းပေးပါ

Tuesday, July 10, 2012


ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲအဖြစ် “သားသမီးနှစ်ဦးလုံးဖြစ်နေတာ ကြောင့် အမွေတွေကို အညီအမျှ တ၀က်စီခွဲယူဖို့ဟူသော ရန်ကုန်အနောက်ပိုင်းခရိုင်တရားသူကြီးက ဆုံးဖြတ်”ဆိုတဲ့ “မီး” တောက်က ဆက်လက်တောက်လောင်နေပါတယ်။ ၂၀၁၂-၆-၂၂ ရက်နေ့က ဆုံးဖြတ်ချက်ချကြောင်း ၂၀၁၂-၆-၂၄ ရက်နေ့ ထုတ် အာအက်ဖ်အေသတင်းမှာ တွေ့ရပါတယ်။ ဒီမီးဟာ န၀တ၊နအဖ ဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရှို့ခဲ့တဲ့မီးရဲ့ နောက်ဆက်တွဲမီးတွေ ဖြစ်တယ်လို့သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးရဲ့ မနာလိုမုန်းတီမှုအစ

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ အရေးအခင်းမှာပါဝင်လာတာက ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် မနာလိုမုန်းတီးမှုက စတာပါ။

ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုများ

များစွာသော ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ်မုန်းတီးမှုတွေထဲက ဖျောက်ဖျက်ကွယ်ဝှက် လို့မရတဲ့ သာဓက ကြီးသုံးခုကို တင်ပြ ပါမယ် ဒီသုံးခု စလုံးဟာ စစ်ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူး အောင်လင်းထွဋ် ပြောပြချက်အရ သိရှိရသလို လူတိုင်းနားလည်ထားတဲ့ အတိုင်းဖြစ်ပါတယ်။ အဲဒါတွေက -

၁။ ၁၉၉၆ နောက်ပိုင်းမှာ NLD ပါတီဝင်တွေကို အမြစ်ပြတ် ခြေမှုန်းဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အမိန့်ထုတ် ခဲ့တဲ့အတွက် NLD ပါတီဝင်တွေကို အပြစ်ရှာနှိ မ်းနင်းခဲ့တယ်လို့ ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြောကြားကြောင်း သိရှိရပါတယ်။

(မိုးမခ၊ ၂၅-ဖေဖေါ်ဝါရီ-၂၀၁၂) အဲဒီအမိန့်အရ NLD ပါတီဝင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီ လှုပ်ရှားသူတွေဟာ ရေဖြတ်၊မီးဖြတ်တာကအစ အပြစ်ရှာ၊ ပြဿနာဖန်တီးပြီး ကျူပင်ခုတ်၊ကျူငုတ်မကျန်၊ သားစဉ် မြေးဆက် အကုန်လုံးကိုဒုက္ခပေးခံခဲ့ကြရပါတယ်။ ဒါလည်းအားလုံးသိပြီး ဖြစ်ပါတယ်။


ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို မလိုမုန်းတီးရာကစတဲ့မီးတောက်များထဲက တခုပါ။ ဒီပြဿနာတွေဟာ သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင် တွေ့မြင်သိရှိခဲ့ပြီးဖြစ်တဲ့ ပြဿနာတွေပါ။

၂။ ၂၀၀၃-ခု မေလ-၃၀ ရက်ည၊ ဒီပဲယင်းအရပ်မှာ ဒေါ်အောင်ဆန်းဆုကြည်ကို အသေသတ် အပြတ်ရှင်းဖို့ ကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် လျှို့ဝှက် စီစဉ်ကြောင်း ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်ရဲ့ နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းထံ ၂၀၀၅-ဧပြီလ-၁ရက်နေ့စွဲပါ နုတ်ထွက်စာတွင် အတိအလင်း ဖေါ်ပြထားသလို ဒီ လုပ်ကြံမှုကြီးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ ပက်စက်တဲ့အကြံဆိုတာလည်း ပြည်သူအားလုံး သိကြပါတယ်။

ဒီလုပ်ကြံမှုကြီးကိုလည်းသမတကြီးကိုယ်တိုင် ဒီဖြစ်စဉ်တွေကို သိရှိပြီးသားလို့ ယုံကြည်ပါတယ်။ ဒီလုပ်ကြံမှုကြီးတွင် လက်နက်မဲ့အပြစ်မဲ့ပြည်သူ ၂၈၀ ကျော်သေဆုံးခဲ့ရပြီး အများ အပြားဒဏ်ရာရပြီး ဖမ်းဆီးချုပ်နှောင်၊ ထောင်ချခြင်းခံခဲ့ရပါတယ်။ ဘာကြောင့်ဗိုလ်ချုပ်မှူးကြီးက ဒီလိုလုပ်တယ်ဆိုတာနဲ့ တရားမျှတမှု မရှိဘူးဆိုတာလည်း သမ္မတကြီးကသိရှိပြီးလို့ ယုံကြည်ပါတယ်။

ဒါဟာလည်း ဗိုလ်ချုပ်မှူးကြီးရဲ့ ဒေါ်စုအပေါ် ဖျောက်ဖျက်ကွယ်ဝှက်လို့မရတဲ့ ဒေါသ မီးတောက်တွေထဲက တခုပါ။

၃။ လက်ရှိဒေါ်အောင်ဆန်းစုကြည်နေနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်ကို မွေဆိုင်မှုဖြစ်အောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖန်တီးကြောင်းကိုလည်း ဗိုလ်မှူးဟောင်းအောင်လင်းထွဋ်ရေးတဲ့ စာကို ခေတ်ပြိုင် ဂျာနယ်တွင် ၂၀၀၈-၆-၂၀ရက်နေ့ ဖတ်ရပါတယ်။

စစ်ထောက်လှမ်းရေးအရာရှိဟောင်း မပြောခင်ကတည်းက ယင်းအိမ်အမွေဆိုင်မှုဟာ ယုတ်မာ၊ ကောက်ကျစ် စဉ်းလဲတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ပက်စက်သောအကြံအစည်ဖြစ်တယ် ဆိုတာ အားလုံးသိကြပါတယ်။

ဗိုလ်မှူးဟောင်းရဲ့ ခေတ်ပြိုင်ဂျာနယ်မှာ ဖော်ပြတဲ့ စာက ဟုတ်မှန် ကြောင်း အထောက်အထား ပိုခိုင်လုံ သွားပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်က ၂၀၀၈-၆-၂၀ရက်နေ့ ခေတ်ပြိုင်ဂျာနယ်၌ ဖေါ်ပြရာမှာ-

၁- ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်မှာ မောင်နှမ ကြား ပြဿနာ တခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်စုဧ။် စိတ်မရွှင်လန်း စေသည့်အပြင် ပြည်တွင်း၊ ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်အား အဆိုး မြင်စေခြင်း။

၂- ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦးဧ။် ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာစေရန် ဆွဲဆောင်ခြင်း။

၃- မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်ဧ။်မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီး ပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်းသွင်းစေခြင်း။

၎- ဦးအောင်ဆန်းဦးလက်မှတ်ရေးထိုးရန်သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် တရားစွဲမည့် စာရွက် စာတမ်း များကို မြန်မာသံရုံး ၀ါရှင်တန်မြို့သို့ပေးပို့ကာ ၄င်းမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများ ပေးပို့ပြီး လက်မှတ်ရေးထိုး၊ ပြန်ရောက်လာသောစာကို ထိုစဉ်က သံအမတ်ကြီး ဦးတင်ဝင်းမှ မှန်ကန်ကြောင်း ထပ်ဆင့် လက်မှတ်ရေးထိုးပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသံရုံးချောစာ (pouch) ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

အထက်ပါဗိုလ်မှူးအောင်လင်းထွဋ်ရဲ့စာမှာ ဗိုလ်ချုပ်မှူးကြီးအာဏာရှိစဉ်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လောက် မလို မုန်းထားရန်ငြှိးမီးပွားနေတယ်ဆိုတာ သိလောက် ပါတယ်။ ဒါပေမယ့် ခုအခါမှာ ဗိုလ်ချုပ်မှူး ကြီးဟာ အနားယူသွားပြီးအရင်ကလို သြဇာအာဏာ မရှိတော့၊ ဦးသိန်းစိန်သာ သြဇာအာဏာအပြည့်ရှိတဲ့ သမ္မတကြိးဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး ၁၉၈၈ ကစပြီး မွှေးခဲ့တဲ့မီးဟာ ဒီနေ့ထိမီးမငြိမ်းသေးဘဲ ဆက်လက်တောက်လောင်နေဆဲ ဖြစ်တယ်ဆိုတာ ၂၀၁၂-၆-၂၄ ရက်နေ့စွဲပါ အာအက်ဖ်အေ သတင်းမှာပါတဲ့အတိုင်း “အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးစွဲဆိုထားတဲ့ အမွေဆိုင်ကိစ္စမှာ သားသမီးနှစ်ဦးလုံး ဖြစ်နေတာကြောင့် အမွေတွေကို အညီအမျှ တ၀က်စီခွဲဝေယူဖို့ တရားရုံးက ဆုံးဖြတ်ချက်ချ” ဟူသော အမှုကိစ္စဟာ တနှစ်ကျော်လောက်ငြိမ်းနေတဲ့မီးဟာ ဘယ်သူ့လက်ချက် ကြောင့်မသိ အခုပြန်ပြီး တောက်လောင်လာပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မွှေးခဲ့တဲ့မီးကြောင့် လင်မယားချင်း၊ သားအမိ သားအဖချင်း၊ ညီကိုမောင်နှမချင်း၊ ဆွေမျိုးချင်း၊ သူငယ်ချင်း ချင်း၊ ရဟန်းသံဃာချင်း စိတ်ဝမ်းတွေကွဲခဲ့ကြရတာ သမတကြီးအသိဆုံးပါ။

(ခုဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မောင်နှမအရင်း ဖြစ်ပါလျက်နဲ့ ဗိုလ်ချုပ်မှူးကြီးရဲ့ သွေးထိုးမှု ကြောင့် စိတ်ဝမ်းကွဲ ပြီး တရားရုံးရောက်နေကြတာ သမ္မတကြီးအသိပါ။ ကျော်မကောင်း၊ ကြားမကောင်း၊ ဟိုးလေးတကျော်ကျော် ဖြစ်နေပါပြီ။)

ဒီအိမ်အမွေကိစ္စဟာ ဗိုလ်မှူးအောင်လင်းထွဋ် မဖေါ်ထုတ်မီကတည်းက ဗိုလ်ချုပ်မှူး ကြီးရဲ့စနက် ဖြစ်နိုင်တယ် ဆိုတာ လူတိုင်းစိတ်မှာ ယုံကြည်ပြီးသားပါ။

ဘာကြောင့်လဲဆိုတော့ -

၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်၊ ဗိုလ်ချုပ်အောင်ဆန်း(ကွယ်လွန်)ရဲ့အမည်နဲ့ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များအားလုံးကို မှေးမှိန် ပျောက်ကွယ်အောင် လုပ်ခဲ့တာရယ်

၂။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်အနစ်နာခံ၊ စွန့်လွှတ်စွန့်စားတာတွေကို အသိအမှတ် မပြုတဲ့အပြင် နေရာတိုင်း လိုက်ပြီး ဒုက္ခပေးရုံမက လူကိုပါလုပ်ကြံသတ်ဖြတ်ခိုင်းတာရယ်

၃။ ဦးအောင်ဆန်းဦးကလည်း နေစရာမရှိစားစရာမရှိသူလည်းမဟုတ်၊ အိမ်နဲ့ခြံနဲ့ အထက်တန်းကျကျ နေနိုင်၊ စားနိုင်သူဖြစ်နေတာကြောင့် အခုအမွေဆိုင်အိမ်ကို မက်လောက်စရာမရှိလို့ သူ့ပင်ကိုယ်အရ ဒီလောက် လောဘကြီးပုံမရတာရယ်စတဲ့ အထောက်အထားတွေကြောင့် ဖြစ်ပါတယ်။

သမ္မတကြီးဦးသိန်းစိန်ဟာ နိုင်ငံရဲ့အထွဋ်အထိပ်ပုဂ္ဂိုလ်ကြီးဖြစ်နေတာကြောင့် အရာရာကို အဆုံးအဖြတ် ပေးနိုင်သလို အခုအိမ်အမွေဆိုင်မှုကိုလည်း တရားဥပဒေအရ အမှန်တရားဘက် ကနေ ဆုံးဖြတ်ပိုင်ခွင့်ရှိ ပုဂ္ဂိုလ်ကြီးဖြစ် နေပါတယ်။ ယင်းအမွေဆိုင်မီးကို ငြှိမ်းသတ်နိုင်သော ပုဂ္ဂိုလ်မှာ သမ္မတကြီးမှတပါးအခြားမရှိပါ။

သို့ဖြစ်ပါ၍ ယခုတောက်လောင်နေဆဲဖြစ်သော အမွေဆိုင်မီးကို အချိန်မီငြိမ်းသတ် ပေးပါရန် သမ္မတကြီးအား အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

ရွှေပြည်စိုး

3 comments :

  1. Anonymous said... :

    ကိုယ့်မှာလည်း တစ်သက်စာ စားလို့မကုန်အောင် စုဆောင်းခိုးဝှက်ပြီး ဖြစ်နေပါလျက် တိုင်းပြည်အတွက်ပေးဆပ်နေသူ၊ တပ်မတော်ဖခင်ကြီးရဲ့သမီးကို မနာလို မရှုစိမ့်ဖြစ်နေတာ အံ့သြမဆုံးပါ။
    ပစ္ဆိမအရွယ်ဟု ဆိုရမည့် ဘ၀နေ၀င်ချိန်အထိ လောဘ၊ဒေါသ၊မာန်မာန၊ မနာလိုဝန်တိုမှု တရားဆိုးတွေနဲ့ ကိုယ့်ကိုယ်ကို မီးရှို့နေတာ တရားကျစရာ ကောင်းလှပါတယ်။
    အသိ၊ သတိနဲ့ ဘ၀နောက်ဆုံးအပိုင်းကို လှလှပပ အေးချမ်းစွာ နိဂုံးသတ်နိုင်ပါစေလို့ အရွယ်လွန် ခေါင်းဆောင်ဟောင်းကြီးအတွက် ဆုတောင်းပေးလိုက်ပါတယ်။

  1. Anonymous said... :

    အဲဒါတွေကို မင်းအောင်လှိုင်ကို ပြောမှဖြစ်မယ်နော် သူကလက်ရှိသေနတ်ရှိပြီးသားလူ ဦးသိန်းစိန်က ခင်ဗျားလဲသိသားနဲ့  အရုပ်သက်သက်ကြီး မြန်မာပြည်လုံးဝပြောင်းလဲဖို့ ဆိုရရင် မင်းအောင်လှိုင်ပေါ်မှာပဲ မူတည်လိမ့်မယ် ဒီဘဲကြီးအာဏာပြန်သိမ်းပြီး မကောင်းတဲ့လူတွေဖယ်ရှား နောက်တော့မှ အမေကိုအာဏာပြန်လွဲလိုက်ရင် အစအဆုံးကောင်းသွားမယ်လို့ ပဲမြင်မိပါတယ်

  1. Anonymous said... :

    သြော်လောဘ၊ဒေါသ၊မောဟတွေဖုံးလွမ်းနေတဲ့
    ပုတ်အဲ့နေတဲ့စိတ်ဓါတ်ကိုပိုင်ဆိုင်ထားသော
    လူများသတိထားကြပါ။ဝဌ်ဆိုတာဒီဘ၀မှာတင်
    လှလှကြီးခံစားကြရမှာဖြစ်ပါကြောင်း

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved