အဆိုတော် လင်းလင်း လက်ခံထားတဲ့ နိုင်ငံရေးနဲ့ သမိုင်း

Thursday, July 19, 2012


အဆိုတော် လင်းလင်းက ရခိုင်ဒေသ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲဖြစ်တဲ့ Actor Star FC နဲ့ Myanmar FC အသင်းတို့နဲ့ ယှဉ်ပြိုင်မှုမှာ Myanmar FC ဘက်မှာမျိုးကြီး၊ ဟက်ကက်တို့နဲ့အတူ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ “ဒီလိုပွဲလုပ်တာက ကိုယ့်မြေကိုယ့်ရေကို ကျူးကျော်တဲ့အခါ ကိုယ့်လူမျိုးတွေ ဒုက္ခရောက်လို့ သူတို့အတွက် ရန်ပုံငွေရှာပေးတဲ့ ပွဲလေးလေ၊ ဒီလို ရန်ပုံငွေပွဲမှာ ပါဝင်ခွင့်ရတဲ့ အတွက်လည်း ပြောမပြတတ်အောင်ပါပဲ” လို့ဆိုပါတယ်။

ပထမပိုင်း လေးဆယ့်ငါးမိနစ်ပြီးလို့ ခဏအနားယူချိန်မှာ လင်းလင်းနဲ့ သိလိုသမျှ မေးဖြစ်ခဲ့တာတွေထဲမှာ လင်းလင်းရဲ့ အနုပညာနဲ့ပတ်သက်ပြီး မပါဖြစ်ခဲ့တာကိုတော့ လင်းလင်းရဲ့ ပရိသတ်ကြီး နားလည်ပေးစေချင်ပါတယ်။ သူ့ရဲ့ အနုပညာအမြင် သူရဲ့ အတွေးအမြင်တချို့ကို မျှဝေသိခွင့်ရတယ်လို့ပဲ ယူဆပေးစေချင်ပါတယ်။

ခုဆို ပရဟိတအဖွဲ့တွေ အများကြီး ဖွဲ့လာကြတဲ့အပေါ် လင်းလင်းရဲ့အမြင် သိချင်ပါတယ်။

ပရဟိတအဖွဲ့တွေ အများကြီး ပေါ်လာတာ ကောင်းပါတယ်။ ကျွန်တော့်ကိုယ်တွေ့ သိသလောက်တော့ ပရဟိတအဖွဲ့ တော်တော်များများရဲ့ လုပ်ရပ်တွေက အားရစရာတော့ ကောင်းပါတယ်။

ပရဟိတဆိုတဲ့ ခေါင်းစဉ်အောက်မှာ လှုပ်ရှားနေတဲ့ လူတွေလည်း အများကြီးတွေ့ရတယ်။ ဒါပေမဲ့ သန့်ရှင်းမွန်မြတ်တဲ့ ပရဟိတ အသင်းတွေဖြစ်ဖို့ သန့်ရှင်းမွန်မြတ်တဲ့ ပရဟိတလူတွေဖြစ်ဖို့ပဲ အရေးကြီးတယ်။
တစ်ဦးတစ်ယောက်တည်း အနေနဲ့ ဒီလိုမျိုးတွေ လုပ်ဖို့ရှိပါလား။
ကျွန်တော်ကတော့ လိုအပ်တဲ့ အသင်းအဖွဲ့တွေကိုတော့ လှူဖြစ်နေတာပါပဲ။ တစ်ဦးတစ်ယောက်တည်း လုပ်ဖို့ကတော့ မလွယ်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လိုက်ပါသွားခဲ့တာ လင်းလင်းကို ဘယ်လို အတွေ့အကြုံမျိုးတွေ ထပ်ပြီးရစေပါလဲ။

အတွေ့အကြုံ ဆိုတာထက် အမေစုနားမှာ နေခွင့်ရတဲ့အတွက် ကိုယ့်ရဲ့မှားနေတဲ့ ခံယူချက် အတွေးအမြင်လုပ်ရပ်တွေကို အရင်ဆုံး ပြုပြင်ခွင့်ရတယ်။ နောက်တစ်ခုက Public တစ်ယောက်အနေနဲ့ မှန်ကန်တဲ့ ထောက်ခံသင့်တဲ့ လူမျိုးတွေကို မှန်ကန်တဲ့ နေရာတစ်ခုရအောင် လုပ်ဆောင်တဲ့နေရာမှာ ကိုယ့်ရဲ့ပရိသတ်တွေကို လှုံ့ဆော်ခွင့်ရတဲ့ အတွက် ကျေနပ်တယ်။

ခုမှပဲ ဒေါ်အောင်ဆန်းစုကြည် အနားကို အရမ်းကို ကပ်လာကြတယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ်မှာရော ဘယ်လို သုံးသပ်ချင်လဲ။

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင် ပြောင်းလဲလာတဲ့ကိစ္စမှာ ကောင်းမွန်တဲ့စိတ်နဲ့ပဲ အမေစုအနားကို ကပ်တာပဲဖြစ်ဖြစ်၊ မကောင်းမွန်တဲ့စိတ်နဲ့ အမေစုအနားကို ကပ်တာပဲဖြစ်ဖြစ် အဓိကကတော့ သူထားတဲ့စိတ်က တစ်ချိန်ချိန်မှာ သူ့ကို အကျိုးပေးသွားမှာပဲ။ အရေးကြီးတာက ကောင်းမွန်တာ လုပ်ပြီဆိုရင်တော့ သူ့အခံစိတ် ကောင်းကောင်း မကောင်းကောင်း အားပေးရမှာပဲ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို လုပ်တော့မယ်ဆိုရင် အပေါင်းရလဒ်များတာ များသလား၊ အနှုတ်ရလဒ်များတာ များသလားဆိုတာ လူတိုင်းသိတယ်။ အနည်းနဲ့အများတော့ ဒီပြုပြင်ပြောင်းလဲရေးမှာ အနည်းနဲ့အများ တတ်စွမ်းသရွေ့ ပါဝင်ပြီ ဆိုကတည်းက လူတိုင်းကို အားပေးရမှာပဲ။ အရင်ဆုံး ဘာဖြစ်လို့ အားပေးသင့်လဲ ဆိုတော့ တစ်ခုခုကို အပြောင်းအလဲဖြစ်လို့ ဖြစ်ပြီဟေ့ဆို ဘာအကျိုးရလဒ်မှ ခံစားရမှာ မဟုတ်ဘူး။ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရတဲ့ အဆိုးရလဒ်ပဲ အရင်ရမှာ ဖြစ်တဲ့အတွက် သူတို့ကြိုးစားမှုမှာ ကိုယ်တိုင်မပါဝင်ဘဲနဲ့ မနာလိုစိတ်တွေဖြစ်ပြီး တစ်ယောက်တည်း အမြင်စောင်းနေတဲ့ အတွေးတွေနဲ့ ရှင်သန်နေတဲ့ သူလို့ပဲ ကျွန်တော် သတ်မှတ်ပါတယ်။

နိုင်ငံရေးကို စိတ်မဝင်စားဘူး၊ မသိပါဘူးလို့ဖြေတဲ့ အနုပညာရှင်တွေရဲ့ အဖြေပေါ်မှာ လင်းလင်း ဘယ်လိုမြင်ပါလဲ။

ဒါကလည်း ကျွန်တော်တို့က အဘက်ဘက်က အစစအရာရာ ပြောင်းလဲဖို့လုပ်နေတဲ့ နေရာတချို့ အနုပညာရှင်တွေက ဒီမေးခွန်းကို ဖြေဖို့က သူတို့ကိုမေးတဲ့ မီဒီယာကရော ဖြေတဲ့အတိုင်း တိကျမှန်ကန်တဲ့ အပေါင်းလက္ခဏာဆန်ဆန် တွေးပြီး ထည့်မှာလားဆိုတာ အရေးကြီးတယ်။

သူဖြေတဲ့ အဖြေတချို့တစ်ဝက်ကို ကောက်နှုတ်ပြုပြင် တည်းဖြတ်ပြီး သူ့ကိုပြန်ပြီးတော့ အမြင်စောင်းအောင် ရေးသားတာမျိုးတော့ လူတိုင်းကြောက်တာပဲ။ အဲဒီတော့ အရင်ဆုံး မီဒီယာဘက်ကလည်း လိုသလိုဖြေတဲ့ အနုပညာရှင် ဘက်ကလည်း လိုတယ်။ တော်တော်များများတော့ အဲဒါကြောက်တာပါ။ ဒါကလည်း အနုပညာရှင် အမှားမဟုတ်သလို မီဒီယာတွေရဲ့ အမှား မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲ နိုင်ငံတော်တော်များများမှာ ရှိတဲ့ပြဿနာပါ၊ အဲဒီလိုပဲ မြင်ပါတယ်။

လင်းလင်း လက်ခံထားတဲ့ နိုင်ငံရေးနဲ့ သမိုင်းဆိုတာ

သမိုင်းဆိုတာ ကျွန်တော်တို့ သင်ခန်းစာပဲ။ နိုင်ငံရေးဆိုတာက ကျွန်တော်တို့လက်ရှိ ပစ္စုပ္ပန်မှာဖြစ်နေတဲ့ သမိုင်းကို ကျွန်တော်တို့ သင်ယူပြီး လက်ရှိနိုင်ငံရေးကို အကောင်းဆုံး လုပ်ရမယ် အဲဒီလိုပဲ မြင်ပါတယ်။

လူငယ်တွေကို အကြံပေး စကားပြောချင်တာက.......

ဘယ်လိုပဲလုပ်လုပ် ကိုယ့်ရဲ့ စိတ်ဓာတ်ကလေး ကောင်းအောင်ထားရင် ကောင်းတဲ့အကျိုး ပြန်ရတတ်သလို၊ မကောင်းတဲ့ စိတ်ဓာတ်ထားရင်တော့ မကောင်းတဲ့ အကျိုးပဲ ပြန်ရလိမ့်မယ်။ ဘယ်လိုစိတ်ဓာတ်မျိုး ထားသင့်တယ်ဆိုတာ သူတို့ပဲ စဉ်းစားပါစေ။

ပရိသတ်ကိုရော..

ခံယူသင့်တဲ့ ခံယူချက်နဲ့ ထောက်ခံသင့်တဲ့သူကို ထောက်ခံ၊ ပြင်ဆင်သင့်တဲ့ အမှားကို ပြင်ဆင်၊ကိုယ်တိုင်လည်း အဲဒီလိုပဲ နေထိုင်နေတာ ဖြစ်တဲ့အတွက် ဖြစ်ရပ်တွေတိုင်းမှာ အမြဲတမ်း သင်ယူနေပါလို့ပဲ ပြောချင်ပါတယ်။

ကလောင်- မေသက်
8 Days Journal

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved