ရွေးချယ်စရာ မရှိတဲ့ သက်မွန်မြင့်

Monday, July 30, 2012



 -
 သရုပ်ဆောင် မင်းသမီး တစ်ယောက်ဖြစ်ဖို့ အချိန်တွေ များစွာကို ရင်းပြီး ကျော်ဖြတ် ကြိုးစား ကြရတဲ့ သူတွေ အများကြီး ရှိမှာပါ။
http://3.bp.blogspot.com/-DtTUt6Z743Y/UBYIKwT1HiI/AAAAAAAAeYo/XPnriU1s3jQ/s1600/thetmonmyint01.jpg

ကြိုးစားမှု လုံ့လ ၀ီရိယ ရှိရင် ဘယ်အရာမဆို အောင်မြင်နိုင်တယ် ဆိုတဲ့အတိုင်း ချင်းပြည်နယ်ကနေ ရန်ကုန်ကို လာပြီး သရုပ်ဆောင် ဖြစ်ဖို့ ကြိုးစားခဲ့သူက သက်မွန်မြင့် ဆိုတာ သိထားပြီးကြမှာပါ။

မြန်မာပြည်ရဲ့ ဗီဒီယို၊ ရုပ်ရှင်ဈေးကွက်က သရုပ်ဆောင် မင်းသားပေါ် မူတည်တာကြောင့် သရုပ်ဆောင် မင်းသမီးတွေရဲ့ ရွေးချယ်မှု အနေအထားက များစွာ မရှိပါဘူး။

ဒီလို အခြေအနေမျိုး ရှိပေမယ့် သက်မွန်မြင့်က ကျရာနေရာ ရတဲ့ အနေအထား ပေါ်မှာ အကောင်းဆုံး လုပ်ဆောင် နေသူပါ။

လောလောဆယ်မှာတော့ ဗီဒီယို ဇာတ်ကားတွေ ဆက်တိုက်ရိုက်ဖို့ စီစဉ် ထားသလို ကြော်ငြာတွေ ရိုက်ဖို့ စီစဉ်ထားတဲ့ သက်မွန်မြင့်ကို ရွှေအမြုတေ မဂ္ဂဇင်းအတွက် ဇာတ်ကားရိုက် နားတဲ့ တစ်ရက်မှာ ဓာတ်ပုံရိုက်ဖို့ စီစဉ်ဖြစ်ပါတယ်။

ဓာတ်ပုံ ရိုက်ဖို့ မနက်ပိုင်းနဲ့ ညနေပိုင်း အချိန်တွေသာ အခုလို အချိန်မှာ အဆင်ပြေတာကြောင့် ညနေပိုင်း အချိန်ကို ရွေးဖြစ် ကြပြီး ကမ်းနား တစ်ခုကို ရွေးဖြစ်ကြတာပါ။

ဓာတ်ပုံ ရိုက်ကူးပေးတဲ့ ကိုလင်း (K-Studio)က ဗိုလ်တထောင် ဘုရားနားမှာ ညနေပိုင်း ဆိုရင် စင်ရော်ငှက်လေးတွေ အများကြီး လာတယ်လို့ ဆိုတာ ကြောင့် စင်ရော်ငှက်တွေနဲ့ ဓာတ်ပုံရိုက်ဖို့ စီစဉ်ဖြစ်ပါတယ်။

စင်ရော်ငှက်တွေကလည်း အစာ ပစ်ကျွေးရင် အစာကို ရေထဲ မကျအောင် မိမိရရ ဖမ်းစား တတ်တာကို သဘော ကျနေတဲ့ သက်မွန် မြင့်က အခုလို Outdoor ရိုက်ရတာကိုလည်း သဘောကျနေတာပါ။

လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါး အိုက်တင်တွေ လုပ်ရတာကြောင့် ပိုပြီး နှစ်သက်တယ်လို့ ဆိုတဲ့ သက်မွန်မြင့်က ခေါင်းဆောင် မင်းသမီး နေရာကနေ သရုပ်ဆောင် ရိုက်ကူး နေရပေမယ့် အရမ်း ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုး ရွေးချယ်ခွင့် မရဘူး လို့ သိရပါတယ်။ မောင်နှမ ဇာတ်ကားတွေ ရိုက်ချင်ပေမယ့် အချစ်၊ ဟာသဇာတ် ကားတွေ ရိုက်ရတာ ပိုများ နေတဲ့ သက်မွန်မြင့်က မောင်နှမ ဇာတ်ကားတွေမှာ သရုပ်ဆောင်ရတာ နင့်နင့်နဲနဲ ဖြစ်တယ်လို့ ဆိုပါတယ်။ “မင်းသမီးဆိုတော့ ဇာတ်လမ်း ရွေးချယ်စရာ သိပ်မရှိဘူး။ လုံးဝမကြိုက်လို့ အဆင် မပြေနိုင်လို့ ရှိရင်တော့ ညှိလို့ရတယ်။ ဒါပေမဲ့ ဟာသ ကားရိုက်လို့ ဒရာမာ ရိုက်ချင် တယ်ဆိုတာမျိုးတော့ မရ ဘူး။ ဒီကုမ္ပဏီနဲ့ ဒီမင်းသား ရိုက်ဖို့ ချိတ်ပြီးရင် သူတို့စီစဉ် ထားတဲ့ ဇာတ်ကို သက်မွန်တို့ က ရိုက်ရတာ။ အဲဒီလိုမျိုးက ပိုပြီးတော့ များတယ်” လို့ သက်မွန်မြင့်က မင်းသမီး တစ်ယောက် အနေနဲ့ ဇာတ်လမ်း ရွေးချယ်နိုင်မှုကို ပြောပြပါတယ်။

သက်မွန်မြင့်က သရုပ် ဆောင်ချင်ပြီး သရုပ်မဆောင် ဖူးသေးတဲ့ ဇာတ်ကောင် စရိုက်များလည်း ရှိတယ်လို့ သိရပါတယ်။

စိတ်ရောဂါသည် ဇာတ်ကောင် စရိုက်ကို သရုပ်ဆောင်ဖူးပေမယ့် အအနဲ့ မျက်မမြင် ဇာတ်ကောင် စရိုက်မျိုး သရုပ် မဆောင်ဖူးဘဲ သရုပ်ဆောင် ချင်တယ်လို့ သက်မွန်မြင့်က ဆိုပါသေးတယ်။

သက်မွန် သရုပ်မဆောင် ဖူးသေးတဲ့ မျက်မမြင် ပုံစံ သရုပ်ဆောင်မယ်ဆို အခက်အခဲ ဘာတွေများ ရှိဦးမလဲ။


မျက်မမြင် ပုံစံက မျက်လုံးငြိမ်အောင် ထားရမယ်။ အဲဒါက သက်မွန် အတွက် နည်းနည်း ပြဿနာ တက်လိမ့်မယ် ထင်တယ်။ သက်မွန် မျက်လုံးက သိပ် မကောင်းဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သက်မွန် ချစ်တယ် ပြောမှလွှတ်မယ် ရုပ်ရှင်ကားကြီး ရိုက်တဲ့ အချိန်မှာ မျက်လုံးကို ထိထားတော့ မျက်လုံးပါဝါ ကောင်းကောင်း သုံးလို့ မရဘူး။ မျက်လုံး အားစိုက်တဲ့ အခါကျရင် မျက်လုံး ရဲလာတယ်။ မျက်ရည် ကျလာတယ်။ မျက်မမြင် အတွက်က နည်းနည်းခက်လိမ့်မယ်။
 


မျက်လုံး ဒဏ်ရာအတွက် ဘန်ကောက်မှာ သွားပြသေးတယ် မဟုတ်လား။ အခြေအနေ ဘယ်လိုရှိသေးလဲ။


မျက်လုံးဒဏ်ရာကတော့ ပျောက်သွားပြီ။ ဒါပေမဲ့ ဒဏ် ဖြစ်နေတယ်။ အိပ်ရေးပျက်ခံလို့ မရဘူး။ မျက်လုံးအား သိပ်စိုက်လို့ မရဘူး။ ငိုတာတွေ ဘာတွေ ရိုက်ပြီးရင် မျက်လုံးက အရမ်း ကိုက်လာတယ်။
မျက်လုံး အရမ်းနာတယ်။ မျက်စဉ်းတွေ ထည့်ရတယ်။ ဆရာဝန်ပြတော့ မျက်မှန်တပ်ဖို့ ပြောတယ်။ မျက်မှန် တပ်ဖို့ကျတော့ အလုပ်နဲ့ အဆင်မပြေဘူး။ နေပူထဲလည်း မထွက်ရဘူး။
နေရောင်ရဲ့ဒဏ်ကိုလည်း တိုက်ရိုက် မခံရဘူးလို့လည်း ဆရာဝန်က ပြောတယ်။
သက်မွန်တို့ အလုပ်က မီးထိုးမှန်ထိုးနဲ့ မျက်လုံးကို နေရောင်ရဲ့ အလင်းရောင်က “တဲ့” ၀င်တာ ဆိုတော့၊ ဘယ်လိုမှ ရှောင်လို့ မရဘူးဆိုတော့ မျက်စဉ်းခတ်တယ်။ နားရတဲ့ အချိန်မှာ မျက်လုံးကို အနားပေးပေါ့။

မျက်လုံးက လူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှာ အထူးသဖြင့် မျက်နှာမှာ အရေးကြီးဆုံး အစိတ်အပိုင်းပဲလေ။ သက်မွန် လုပ်တဲ့ အလုပ်ကြောင့် မျက်လုံး ဒဏ်ရာရတာ ဆိုတော့ အလုပ်ကို စိတ်မနာဘူးလား။


မရှိပါဘူး။ ဒီအလုပ်ကို သက်မွန် အရမ်း မြတ်နိုးပါတယ်။ ရတောင့် ရခဲပါပဲ။ ဒီအလုပ်မှာ ရပ်တည်ဖို့ဆိုတာ မလွယ်ဘူး။ ပရိသတ်တွေ ဒီလိုချစ်ပြီး ဒီလို အားပေးဖို့ ဆိုတာလည်း မလွယ်ဘူး။
ဒါ အရမ်း ကံကောင်းတယ်လို့ ပြောလို့ ရတာပေါ့နော်။ ဒီနေရာ ရောက်တာကလည်း ပရိသတ်တွေ ပေးတဲ့ နေရာပဲလေ။
သက်မွန်တို့ လုပ်ရတဲ့ အလုပ်က ဘယ်လောက် ပင်ပန်းလဲ၊ ဘယ်လောက်ခက်ခဲလဲ ဆိုတာ သိကြမှာပါ။ ပင်ပန်းလေ ပိုပြီး တန်ဖိုး ထားရလေပဲ။
အရမ်းကို အသေးစိတ်သလို အရမ်းကို အကြမ်း ခံရတယ်။ အရမ်းကို ပင်ပန်း ခံရတယ်။ တကယ်ကို တန်ဖိုး ရှိတဲ့ အလုပ်ပါ။

မျက်လုံးက ဒဏ်ဖြစ်ရုံတင် မဟုတ်ဘဲ ကွယ်သွားမယ် ဆိုရင်ကော ဒီအလုပ်ကို မြတ်နိုး မိဦးမလား။


အဲဒီလိုမျိုးတော့ မတွေးဖူးပါဘူး။ သက်မွန် တွေးဖူးတာက အာဒံဧ၀ ဒဿ ရုပ်ရှင်ရိုက်တုန်းက ကန်တော်ကြီးထဲ ခုန်ချတာ ည ၁၂ နာရီ ဆိုတော့ မှောင်နေပြီ။
ည ၁၂ နာရီက အပုပ်ချိန် ဆိုတော့ နည်းနည်းတော့ လန့်တယ်။ ရေလည်း ကူးတတ်တာ မဟုတ်ဘူး။ ရေအောက်မှာ ဆူးရှိမှာ စိုးလို့ ရှင်းပေးထားတာ ဆိုပေမယ့် ကံဆိုတာ ပြောလို့ရတာ မဟုတ်ဘူးလေ။
ရေနစ်ပြီး အမှောင်ထဲမှာ ငါ့ကိုကယ်လို့မရ ဆယ်လို့ မရဘူးဆိုရင် ငါသေသွားမှာလား ဆိုပြီး အဲဒီလိုမျိုး တွေးမိတယ်။
ပြန်စဉ်းစားရင် သက်မွန် နောက်ဆံတင်းစရာ ဘာမှ မရှိဘူး။ သက်မွန် လုပ်ခဲ့တာတွေက အကောင်းဘက်ကို သွားနေတာပဲ ဆိုတော့ နောက်ဆံ တင်းစရာမရှိဘဲ သေပျော်တယ်ပေါ့။
အဲဒီလိုကို တွေးတာ။ ဒီလိုမျိုး ဆုံးရှုံးတယ် ဘာညာ မတွေးမိဘူး။ သတိ္တရှိတယ် ပြောရမှာပေါ့။ ဒဏ်ရာတွေ ရခဲ့တာလည်း မနည်းဘူး။
ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ် ဇာတ်ကား ရိုက်တုန်းကလည်း ဆိုင်ကယ်ကနေ ကျွမ်းထိုး ပစ်ကျတယ်။

ဒဏ်ရာတွေနဲ့ ပြန်လာတယ်။ မမှတ်ဘူး။ ဆက်လုပ်နေတာပဲ။ မျက်လုံးဒဏ်ရာ စဖြစ်တုန်းက မျက်ကြည်လွှာ ပြဲသွားတာဖြစ်တဲ့ အတွက် ဖွင့်လို့ မရဘူး။
ထိတာက ဘယ်ဘက်မျက်လုံး ဆိုပေမယ့် ညာဘက် မျက်ဆန်ပါ ရွှေ့လို့မရဘူး။ နှစ်ဖက်စလုံး ပိတ်ထားရတယ် ဆိုတော့ မျက်မမြင် ဇာတ်ကားရိုက်ရင် ငါ ဒီလို နေရမှာပဲလို့။
ထမင်းကိုလည်း အမေတို့ပဲ ခွံ့ကျွေးရတယ်။ ဟိုသွားချင်၊ ဒီသွားချင်ဆို စမ်းစမ်း၊ စမ်းစမ်းနဲ့ သွားရတယ်။ မျက်စိပိတ်ရင်တော့ မျက်မမြင် ဇာတ်ကား ရိုက်ရတာ လွယ်လွယ်လေး။
ဒါပေမဲ့ မျက်လုံးဖွင့်ပြီး မမြင်တဲ့ဟာ ဆိုရင်တော့ တော်တော် တိုင်ပတ်မယ်။


အခန့် မသင့်ရင် ဘ၀အတွက် ဆုံးရှုံးမှု တစ်ခု ဖြစ်ရမှာကို မကြောက်မရွံ့နဲ့ လုပ်ခဲ့တယ်နော်။
ဖြစ်မယ်လို့ သက်မွန်က သိတာ မဟုတ်ဘူးလေ။ မတော်တဆ ထိခိုက်မိတာ ဆိုတော့ ဘာမှ မတတ်နိုင်ဘူးပေါ့။
ချစ်တယ်ပြောမှလွှတ်မယ် ရုပ်ရှင်ကား အတွက် သက်မွန် ရှုတင် ၃ ရက်နားရတယ်။ ကားကြီးဖြစ်တဲ့ အတွက် ရှုတင် စရိတ်နဲ့ ကားရိုက်ရက်က အရမ်းကျပ်တယ်။ ၃ ရက်နားပြီးတဲ့ အချိန်မှာ မျက်လုံးက အလင်းထိတာ မခံနိုင်သေးဘူး။ မျက်လုံးကလည်း တစ်ခုနဲ့ တစ်ခု မညီဘူး။ အဲဒီတော့ မျက်မှန်ကြီး တပ်ပြီး ရိုက်ရတယ်။ ရယ်စရာကြီးတော့ ဖြစ်သွားမှာပဲ၊ ပရိသတ် အတွက်တော့လေ။ ကိုယ်က မျက်လုံး ဒဏ်ရာ ရထားတာကိုး။ ဒဏ်ရာရပြီး ကိုဝိုင်းနဲ့ ဗီဒီယို တစ်ကား ရိုက်သေးတယ်။ အဲဒီ ဇာတ်ကားမှာ ဆုတောင်းတိုင်း ပြည့်တဲ့ ကောင်မလေး ဆိုတော့ တစ်ခုခု ဆိုရင် မျက်လုံးကို ကြည့်ရတယ်။ တစ်ကဒ်ရိုက် ပြီးတိုင်း မျက်လုံးက ရဲရဲလာတယ်။ မျက်စဉ်းခတ်ပြီး ခဏစောင့်၊ ပြန်ရိုက် လုပ်ရတယ်။ အာရုံ စိုက်လို့လည်း မရသလို အလင်းရောင် ဒဏ်လည်း မခံနိုင်တော့ဘူး။

သက်မွန် ပြောထားတာ ရှိတယ်။ မောင်နှမ ဇာတ်ကားတွေ ရိုက်ချင်ပေမယ့် ရိုက်ထားရတာ ၃ ကားလောက်ပဲ ရှိတယ် ဆိုတော့ မောင်နှမကားတွေ မရိုက်ဖြစ်တာ သက်မွန်ရဲ့ ခန္ဓာကိုယ် ထွားလို့လား။ ဘယ်လိုကြောင့် ထင်လဲ။


အမှန်တကယ်က မောင်နှမ ဇာတ်ကားတွေက ရှားတယ်။ အဲဒါကြောင့်ပါ။ ပြောရရင် သက်မွန်တို့က မင်းသမီး ဖြစ်တဲ့ အတွက် ပေးလာတဲ့ ဇာတ်ပေါ်မှာပဲ ရိုက်ရတာ ပိုများတယ်။
ဟာသကားတွေ ရိုက်တာများလို့ ဒရာမာကား ရိုက်ချင်လို့ ဒရာမာပဲ ရိုက်မယ်ဆိုပြီး ရွေးချယ်လို့ မရဘူးလေ။
တကယ်လို့ ကိုယ်မလုပ်နိုင်ဘူး ဆိုမှ သူတို့ကို Complain ပြန်တက်။ ညှိနှိုင်း၊ အကူအညီ တောင်းရတယ်။
ဟာသကား ဆက်တိုက်ရိုက် ရတာ ကိစ္စ မရှိဘူး။ ခံနိုင်တယ်။ ဒရာမာ လေးကားလောက် ဆက်တိုက်ရိုက်တဲ့ အချိန်မှာ အရမ်း ပင်ပန်းတယ်။ အဲဒီ အခါကျရင် အရမ်းဒုက်္ခရောက်တယ်။ ဒါပေမဲ့ သက်မွန်တို့မှာ ရွေးချယ်စရာ မရှိဘူး။ ဟာသကား ရိုက်ပေးပါလို့ ပြောလို့ မရဘူး။

အဲဒီလို ရွေးချယ်ခွင့် မရှိတဲ့ မင်းသမီး ဘ၀ကို စိတ်ပျက်မိသေးလား။


အဲဒီလောက်လေးနဲ့ စိတ်ပျက်ရင် သက်မွန် ဒီလောကမှာ အခု အချိန်ထိ နေရမှာ မဟုတ်ဘူး။ အရမ်း ကြိုးစားရတယ်။
သက်မွန်မှာ ဘာအသိုင်းအ၀ိုင်းမှ ရှိတာ မဟုတ်ဘူး။ အစိမ်းသက်သက်နဲ့ ဒီလောကကို လာတာ။ ငွေရေးကြေးရေး ပြည့်စုံတဲ့သူ တစ်ယောက်လည်း မဟုတ်ခဲ့ဘူး။
အဲဒီလောက် လွယ်လွယ်လေးနဲ့ စိတ်မပျက်လို့ ဒီအနေအထားထိ ရောက်လာတာပေါ့။

မြန်မာပြည်ရဲ့ ဗီဒီယို၊ ရုပ်ရှင် ဈေးကွက်က မင်းသားကိုပဲ အဓိက ထားတော့ မင်းသမီး ဈေးကွက် ဆိုတာကိုကော မလိုချင်မိဘူးလား။


တစ်ခါတလေ ကျရင်တော့ တောင့်တတာပေါ့နော်။ မင်းသားကျတော့ ဒါရိုက်တာ ရွေးလို့ရတယ်။ ဇာတ်လမ်း ရွေးလို့ရတယ်။ ကုမ္ပဏီ အတည်တကျ ရှိတယ်။ သူ ဒီနေ့အားရင် ဇာတ်ကားရိုက် စလိုက်လို့ရတယ်။
မင်းသမီး ကျတော့ ဒီရက် အားနေတယ်၊ ငါ ကားရိုက်ချင်တယ် ဆိုပြီး လုပ်လို့ မရဘူး။ ခေါ်တဲ့သူရှိမှ ရိုက်ရတာ။ အဲဒီလို မျိုးပေါ့နော်။ ဒါပေမဲ့ ကိုယ် ကြိုးစားရင် ကြိုးစားတဲ့ ရလဒ်ကတော့ ရှိတာပဲ။

သက်မွန်က မောင်နှမတွေ အပေါ်မှာ သံယောဇဉ် ကြီးတဲ့သူလို့ သိရတယ်။ အဲဒီတော့ တခြားသူတွေ အပေါ်ကော သံယောဇဉ် ကြီးတတ်လား။


ဒါကတော့ မတူဘူး ပေါ့နော်။ သူ့အကန့်နဲ့ သူပါပဲ။

သံယောဇဉ် ထားရမယ့်သူ မရှိတော့တာလား။


ဘယ်အရာမှ အလွန် အကျွံဆိုတာ မကောင်းပါဘူး။ မဇ္ဈိမ ပဋိပဒါပေါ့။ ဒါကတော့ လူတိုင်း သိပါတယ်။ သက်မွန် အများကြီး နားလည်လို့ ပြောတာ မဟုတ်ပါဘူး။

သံယောဇဉ် ထားခဲ့ရတာတွေ များလွန်းလို့ သံယောဇဉ် မထားချင်တာများလား။


အဓိကကတော့ ကိုယ့်ရဲ့ စိတ်ပါပဲ။ ဘယ်အရာမှ အဆိုးချည်းပဲ မရှိသလို ဘယ် အရာမှ အကောင်းချည်းပဲ မရှိဘူး။ အဆိုးပြီးရင် အကောင်းလာမယ်။ အကောင်းပြီးရင် အဆိုးလာမယ်။
ဒီအပေါ် မှာ ကိုယ်က ခံနိုင်ရည်ရှိဖို့ပဲ လို တယ်။ ကောင်းတဲ့ အပေါ်မှာ ရော၊ ဆိုးတဲ့ အပေါ်မှာရောပေါ့။ အဓိကက ကိုယ့်ကိုယ် ကိုယ် စိတ်ချမ်းသာဖို့ အရေး ကြီးတယ်။
ကိုယ့်ဟာကိုယ်ပဲ လုပ်ရမှာပဲ၊ သူများ အပေါ်မှာ ကိုယ်စိတ်ချမ်းသာတာ၊ ကိုယ်စိတ်ဆင်းရဲတာ ဆိုရင် ဒါက ကိုယ့်စိတ်ကို သူများပိုင်တာ။ ကိုယ့်ကိုယ်ကိုယ် မပိုင်ဘူး။
သက်မွန်ကတော့ အဲဒီလို တွေးတာပဲ။ ကားရိုက်တဲ့ အချိန်မှာသာ အခြား Character ၀င်ရတဲ့ အတွက် ကိုယ့်စိတ်နဲ့ကိုယ် မဟုတ်ဘူး။ ကျန်တဲ့ အချိန်ကတော့ ကိုယ့်စိတ်နဲ့ ကိုယ်ပဲ။

ကိုယ်က သံယောဇဉ် ထားပေမယ့် ကိုယ်ထားတဲ့ သံယောဇဉ် အပေါ် တုံ့ပြန်မှု မရရင် အဲဒီလို လူမျိုးကို ဘယ်လို တုံ့ပြန်ချင်လဲ။


ဒါက ကိုယ်နဲ့ မထိုက်တန်လို့ပေါ့နော်။ ကိုယ်ပေး သလောက်မရဘူးဆိုတာလည်း ကိုယ် ပေးဆပ်နိုင်ရင် ပေးဆပ်ပေါ့။
ကိုယ်မပေးဆပ်နိုင်ရင် မပေးဆပ်နဲ့။ ကိုယ့်စိတ်၊ ကိုယ့် ခံယူချက်၊ ကိုယ်လုပ်တဲ့ လုပ်ရပ် အပေါ်မှာ အများကြီး မူတည် တယ်။
ခုနပြောသလို သူများကြောင့် စိတ်က ဖြစ်နေတယ် ဆိုရင် ကိုယ့်စိတ်ကို သူများ ပိုင်သွားတာလေ။ ဒါကို ကိုယ်လိုချင်လား။ ဒါ ရွေးချယ်ရမှာပဲ။
တစ်ခု ရှိတာကတော့ ဘယ်တစ်ဦး တစ်ယောက်ပေါ်မှာ မကောင်းတဲ့ စိတ်မထားဘူး။ အတတ်နိုင်ဆုံး အကောင်းဆုံး နေတယ်။ အဲဒီလို နေတဲ့ အတွက်လည်း ဘာကြီးပဲ ဖြစ်လာဖြစ်လာ ကိုယ့်ဘက်က လိပ်ပြာသန့်တယ်။ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှု ရှိတယ်။ ကိုယ်သာ မကောင်းခဲ့ဘူး ဆိုရင် ငါမကောင်းခဲ့ဘူး ဆိုတာကို ပြင်လို့ ရရင်လည်းရ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပါပဲ။ ကိုယ် ကောင်းတာ လုပ်ရင် ကောင်းတာရမယ်။ ဆိုးတာလုပ်ရင် ဆိုးတာ ရမယ်။ ဒါပေမဲ့ တစ်ခု ရှိတာက အတိတ်ကံ ဆိုတာ ပြောလို့မရဘူး။ ဘာမှလဲ ကိုယ်က လုပ်လို့ မရဘူး။ တစ်ခါတလေ ကျရင်တော့ အရမ်း စိတ်ဓာတ် ကျတာတို့၊ အရမ်း ဆိုးဆိုးရွားရွား ဖြစ်လာရင် ၀ဋ်ကြွေး ဆပ်ရတာလို့ပဲ သဘောထားတယ်။

နောင်ဘ၀မှာ ဒီလိုမျိုး ၀ဋ်ကြွေး မကြုံဖို့ ကိုယ် ဘာကို ကောင်းအောင် လုပ်မလဲ။ ဒါပဲ စဉ်းစားတယ်။ အကောင်းအဆိုး ဖြစ်လာခြင်းကို အတိတ် ကံကြောင့်ဆိုတာ ယုံကြည်ထားတဲ့ သက်မွန်မြင့်က အချစ်နဲ့ သံယောဇဉ်ရဲ့ ကွဲပြား ခြားနားမှုကို နားမလည်ဘူးလို့ ဆိုပါသေးတယ်။

သက်မွန်မြင့်က လောလောဆယ်မှာတော့ ဗီဒီယို ဇာတ်ကားရိုက်ဖို့ပဲ စီစဉ် ထားတာပါ။

ရွှေအမြုတေ မဂ္ဂဇင်း အတွက် ဓာတ်ပုံ ရိုက်ကူးမှုကို အချိန်ပေးတဲ့ သက်မွန်မြင့်၊ ဓာတ်ပုံ ကိုလင်း(Studio-K) မိတ်ကပ်၊ ဆံပင်ပြင်ဆင် ပေးတဲ့ မိတ်ကပ်အစိုင်(အောင်အောင်-တောင်ကြီး)နဲ့ အ၀တ်အစား ပြင်ဆင်ပေးတဲ့ တော်ဝင်စင်တာမှ Venus Palace ဆိုင် တို့ကို ကျေးဇူးတင်ပါတယ်။

ခင်လေးမြင့်

(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၁)
shweamyutay.com

2 comments :

  1. Anonymous said... :

    She looks ugly with that hair style!

  1. Anonymous said... :

    ဖူးစာဆိုတာမှန်ပေမယ့်အမကိုနှမျောတယ်သိလား
    အမကအရမ်းချောတော့နှမျောတယ်သိလား
    အမယူမဲ့သူကြီးကနဲ့အမနဲ့မလိုက်ဖူးသိလား
    အမကိုနှမျောတယ်သူများတွေလိုတော့ကျွှန်တော်မ ပြော
    လိုပါဘူးဒါဟာဖူးစာပဲလေ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved