သမ္မတနဲ့တွေ့ရင် ၈၈ မျိုးဆက် ဘာပြောမလဲ
Wednesday, July 25, 2012
လင်းသန့် ရေးသား ပေးပို့သည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ မကြာခင်ကာလ တခုမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ရှိပေမယ့် တွေ့ရုံ ဆုံရုံ၊ ဓာတ်ပုံတွဲရိုက်ကြရုံ သက်သက် မဟုတ်ဘဲ ပြည်သူတွေရဲ့ အဓိက လိုလားချက်တွေကို တင်ပြ ပြောဆိုသွားမှာဖြစ်တယ်လို့ ကိုမင်းကိုနိုင်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ ပြည်သူတွေကြားထဲ တော်တော် သွားထားတာတွေ ရှိတယ်။ ပွင့်လင်းခရီးစဉ် တလျှောက်လုံးမှာ ပြည်သူတွေက သူတို့ရဲ့ နစ်နာဆုံးရှုံးချက်တွေ၊ လိုလားချက်တွေကို ကျနော်တို့ကို ရင်ဖွင့်ထားတာတွေ ရှိတယ်။ အဲဒါတွေကို ကိုယ်စားပြုပြီးတော့ အဓိက ကျတဲ့ အချက်အလက်တွေကို ပြောဖို့ ကျနော်တို့ ကြိုတင်ပြင်ဆင်ထားတယ်” လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
ဘယ်နေ့တွေ့ဖြစ်မယ်ဆိုတာ တိတိကျကျ မရှိသေးကြောင်းနဲ့ တွေ့ဖြစ်တဲ့အခါ ရတဲ့အချိန်ပေါ် မူတည်ပြီး အလုပ်သဘော ပါအောင် အရေးကြီးတာတွေကို ဦးစားပေး ဆွေးနွေးသွားမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ကျန်ရှိ နိုင်ငံရေး အကျဉ်းသားလွတ်ရေး၊ လယ်ယာမြေ သိမ်းဆည်းမှုတွေက အစ ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း သူက ပြောပါတယ်။
“အဓိက တပြည်လုံးမှာ ဖြစ်နေတာတွေကတော့ဗျာ လယ်ယာမြေ သိမ်းတဲ့ ကိစ္စက တပြည်လုံး အတိုင်းအတာနဲ့ကို ကြီးကြီးကျယ်ကျယ်ဖြစ်နေတာဗျ” လို့ သူက ပြောပါတယ်။
ဒီအပြင် ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ အုပ်ချုပ်ရေး ယန္တယားမှာ အထက်နဲ့ အောက် ကွာဟချက် ကြီးမားနေဆဲ ကိစ္စများလည်း အလေးထား ထောက်ပြ ဆွေးနွေးသွားဖို့လည်း ရှိပါတယ်လို့ ကိုမင်းကိုနိုင်က ဆိုပါတယ်။
“တကယ်တမ်းကျတော့ ထိပ်ဆုံးက ပြောင်းလဲနေတဲ့ အပြောင်းအလဲပေါ် မူတည်ပြီး အောက်ခြေက အဲဒီအပေါ် လိုက်ပါ နိုင်ခြင်းမရှိသေးဘူး။ နေ့စဉ် ပြည်သူလူထုတွေ တွေ့ဆုံနေရတာက အောက်ခြေမှာ ရှိတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်း တွေပေါ့။ အဲဒါ သူတို့အတွက်ကတော့ သူတို့ အစိုးရပဲ။ နေ့စဉ် ကြုံနေရတဲ့ အစိုးရလိုဖြစ်နေတာပေါ့။ အဲဒီလူတွေ ထိပ်ဆုံးက အုပ်ချုပ်ရေး ယန္တယားမှာ အမြင့်ဆုံးဖြစ်တဲ့ သမ္မတက စီစဉ် ညွန်ကြားတဲ့ အတိုင်းကို တကယ်တမ်းကျတော့ မလိုက်ပါနိုင်သေးတဲ့ အခက်အခဲတွေကိုလည်း ဆွေးနွေးမယ်” လို့ သူက ဆိုပါတယ်။
သို့သော် တဖက်မှာလည်း တိုင်းပြည်က ရွေးချယ် တင်မြှောက်ထားတဲ့ ပြည်သူ့ လွှတ်တော်ဆိုတာ ရှိနေတာကြောင့် သမ္မတနဲ့ တွေ့တဲ့အခါ ချိန်ဆစရာလည်း ရှိပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။
“လွှတ်တော်ထဲမှာ ပြည်သူ့ကိုယ်စားလှယ်တွေ မဲဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တွေက ဘယ်လောက်ပြောထားနိုင်သလဲ။ အဲဒီ ပြောထားချက်တွေကိုလည်း သမ္မတက ဘယ်လောက် နားထောင် ပြီးတော့ ဘယ်လောက် တုံ့ပြန်ထားသလဲ ဆိုထားတဲ့အပေါ် ကျနော်တို့ ချိန်ဆပြီးတော့ လိုအပ်သလောက်ကိုပဲ အဓိက ကျကျ အနှစ်အသား ရှိရှိနဲ့ ကျစ်ကျစ်လစ်လစ် ဖြစ်အောင်တော့ ကျနော်တို့ ချိန်မယ်” လို့ ကိုမင်းကိုနိုင်က ရှင်းပြပါတယ်။
မကြာသေးမီကလည်း ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးမှုတွေနဲ့ အပေါင်းလက္ခဏာတွေ အများကြီး တွေ့ခဲ့ရတယ်လို့ ကိုမင်းကိုနိုင်က ပြောခဲ့ဖူးပါတယ်။
ပြည်သူများအတွက် ၀န်ထုပ် ၀န်ပိုးဖြစ်နေတဲ့ ဥပဒေတွေ ဖျက် သိမ်းပြီး ပြည် သူများ ဘ၀ လုံခြုံ အာမခံချက်ရှိတဲ့၊ ပြည်သူ့ ဘ၀ အာမခံချက်ရှိတဲ့ ဥပဒေတွေ ပြဋ္ဌာန်းပေးနိုင်ရေး အလေးထားပြီး တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
အခုတခေါက် သမ္မတနဲ့ တွေ့မယ့် ကိစ္စမှာ ကွာခြားမှု ရှိတာကြောင့် ဆွေးနွေးမယ့် အကြောင်းအရာတွေလည်း မတူ ကွဲပြားသွားတာလို့ ကိုမင်းကိုနိုင်က ဆက်ပြောပြပါတယ်။
“အုပ်ချုပ်ရေး အာဏာမှာ အမြင့်ဆုံးက သမ္မတ၊ ဥပဒေပြုရေး အာဏာမှာ အမြင့်ဆုံးက လွှတ်တော် ဥက္ကဋ္ဌ၊ ဒါပါပဲ” လို့ သူက ဆိုပါတယ်။
2 comments :
  1. Anonymous said... :
    အဲဒီစာသားတစ်ခုကို မိုက်တယ်
  1. Anonymous said... :
    သမ္မတရယ် အပြောက အလုပ်ထက်လွယ်ပါတယ်
    အလုပ်မပါအပြောသက်သက်၊ သူများလုပ်သမျှကို ဂဏန်းလို ဘေးတိုက်တွေကိုများ ---------------
    အသက်ကကြီးလှပြီ ကျောင်းသား ကျောင်းသားနဲ့ နို့နံ မစင်သူတွေကို -------------
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved