ရွှေတိဂုံမှာ WiFi ရတော့မယ်

Sunday, July 29, 2012

~


စမတ်ဖုန်းသုံးတဲ့ နိုင်ငံခြားခရီးသည်များအတွက် ရွှေတိဂုံမှာ သတင်းကောင်းတခု ရှိပါတယ်။ WiFi လို့ ခေါ်တဲ့ ကြိုးမဲ့အင်တာနက်ဟာ မကြာခင်မှာ ရွှေတိဂုံကို ရောက်လာတော့မယ် တဲ့။

ရင်ပြင်ပေါ်မှာ စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်၊ အင်တာနက်ထဲဝင်ပြီး Facebook မှာတင်၊ ဟန်ကျပြီပေါ့။

အင်တာနက်မြန်နှုန်းအသင့်အတင့် ရှိရင်တော့ ဟန်ကျပြီပေါ့။

ဘယ်တော့အစပြုမလဲ

သြဂုတ်လဒုတိယပတ်

အချိန်အကန့်အသတ်

နာရီဝက် သုံးနိုင်မယ်

Password ရှိ/မရှိ

ရှိတယ်

အထိုင်စက် ဘယ်မှာလဲ

Router (အထိုင်စက်) နဲ့ နီးရင် အင်တာနက်မြန်နှုန်း ပိုမြန်ပါမယ်။
အထိုင်စက် ဘယ်နားထားမလဲ ရေးမထားပါ။

ဘယ်သူတွေ သုံးနိုင်မလဲ

နိုင်ငံခြားခရီးသည်
(နိုင်ငံခြားခရီးသည်တဦး ရွှေတိဂုံ ၀င်ကြေး ၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၀င်ကြေးပေးဆောင်တဲ့နေရာမှာ ဝိုင်ဖိုင်သုံးဖို့ Password ပေးဖွယ် ရှိပါတယ်)

စနေနေ့ထုတ် မြန်မာ့အလင်းရဲ့ သတင်းက ဒီလိုပါ -

ရွှေတိဂုံစေတီတော်ရင်ပြင်ပေါ်၌ အင်တာနက်အသုံးပြုနိုင်တော့မည်

ရန်ကုန် ဇူလိုင် ၂၇

ရွှေတိဂုံစေတီတော်သို့ လာရောက် ကြည်ညိုကြသည့် နိုင်ငံခြားသားများ အသုံးပြုရန် ဝိုင်ယာလက်/ဝိုင်ဖိုင်ကို တပ်ဆင်ရန် စီစဉ်ထားပြီးဖြစ်၍ သြဂုတ်လ ဒုတိယပတ်အတွင်း စတင်အသုံးပြုခွင့်ရရှိတော့မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးတာဝန်ရှိသူထံမှ သိရှိရသည်။

ယင်းစက်ကို ခရစ်စတယ်လ်ရှိုင်းကုမ္ပဏီက ရွှေတိဂုံစေတီတော် ဂေါပက ရုံးသို့ လှူဒါန်းထားခြင်းဖြစ်ပြီး နိုင်ငံခြားသားများသည် တစ်ဦးလျှင်အများဆုံး မိနစ် ၃ဝ အခမဲ့ အသုံးပြုခွင့်ရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဝိုင်ဖိုင်ကို စေတီတော်ရင်ပြင်တွင် သင့်တော်ရာနေရာ၌ တပ်ဆင်ထားမည်ဖြစ်ကာ စေတီတော်ပေါ်၌ မည်သည့်နေရာမှမဆို အသုံးပြုနိုင်ရန်လည်း စီစဉ်ပေးထားမည်ဖြစ်ကြောင်းသိရှိရသည်။

ဝိုင်ဖိုင်ကို Password ပေးထားမည်ဖြစ်၍ အသုံးပြုလိုသူ အချိန်မရွေးအသုံးပြုနိုင်ရန်အတွက် အသုံးပြုခွင့်ကတ်ထုတ်ပေးမည်ဖြစ်သည်။

စေတီတော်စတင်ဖွင့်ချိန်မှ ပိတ်ချိန်အထိ အချိန်မရွေးအသုံးပြုနိုင်ရန် စီစဉ်ထားမည်ဖြစ်ကာ လောလောဆယ် စမ်းသပ်ကာလအဖြစ် စက်တစ်ခုသာ တပ်ဆင်ထားသော်လည်း နောင်တွင် စေတီတော်မုခ်အားလုံး၌ တပ်ဆင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ရုံး တာဝန်ရှိသူထံမှ သိရှိရသည်။

ဂေါပကအဖွဲ့ရုံးအနေဖြင့်လည်း အင်တာနက်အသုံးပြုနိုင်ကြောင်းကို နိုင်ငံခြားသားများသိရှိစေရန် နီးစပ်ရာဝက်ဘ်ဆိုက်များတွင် တင်ထားပေးမည် ဖြစ်ပြီး ရင်ပြင်ပေါ်တွင်လည်း အင်တာနက်အသုံးပြုနိုင်ကြောင်း ဆိုင်းဘုတ်များလည်းထောင်ကာ ကြေညာထားမည်ဖြစ်သည်။

ရွှေတိဂုံစေတီတော်သို့ ဇူလိုင် ၁ ရက်မှစ၍ ၂၄ ရက်အထိ ဧည့်ဝင်ဦးရေ ၁၄,၃၈၃ ဦး ရှိပြီး ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့်မလေးရှားနိုင်ငံတို့မှ အများဆုံးလာရောက်ကြည်ညိုကြကြောင်းလည်း သိရှိရသည်။

(ဆွေဆွေနိုင်-သတင်းစဉ်)


~

2 comments :

  1. Anonymous said... :

    မြန်မာလူလျိုးတွေ အတွက်ရော

  1. SAI SAI said... :

    မြန်မာလူမျိုးတွေအထွတ်အမြတ်ထားတဲ့ရွှေတိဂုံစေတီ တော်ကြီးမှာ ဘာတဲ့ WI FI တဲ့လား!မိနစ်သုံးဆယ်အတွင်းမှာ ဒီက အင်တာနက်လိုင်းတွေက ဘာမှလုပ်လို့မရတာအားလုံးသိကြပါတယ်!အရှက်တွေကွဲ ပြီး ကိုယ့်အထုပ်ကို ကိုဖျည်ပြလိုက်သလိုဖြစ်သွားပါလိမ့်မယ်!အင်တာနက်လိုင်းတွေနဲ့ SIM ဈေးတွေကိုအခုထိမပြောင်းလဲပေးသေးတဲ့ မြန်မာ့ဆက်သွယ်ရေး အောက်ခြေ၀န်ထမ်းကနေပြည်ထောင်စုဝန်ကြီးအထိအားလုံး တိုင်းပြည်အတွက် အရှက်ရှိ ကြပါလို့ ပြောချင်ပါတယ် ခင်ဗျာ!

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved