အာရုံများ ပျံသန်းရာ နိုင်ငံကလေးသို့ (၃)

Friday, August 10, 2012

ညီလင်းသစ် ~

ကျနော်တို့ရဲ့ မြန်မာပြည် ခရီးစဉ်က ဒီလိုပါ၊ ရန်ကုန်မှာ တစ်ပတ်နေမယ်၊ ပြီးရင် ပုဂံကို သွားမယ်၊ ပြီးရင် ရန်ကုန်ကိုပဲ ပြန်လာပြီး ပြန်တဲ့အထိ နေမယ်၊ ဒါပါပဲ..၊ မြန်မာပြည်ကို တစ်လနီးပါး သွားပြီးတော့ ရန်ကုန်နဲ့ ပုဂံ နှစ်ခုထဲ လည်ခဲ့ရသလားလို့ နှမြောစိတ်နဲ့ တွေးမယ်ဆိုရင် တွေးလို့ ရပါတယ်၊ ဒါပေမယ့် ဒီခရီးရဲ့ အဓိက ရည်ရွယ် ချက်က မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့ဖို့က အဓိကဖြစ်လို့ ဒီလိုပဲ စီစဉ်လိုက်တာပါ၊ မဟုတ်ရင် ကျနော်တို့ပါ တိုးရစ်စ်လုပ်ပြီး တပြည်လုံး ပတ်နေရင် နေသွားတာတော့ တစ်လနီးပါး ရှိပါရဲ့၊ ဘယ်သူနဲ့မှ ဟုတ်တိပတ်တိ တွေ့လိုက်ရမှာ မဟုတ်ဘူး၊ ပြီးတော့ ကျနော်တို့ သူငယ်ချင်းတွေ အများစုက ခရီးသွားလုပ်ငန်းထဲမှာ လုပ်ကြသူ၊ ဧည့်လမ်းညွှန် စတာတွေ များပါတယ်၊ ဒီအချိန် သူတို့အားလုံးက ဧည့်သည်ကျလို့ တစ်ပတ်ပြီး တစ်ပတ် ခရီးသွားနေတာကို ကိုယ်က ရန်ကုန်ကနေ ထိုင်စောင့်မှ အားလုံးနဲ့ တွေ့ဖို့ ဖြစ်နိုင်မှာပါ၊ နောက်ဆုံး တစ်ချက်ကတော့ ရေအင်မတန် ကြိုက်တဲ့ သားအတွက်ပါပဲ၊ သူ့ရဲ့ ပထမဦးဆုံး မြန်မာပြည် ခရီးစဉ်ဟာ သူဘာမှ မသိတဲ့၊ မခံစားတတ်တဲ့ အရာတွေ ကြားမှာပဲ ကုန်ဆုံးတာထက် သူ နှစ်သက်ရာ ရေကူးကန်လေးနဲ့ တွဲပြီး ဟန်ချက် ညီစေသင့်တယ် မဟုတ်လား...၊


ဒီလိုနဲ့ပဲ မနက်တိုင်း နီးပါး၊ တခါတလေ ညနေပိုင်းတွေပါ ရေကူး ဖြစ်တယ်၊ အင်းယားလိတ်ကို ရွေးတဲ့ အချက်တစ်ခုကလည်း ရေကူးကန် ကြောင့်ပါပဲ၊ ကျနော် သိသလောက် လောလောဆယ် ရန်ကုန်မှာ ကလေးရေကူးကန် ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့ ဟိုတယ်က အင်းယားလိတ် တစ်ခုပဲ ရှိပါတယ်၊


အဲဒီမှာ မနက်တိုင်း ရေကူး လာ,လာသင်တဲ့ ကလေးတွေနဲ့ သားနဲ့ အဖော်ရ သွားတယ်၊ ကလေးချင်း ဆိုတော့ ချက်ချင်း ရင်းနှီးသွား ကြတယ်၊ စကားတွေ အများကြီး ပြောစရာ မလိုဘဲ တစ်ယောက်က ဘယ်လို ကစားချင်လဲ ဆိုတာ နောက်တစ်ယောက်က ခဏချင်းမှာ သဘော ပေါက်တယ်၊ အခုလို ကလေးချင်း ကစားတဲ့အခါ သားအတွက် မြန်မာ ဝေါဟာရ အသစ်တွေ ပိုတိုးပြီး မြန်မာလိုလည်း ပိုပြောလာတယ်၊ ဒီခရီးကနေ ကျနော် အလိုချင်ဆုံး အကျိုးအမြတ် ကလည်း အဲဒါပါပဲ..၊


ရွှေဂုံတိုင် မီးပွိုင့်...၊ ဒီမီးပွိုင့်ကို ဖြတ်တိုင်း အနည်းဆုံး ၂ ခါ ရပ်ရတယ်၊ ဘယ်အချိန် သွားသွား ယာဉ်ကြောက အမြဲပဲ ကြပ်နေလေ့ ရှိပါတယ်၊ ရန်ကုန်မှာက အခု ကားတွေ အရမ်းများလာတော့ ယာဉ်ကြောတွေက တမြို့လုံးလိုလို ကြပ်ပြီး ခပ်နှေးနှေးပဲ မောင်းနေကြ ရတယ်၊ အဆိုးဆုံး လမ်းဆုံ ၄ ခုဖြစ်တဲ့ ရွှေဂုံတိုင်၊ လှည်းတန်း၊ တာမွေနဲ့ ဘုရင့်နောင် တို့မှာ ဂုံးကျော်တံတား ထိုးဖို့ လုပ်နေပါပြီ၊ ကျနော်တို့ ရှိနေစဉ်မှာ ကိုပဲ ပန္နက်တွေ စ,ရိုက် နေတာ တွေ့ခဲ့ရတယ်၊


'ခိုင်ခိုင်ကျော်' ရဲ့ အခင်းအကျင်း...၊ ဘယ်ဆိုင်တွေမှာ သွားစားချင်လဲလို့ သူငယ်ချင်း တစ်ယောက်က မေးတော့ ကိုတီဇက်အေ ဘလော့ဂ်မှာ မြင်ခဲ့ဖူးတဲ့ ဒီနာမည်လေးက ခေါင်းထဲ ရောက်လာခဲ့တယ်၊ ဒါနဲ့ တက္ကသိုလ် ရိပ်သာလမ်းက ဆိုင်ကိုပဲ သွားဖြစ်ပါတယ်၊ ဟင်းအမယ် အတော်စုံတယ်၊ ဝန်ထမ်းအင်အား များလို့ ဝန်ဆောင်မှု မြန်တယ်၊ စားသုံးသူတွေလည်း အများကြီး ပါပဲ၊ မသိရင် အလှူများ ပေးနေသလားလို့ အောက်မေ့ရတယ်၊ ဒါပေမယ့် ဆိုင်နေရာ အထိုက်အလျောက် ကျယ်လို့ စားပွဲတွေ တော်တော်များများ ရှိတယ်၊ စားလို့ ကောင်းတယ်..၊


နှုတ်ခမ်းမွှေးနဲ့ ခန့်ခန့်ကြီး ကူးတတ်တဲ့ အဲဒီကောင်ကို မစားရတာ ကြာပြီ...၊


တလားဗီးယား (ထင်တာပဲ..)၊ ငါးစားရင် ဥာဏ်ကောင်းတယ် ဆိုပေမယ့် ဥာဏ်ကောင်းဖို့ စားခဲ့တဲ့ ငါးနာမည်ကို မမှတ်မိဘူး၊ ကဲ... ဖြစ်ပုံများ...၊း)


တဂ်ပို့စ်တွေမှာ အစားချင်ဆုံး ဟင်းတစ်ခွက်ဆိုပြီး ဘလော့ဂါတွေ တော်တော်များများက သူ့ကို သတိတရရှိ ကြတယ်၊ ဒါပေမယ့် သူ့ကို တမ်းတသူတွေ များပေမယ့်လို့.. ကျနော်နဲ့ မျက်နှာချင်းဆိုင် တွေ့တဲ့အခါ မာနကြီးပုံ မရပါဘူး၊ အခုလို ပိပိပြားပြားနဲ့ ငြိမ်ငြိမ်ဆိမ်ဆိမ် ပါပဲ၊ သြော်.. ချဉ်ပေါင်၊ ချဉ်ပေါင်...၊


သူ့ကိုလည်း ချန်ထားခဲ့လို့ ဘယ်ဖြစ်မလဲ၊ မြန်မာ ထမင်းဆိုင်တွေရဲ့ စရိုက်လက္ခဏာ တစ်ခုပဲဟာ..၊

ဆိုင်ထဲမှာ ရေအင်တုံရယ်၊ ကျောက်ပြင်ရယ်၊ သနပ်ခါးတုံးရယ် ချိတ်ဆွဲ ပြထားတယ်၊ နိုင်ငံခြားသား တွေလည်း အမြဲလိုလို လာစားကြတော့ မြန်မာ့သနပ်ခါးကို မိတ်ဆက်ပေးတဲ့ စိတ်ကူးကောင်း ပါပဲ၊ ဝန်ထမ်းလေးတွေ အားလုံးလိုလို ကလည်း သနပ်ခါးလေးတွေ ကိုယ်စီနဲ့..၊ သားက အဲဒါကို စိတ်ဝင်စား သွားတယ်၊ အမှန်တော့ ကျောက်ပြင်နဲ့ သနပ်ခါးတုံးကို သူသိပါတယ်၊ အိမ်မှာ သူ့အတွက် ကျနော်ဝယ်ထားပေး ပေမယ့် တခါမှ မလိမ်းဖြစ် သေးဘူး၊ အခု ဒီမှာ အားလုံးက သနပ်ခါးနဲ့ ဆိုတော့ သူလည်း လိမ်းချင်တယ် ဖြစ်သွားရော...၊


ဝန်ထမ်းညီလေးက ဝမ်းသာအားရနဲ့ သွေးပေးပါတယ်၊ ပြီးတော့ ရော့..လိမ်း ဆိုတော့ သားက မလိမ်းတတ်တာနဲ့ ကျနော်ကပဲ အဲဒီ ညီလေးကို နည်းနည်းလောက် လိမ်းပေးဖို့ အကူအညီ တောင်းလိုက်ရတယ်၊


သနပ်ခါး မခြောက်တခြောက်မှာ သူ့မျက်နှာ နည်းနည်းတင်းလာလို့ မနေတတ်ဘူး ဖြစ်နေတာ..၊ ဒါပေမယ့် ခဏလည်း ကြာရော ပူပြင်းတဲ့ ရန်ကုန်နေ အောက်မှာ သူ့မျက်နှာက အေးနေတာကို သူ့ဟာသူ သဘောကျလို့ မဆုံးဘူး ဖြစ်နေခဲ့တယ်..၊


ရန်ကုန်ရောက်ပြီး ၅ ရက်လောက်နေမှ မြို့ထဲဖက်ကို ရောက်ဖြစ်တော့တယ်၊ မြို့ထဲကို ပထမဦးဆုံး ဆူးလေဘုရားလမ်း တလျှောက် ဝင်လာတဲ့ အချိန်မှာ ရင်ဘတ်ထဲ အမျိုးအမည် ခွဲခြားရ ခက်တဲ့ ခံစားမှုလေးတခု ဖြတ်ပြေးသွားတယ်၊ တကယ့်ကို သိမ်သိမ်မွေ့မွေ့လေး...၊


ရန်ကုန် ရောက်နေတာတော့ လွန်ခဲ့တဲ့ ၅ ရက်လောက် ကတည်းကပဲ၊ ဒါပေမယ့် အခုမှ သူ့ရဲ့ နှလုံးသား ဗဟိုတည့်တည့်ကို ရောက်လာခဲ့တာ..၊ ဘယ်လိုပြောရမလဲ၊ ကိုယ်နဲ့ ကျောင်းမှာ နှစ်စ ကတည်းက တခန်းတည်း အတူတူတက်တဲ့ ကောင်မလေး တစ်ယောက်ကို မြင်နေ၊ သိနေ ပေမယ့် တကယ်တမ်း ချစ်သူ ဖြစ်တော့မှ သူ့အနားမှာ ပထမဦးဆုံး ကပ်ထိုင်တဲ့အခါ ရလိုက်တဲ့ ရင်ခုန်မှု မျိုးပေါ့..၊ ချစ်သောရန်ကုန်.. မင်းဘေးမှာ ကိုယ် ရောက်နေခဲ့ပြီ..၊


တစ်ရက်မှာတော့ အင်းယားလမ်းထဲက Happy မှာ သွားစားဖြစ်တယ်၊ ဒါကိုတော့ ကျနော် အရင်က မကြားဖူးဘူး၊ သူငယ်ချင်း တစ်ယောက် ခေါ်သွားတာနဲ့ ရောက်သွားတာ..၊ ခေမရဌ်ရဲ့ အနောက်မှာ ရှိပါတယ်၊ ရှမ်းစာ၊ ကချင်စာ စတဲ့ ရိုးရာစာတွေ အဓိက ရောင်းတယ်၊ ဆိုင်းဘုတ်မှာ ရေးထားသလိုပဲ၊ ခေါက်ဆွဲနဲ့ ပတ်သက်တာတွေ အများကြီး ရပါတယ်၊


ဒါက ဂဏန်းပျော့ကြော်.. (လာပြန်ပြီ ဒီဂဏန်းပျော့)၊ ဟုတ်တယ်ဗျာ၊ ဂဏန်းပျော့က ဆိုင်တိုင်း လိုလိုမှာ ခလုတ်တိုက်တယ်၊ ဂဏန်းပျော့ စားတာများလို့ အပြန် လေယာဉ်ပေါ် အိမ်သာ ထ,အသွားမှာ ဘေးတိုက် လျှောက်နေမိတယ်၊ ပထမ ကိုယ့်ဟာကိုယ် လန့်သွားတယ်၊ သေချာပြီ၊ ဒါ ဂဏန်းစားလို့ ဘေးတိုက် လျှောက်နေမိပြီပေါ့၊ နောက်မှ စိတ်နဲ့ကိုယ် အသာလေး ပြန်ကပ်ပြီး သတိထား ကြည့်မှ ဘယ်ဟုတ်မလဲ၊ လေယာဉ်မယ်တွေ တစ်ယောက်ပြီး တစ်ယောက် ဖြတ်နေလို့ သူတို့နဲ့ မတိုက်မိအောင် ကိုယ်ကို တစောင်းလှည့်ပြီး လျှောက်နေရတာ..၊ ဟူး.. လူကို ထူပူသွား တာပဲ..၊း)


ဒါက ရှမ်းခေါက်ဆွဲ (လို့ ထင်တာပဲ)၊ သိပ်တော့ မမှတ်မိ တော့ဘူး၊ ခေါက်ဆွဲ အထူးပြုဆိုင် မှာစားလို့ ခေါက်ဆွဲ ဆိုတာတော့ သေချာတယ်၊


အင်း..ဒါလည်း မေ့တေ့တေ့ပဲ၊ ကြာဇံနဲ့ ဝက်သားနဲ့ ဘာဆိုလား...၊ ကျနော့်မလဲ မမှတ်မိတာတွေ၊ ထင်တာပဲတွေ၊ မေ့တေ့တေ့တွေ များနေတယ်၊ ဒါတောင် ငါးတွေ စားထားသေးတာ နော်..၊း)


အဲ.. ဒါတော့ မှတ်မိတယ်၊ ယိုးဒယား ငါးပိ ထမင်းကြော်..၊ ရက်စ်..၊ ကြိုက်လို့ ၂ ခါ ထပ်စားတယ်၊ ပြီးတော့ အက်စ်ပရက်ဆို ဒပ်ဘယ်လ် ရှော့ သောက်ပလိုက်တယ်၊ မြန်မာပြည်မှာ ယိုးဒယား ထမင်းကြော် စားပြီး အီတာလျံ ကော်ဖီသောက်တယ်၊ ဒါမှ ဂလိုဘယ်လိုက် မဇေးရှင်း သေးဘူး ဆိုရင် ဘယ်ဟာကများ ရှင်းဦးမှာလဲ... ကဲ..၊


အာရ်စီတူး နားကနေ ဖြတ်တော့ ဘာရယ်မဟုတ် လွမ်းသွားပြန်ရော..၊ ဒါတောင် ကျနော်က တစ်နှစ်ပဲ တက်ခဲ့တာပါ၊ အသွင်အပြင်တွေ ပြောင်းသွားပေမယ့် တက္ကသိုလ်ရဲ့ အငွေ့အသက် တွေက နှစ်တွေ အကြာကြီးကို စွဲနေဦးမယ် ထင်ပါရဲ့...၊


ပြောကြစတမ်း ဆိုရင် သူက ငယ်ချစ်ဦးပါ၊ အခု စန်းပွင့်နေတဲ့ 'ကျား' တို့၊ 'ကရဝိတ်' တို့ ဘယ်သူမှ မရှိသေးခင်မှာ ရင်ကိုအေးမြ စေခဲ့သူ...၊ အလှမ်းမဝေးတဲ့ မန္တလေး...၊ ငယ်သံယောဇဉ် ကြောင့်မို့ ကျနော် သူနဲ့ပြန်ဆုံ ပါတယ်၊ ဒါပေမယ့် သူ ပြောင်း - လဲ - သွား - ခဲ့ - ပြီ..၊


"နေဝင်ချိန်တွေကို ငါတစ်ယောက်တည်း မက်မက်စက်စက် ထိုင်ကြည့်ခဲ့တယ်..."

ဘာရယ် မဟုတ်ပါဘူး၊ ဒီဓါတ်ပုံကို ခေါင်းစဉ် ပေးချင်လာလို့...၊း) တကယ်တော့ ဒီနေဝင်ချိန် ဓါတ်ပုံက ဘာမှ မဟုတ်သေး ပါဘူး၊ ရှေ့လာမယ့် ပို့စ်မှာ နေဝင်ချိန်တွေ၊ နေထွက်ချိန်တွေ အရမ်းလှတဲ့ နေရာတစ်ခုကို သွားကြရအောင်..၊ ဟုတ်ပါတယ်..၊ ပုဂံပါ..၊ ရှေ့လာမယ့် ပို့စ်မှာ ကျနော်နဲ့အတူ ပုဂံကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်...။ ။

(ဆက်ပါဦးမယ်..)

ညီလင်းသစ်
၂၇ မတ်၊ ၂၀၁၂

1 comments :

  1. myo chit said... :

    အေးဗျ...ပြန်ရတဲ့သူတွေကတော့တပြုံးပြုံး..ပြန်မရတဲ့သုတွေကတော့ တစ်တောလုံး.. ဘုန်းဘုန်းပါမကျန်ပါဘဲခင်ဗျ..အမေ့အိမ်အိုလဲ လွမ်း
    သလို အမေ့ ငပိရည်နဲ့ တို့ စရာလေးလဲတမ်းတမိပါ၇ဲ့ ...မျှော်သာမျှော်
    ပေါ်မလာ ရွှေခေါင်းပြောင်အိုခေါင်းဆောင်ရယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved