ရဲက သေနတ်နဲ့ ပစ်တာခံခဲ့ရတဲ့ ခွေးလေး စတား

Friday, August 17, 2012

သေနတ်ကျည် သင့်အံ့ဆဲဆဲ စတား (သတင်း၊ ဓာတ်ပုံ- gothamist.com)


သစ္စာရှိတဲ့ ခွေးကလေး သေနတ်နဲ့ အပစ်ခံရတဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်တခုပါ။ ခွေးလေးနံမည်က စတား (Star) ပါတဲ့။

ပုံမှာ မြင် ရတဲ့ အတိုင်း နယူးယောက်မြို့က လူစည်းကားရာ နေရာတခုဖြစ်တဲ့ East Village မှာ သြဂုတ်လ ၁၃ ရက်နေ့ နေ့ခင်းမှာပဲ ခွေးလေး စတားကို နယူးယောက် ရဲတဦးက သေနတ်နဲ့ ပစ်လိုက်တာပါ။

တကယ်တော့ ဒီခွေးလေး ဟာ လမ်းဘေးမှာ ရုတ်တရက် ကျန်းမာရေး ဆိုးဝါးပြီး သတိလစ်မေ့မျောနေတဲ့ သူ့သခင်ကို ကာကွယ်စောင့်ရှောက်ရင်း အခုလို သေနတ်နဲ့ ပစ်တာခံခဲ့ရတာပါ။ ဘေးက ရပ်ကြည့်နေ သူတွေ အော်နေတဲ့ကြားက ရဲ ကလည်း သေနတ်နဲ့ ပစ်ခဲ့တာပါ။


တကယ်တော့ သူ့ သခင်ဟာ လမ်းဘေးမှာ သတိလစ်မေ့မျောနေမှုကြောင့် နယူးယောက် ရဲများက ကယ်တင်ဖို့ အလာမှာ ခွေးကလေး စတားက သူ့သခင်အနီးကို အကပ်မခံခဲ့ပါဘူး တဲ့။ ရဲကလည်း လမ်းဘေးမှာ သတိလစ် လဲနေတဲ့ ခေါင်းနဲ့ လက်က ဆတ်ငင် ဆတ်ငင် ဖြစ်နေတဲ့ သခင်အနီးကို ခပ်မြန်မြန်နဲ့ ချည်းကပ်လာကြတယ်။

ဒီတော့ ခွေးလေးကလည်း မာန်ဖီနေတယ်။ သူ့သခင်ကို အန္တရာယ်တခုခု လာပေးတယ် ထင်ပုံရတယ်လို့ လမ်းဘေး ရပ်ကြည့်နေသူ တဦး ဆိုပါတယ်။

ပထမဆုံး ခွေးလေးက သူ့သခင် ဘေးနားကပ်လာတဲ့ အမျိုးသမီးတယောက်ကို ကိုက်ဖို့ ကြိုးစားခဲ့တယ် တဲ့။ ခွေးလေး စတား က မာန်ဖီရန်လိုနေတာကို သတိထားဖို့လည်း လမ်းဘေးကလူတွေက ရဲ ကို အော်ဟစ် သတိပေးနေခဲ့ပါတယ်။

ဒါပေမယ့် ရဲက ခွေးသခင်အနီးကို အရမ်းကပ်လာတဲ့အချိန်မှာ ခွေးလေးက အတင်းပဲ ရဲကို လိုက်ကိုက်ခဲ့ပါတယ်။

ခွေးလေးက အတင်း လိုက်ကိုက်နေချိန်မှာပဲ သေနတ်နဲ့ ပစ်ချလိုက်တာပါ။ ခွေးလေးလည်း ငယ်သံ ပါအောင် အော်ရင်း ပလက်ဖောင်းပေါ် ဆတ်ငင် ဆတ်ငင်ဖြစ်နေချိန် ဘေးအနီးဝန်းကျင်က အော်ဟစ်နေ သူတွေကလည်း သေနတ်နဲ့ ပစ်လိုက်တဲ့ ရဲကို ၀ိုင်းပြီး အပြစ် တင်နေကြပါတယ်။

သတင်းမှာ ဆိုထားတဲ့ တယောက်ကတော့ ဒီရဲတွေ သေချာ လေ့ကျင့်မထားဘူးထင်တယ်လို့ မှတ်ချက်ပြု ပြောထားပါတယ်။ ခွေးလေးကို သေနတ်နဲ့ ပစ်ခတ်မှုနဲ့ လမ်းဘေးက လူတွေရဲ့ အော်ဟစ်မှုတွေကြောင့် ရဲတွေ လာရင်းအကြောင်း မေ့နေတယ်ထင်ပါတယ်။ နောက်ထပ် နယူးယောက် ရဲတွေလည်း အုပ်စု လိုက်
ရောက်လာပါတော့တယ်။

အတော်ကြာမှ သတိမေ့မျောနေတဲ့ ခွေးသခင်ကို လှုပ်နှိုးပြီး ကယ်တင်ခဲ့ကြပါ တယ်တဲ့။

ခွေးလေးကိုလည်း အလားတူပဲ သေနတ်ဒဏ်ရာနဲ့မို့ ရဲတွေက ခေါ်သွားခဲ့ကြပါတယ်။

အခုနောက်ဆုံးမှာတော့ ခွေးလေး စတားဟာ နယူးယောက်မြို့ တိရိစ္ဆာန် ထိမ်းကြောင်းရေး
နှင့် စောင့်ရှောက်ရေး စင်တာမှာ အသက်ရှင်လျက် ရှိနေပါတယ်တဲ့။ ခွေးလေး စတားရဲ့ ဇာတ်လမ်းကတော့ ဒီမျှသာဖြစ်ပါတယ်။

1 comments :

  1. Anonymous said... :

    လူတွေကတော့ အပြစ်ပဲတင်နေမှာပဲ နေရာတကာပဲ ကိုယ်တိုင်တော့ ဘာမှမလုပ်ကြဘူး။ လူအသက်နဲ့ ခွေးအသက် ဘယ်သူ့ ကို အရေးတကြီးကယ်ရမလဲ ဒါရဲက ဆုံးဖြတ်ချက်ကို အလျှင်မြန်ချလိုက်တာ ပြီးခွေးက တိုက်ခိုက်တာကို ဒီတိုင်း လျောက်ပြေးနေရင် ခွေးသခင် အသက်က စက္ကန့် နဲ့ အမျှအရေးကြီးနေတယ် ဒါကို အလျင်မြန်ဆုံးဖြတ်ချက်ချပြီး လုပ်ရမှာပဲ ကြက်ခြေနီသင်တန်းတက်ဖူးသူတိုင်းနားလည်တယ် လူတစ်ယောက်ဟာ အရေးပေါ်အခြေနေမှာ စက္ကန့် နဲ့ အမျ အရေးကြီးတယ် ၁၅ စက္ကန့် လောက် သွေးခုန်နှုန်းရပ်ပြီး အသက်မရှုဒါမှမဟုတ် အသက်ရှုလမ်းကြောင်း ပိတ်သူကိ အချိန်မှီ CPR မပေးနိုင်ရင် အဲဒီ ၁၅စက္ကန့် မှာ အဲဒီလူ ဦးနှောက် တခြမ်းသေသွားနိုင်တယ်။ ဗမာလိုတော့ လေဖြတ်တယ်ပေါ့ဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved