ပြန်ကြားရေးဝန်ကြီးသစ်နဲ့ မူဝါဒအပြောင်းအလဲ

Friday, August 31, 2012


ဝန်ကြီးဦးအောင်ကြည်က သူကိုင်တွယ်ရမယ့် ပြန်ကြားရေးဌာနရဲ့ မူဝါဒတချို့ကို အပြောင်းအလဲ လုပ်မယ်လို့ သိရပါတယ်။

အဲဒီထဲမှာ "မီဒီယာကို မီဒီယာနဲ့တိုက်" ဆိုတဲ့ အစီအစဉ်ကို ဖျက်သိမ်းရေးဟာ ထိပ်ဆုံးက ပါဝင်နေပါတယ် တဲ့။

ဒီမူဝါဒအပြောင်းအလဲကြောင့် ၀န်ကြီးသစ်လက်ထက်မှာ တန်ပြန် ဝါဒဖြန့်တာတွေ ရပ်နားသွားဖွယ်ရှိပါတယ်။

သီချင်းဦးစားပေး ပိတောက်မြေ FM က ဆိုရင် ၀ါဒဖြန့်တာတွေတင်မက စော်ကားရိုင်းပျတာတွေကိုပါ ထုတ်လွှင့်ခဲ့တာပါ။

ပိတောက်မြေ လှိုင်းက ပြည်ပရေဒီယိုဌာနတို့ရဲ့ အသံလွှင့်လေလှိုင်းတွေနဲ့ ပူးကပ်ထုတ်လွှင့်တဲ့နည်းကို သုံးခဲ့ပါတယ်။

တန်ပြန်ဝါဒဖြန့်တာမျိုးကို အများဆုံး လုပ်ခဲ့တာကတော့ အွန်လိုင်းကနေ ဖြစ်တယ်လို့ အများက ယုံကြည်ကြပါတယ်။

ဝန်ကြီးဟောင်း


ပြန်ကြားရေးဌာနကို မကြာသေးခင်ကအထိ ကိုင်တွယ်သွားသူက ဦးကျော်ဆန်း ဖြစ်ပါတယ်။ ဦးကျော်ဆန်းက သူမထွက်ခွာခင်မှာ ဆင်ဆာဖြတ်တောက်ခြင်းအစီအစဉ်ကို ရုပ်သိမ်းသွားပါတယ်။

ပြည်ပရေဒီယိုဌာနတွေကို လူသတ်သမား ဆိုပြီး ဗြောင်ကျကျ တိုက်ခိုက်ရေးသားမှုတွေကိုတော့ ရုပ်သိမ်းလိုက်တာ တနှစ်ပြည့်ပါပြီ။

ဒီလိုတိုက်ခိုက်မှုတွေကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူတဲ့ ရုပ်သံ၊ ရေဒီယို၊ မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာတို့မှာ တွေ့ခဲ့ကြမှာပါ။

ဝန်ကြီးသစ်


ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်က ရုံးပိတ်ရက်အတွင်း ရန်ကုန်ကို သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မှာ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဟာ ဒီလထဲမှာ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဝန်ကြီးဦးအောင်ကြည် ရန်ကုန်ရောက်ခိုက် မြန်မာတိုင်းမ် (The Myanmar Times) ကို အင်တာဗျူးပေးမယ်လို့လည်း သိရပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved