လှရွှေ
အမိမြန်မာပြည်ကို ဒုတိယ အကြိမ်သွားရမည့် မိသားစုအရေးကိစ္စ တစ်ခု ပေါ်ပေါက်ခဲ့ပြန်သည်။ တော်လှန်ရေး နယ်မြေတွင် ဆယ်နှစ်ကျော် နေထိုင်ခဲ့ပြီးနောက် ပထမအကြိမ်အဖြစ် အစိုးရနှင့် ငြိမ်းချမ်းရေး စကားပြောရန် (၂၀၁၂) မတ်လအတွင်း ရောက်ရှိခဲ့ပါသည်။ အစိုးရ၏ ဧည့်သည်တော်အဖြစ် သွားခဲ့ရသည့်အတွက် အမိနိုင်ငံ၏ လူနေမှုဘ၀ အဖုံဖုံကို မတွေ့မြင်ခဲ့ရချေ။ သို့သော် ယခုအကြိမ်မှာမူ မိသားစု ကျန်းမာရေး ကိစ္စအတွက် သွားရမည့် ခရီးဖြစ်သည့်အတွက် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း အမိမြန်မာပြည်ကြီး၏ တိုးတက်နေသော လူနေမှုဘ၀ အဖုံဖုံကို လေ့လာခွင့် ရရှိမည့်အရေးကို အားတက်နေမိသည်။
ထိုင်းဖက်ကမ်း ဂိတ်အမှတ် (၂) မှ အမိမြန်မာပြည်ဖက်ကမ်းကို စက်လှေ ကူးတို့နှင့် ကူးခဲ့သည်။ အမိ မြန်မာပြည်ဘက် ကမ်းကိုရောက်သည်နှင့် ကြုံတွေ့လိုက်ရ သည်က ခရီးသည်များတွင် ပါလာသည့် အထုပ်အပိုးများကို သယ်ယူပေးမည့် ကလေး၊ လူကြီး အလုပ်သမားများက အထုပ်အပိုးကို အလုအယက် သူ့ထက်ငါ ဦးအောင် တိုးဝှေ့ သယ်ယူနေကြသည်ကို တွေ့ရသည်။ ကမ်းနဖူးကို ရောက်ပြီး အထုပ်အပိုးကို ချကာ ကျနော့်အမျိုးသမီးက ဘယ်လောက် ပေးရမလဲ မောင်လေးဟု မေးလိုက်စဉ် “ကျပ် ခြောက်ထောင်” အမ ဟု အထုပ်ထမ်းသည့် ကောင်လေးမှ ပြောဆိုသည်ကို တွေ့ရစဉ် ကျနော် အံ့သြသွားခဲ့သည်။ လှေပေါ်မှ အထုပ် ငါးထုပ်ကို ကမ်းနဖူးပေါ်ကို သယ်ယူစရိတ်က ကျပ်ခြောက်ထောင်တဲ့။
လူမမာ တစ်ဦးအနေနဲ့ ရန်ကုန်ထိ သွားရမည့်ခရီးကို စိုးရိမ်မိသည့်အတွက် ကြိုတင်လက်မှတ် ၀ယ်ရန် ဇနီးကို ပြောဆိုခဲ့သော်လည်း ကျနော့်အမျိုးသမီးကား ဤလမ်း ဤခရီးကို အတွေ့အကြုံရှိသူပီပီ ကြိုတင် ၀ယ်ယူဖို့မလို အပ်ကြောင်း ပြောပြသည်။ မြ၀တီ-ရန်ကုန် ခရီးစဉ်ကို ကျပ် ရှစ်ထောင်ဖြင့် ပြေးဆွဲနေသော ကားလိုင်းများ အများအပြားပင်။ မြ၀တီ-ရန်ကုန် တစ်ရက်နဲ့ တစ်ညအိမ် ခရီးကိုမှ ကျပ်ရှစ်ထောင် ပေးရသော် လည်း လှေပေါ်မှ ကမ်းနဖူးပေါ်ကို ငါးမိနစ်နှင့်အပြီး အထုပ် ထမ်းပေး သော လူငယ်ကလေး တောင်းသော ကျပ်ငွေ ခြောက်ထောင်ကား မများပေဘူးလား။
လုပ်အားနှင့် လုပ်ခ မျှတမှု မရှိဘဲ တောင်းဆိုနေခြင်းသည် သဘာဝ မကျလှသော လုပ်ရပ်ဖြစ်သည်ကို ပထမဆုံး အကြိမ်အဖြစ်တွေ့ မြင်လိုက်ရပြီးနောက် ကျနော်၏ စိတ်ထဲတွင် ကသိကအောက်ဖြစ်ခဲ့ရသည်။
ဤသည်မှာကား မြန်မာပြည် ကိုယ်ပိုင်ခရီးစဉ် အစဟုပင် ဆိုရပေအုံးမည်။ ကျနော့်အမျိုးသမီးကတော့ နင်တို့ယူချင်ယူ မယူချင်နေ ကျပ်လေးထောင် ယူလိုက်တဲ့။ အစကတည်းက သည်လောက်ပေးရမည်ကိုသာ သိရှိပါက မည်သည့် အထမ်းသမားကိုမှ ထမ်းခွင့်ပေးမည်မဟုတ်။ မိမိကိုယ်တိုင် ထမ်းလိုက်မည်ဟု ကျနော့် အမျိုးသမီးကို လှမ်းပြောမိသည်။
သောင်ရင်းမြစ်ကမ်း နဖူးပေါ်တွင် ခရီးသည်များဖြင့် စည်ကားနေသည့် မြ၀တီ မြို့သည်ကား အနာဂတ် တွင် ဖြစ်ပေါ်လာမည့် အာဆီယံ စီးပွားရေးဇုံတွင် ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့နှင့် ဆက်သွယ်ရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာမည့် မြို့ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရသည်။
ခရီးသည်တင် မော်တော်ယာဉ်ဖြင့် မလိုက်ဘဲ ဗန်ကားလေးကို တခြားလူနှစ်ဦးနှင့် အစုအစပ်လုပ်ကာ ဘားအံမြို့ကို ခရီးဆက်ခဲ့ကြသည်။ ကျနော်၏ နှစ်နှစ်သားလေးမှာ ကား ခရီးသွားလာပါက အလွန် ပျော်ရွှင် တတ်သော သူပင်ဖြစ်ပါသည်။
ကားဒရိုင်ဘာကလည်း သဘောကောင်းသည့်လူရွှယ် ဖြစ်သည်မို့ သုံးနာရီခန့်ကြာမည့် ဒေါနတောင်ခရီးတွင် အဆင်ပြေချောမွေ့ခဲ့သည်။
ကျပ်ရှစ်ထောင်တန် မြ၀တီ-ရန်ကုန် လိုင်းကားကို စီးပါက လူတစ်ဦးအတွက် ဖြစ်ပေါ်လာနိုင်မည့် ကျန်းမာရေး ဆိုင်ရာ ပြသနာများကို ကြိုတင် ပြင်ဆင်ထားခဲ့သည်။ ကျနော်သည် ဆီးခဏခဏ သွားတတ်သည့်အတွက် ခရီးမသွားမီ ညကတည်းက ရေကို လျော့သောက်ခဲ့သည်။ အစားကိုလည်း လျော့စားခဲ့သည်။
အထူးသဖြင့် ၀မ်းချုပ်တတ်သည့် အစာများကို ရွေးကာ စားသောက်ခဲ့သည်။ နှစ်ပေါင်း တဆယ်ကျော် မြန်မာ
ပြည်တွင်း ခရီးဝေးဝေးလံလံ မသွားဘူးသည့် ကျနော့်အတွက် ကြိုတင်ပြင်ဆင်သည့် သဘောပင်ဖြစ်သည်။ ဘားအံမြို့ထိ တစ်ဦးကို ကျပ်တစ်သောင်းပေးကာ စီးလာသော်လည်း ကော့ကရိတ်မြို့ကို နေ့လည် ၁၂ နာရီ မထိုးမီ ရောက်ရှိသွားသည့်အတွက် ရန်ကုန်-ကော့ကရိတ် ကားကို ပြောင်းစီးကာ ရန်ကုန်မြို့ကို ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။
ကော့ကရိတ်-ရန်ကုန် ခရီးတွင် ခရီးသည်တစ်ဦးလျင် ကျပ်ငွေ ငါးထောင်သာ ပေးရသော်လည်း ခရီးသည် တစ်ဦးလျှင်ပါလာသည့် အိတ်အတွက် ပေးရသည့် ငွေက ခရီးသည်၏ စရိတ်နှင့် တန်းတူဖြစ်နေသည်။ ထိုင်းနိုင်ငံတွင် အနေကြာခဲ့သော ကျနော့်အဖို့ အထူးအဆန်းပင် ဖြစ်မိတော့သည်။ ထိုင်းနိုင်ငံတွင်ကား ခရီးသည် တစ်ဦးတွင် ပါသည့် ခရီးဆောင်အိတ် အပါအ၀င် အခြားသော အိတ်ကြီး အိတ်ငယ်များကိုပင် အခမဲ့ တင်ဆောင်ခွင့် ပြုသည်ကိုတွေ့ရသည်။
ကျနော့်တို့သွားသည့် နေ့ကား ကရင်ပြည်နယ်တခုလုံးကို ရေကမ္ဗလာက လွမ်းမိုးထားသည့် နေ့ဖြစ်နေပြန် သည်။ မိုးကလည်း ရွာလိုက်သည့် ဖြစ်ခြင်း။ အအေးဓါတ်ကြောင့် ဖြစ်ပေါ်လာ သော ခရီးသည်တို့၏ ဓါတ်ကြီး လေးပါး အစုအဝေးကို ခရီးသည်ပို့ဆောင်ရေး လုပ်နေသည့် ကားလိုင်းများကလည်း ထည့်၍ပင် မစဉ်းစား။ ဆီးခဏခဏ သွားတတ်သောကျနော့်အဖို့ ဒုက္ခကြီး လှလှတွေ့ပါတော့သည်။
မြ၀တီ-ရန်ကုန် ခရီးစဉ် တလျှောက်ရှိ ကားများတွင် အိမ်သာများ မပါ။ ကား ဒရိုင်ဘာကလည်း ခြောက်နာရီ ခရီးအတွင်း လမ်းဘေးတွင်ပင် ခဏလေး ရပ်ပေးသည် မရှိ။ ညနေခြောက်နာရီ ရောက်မှ ထမင်းစား မည့်နေရာတွင် ရပ်နားပေး သည်။ ကားပေါ်က ဆင်းလိုက်သည်နှင့် ခရီးသည်တို့ကား အိမ်သာသို့ အပြေးအလွှား သူ့ထက် ငါ အရင် ရောက်ရှိရေးကို အပြေးပြိုင်သလို ဖြစ်နေတော့သည်။
ထူးဆန်းအံ့ဖွယ်ရာတစ်ခုကား ရန်ကုန်-မြ၀တီ ခရီးစဉ်တွင် ရပ်နားခဲ့သော နေရာရှိ အိမ်သာတိုင်း တွင် လက်ဆေးရန် ဆပ်ပြာမရှိခြင်းပင် ဖြစ်သည်။ ထမင်းဆိုင်များ တွင်လည်း အိမ်သာတက်ပြီး တိုင်း လက်ဆေးရန် ဆပ်ပြာ မရှိသည်ကို တွေ့ရသည်။ လက်ဖြင့် ဖင်ဆေးရသော အမိမြန်မာ ပြည်သားများအဖို့ အီးသံသရာတွင် လည်နေတော့သည်။
ည (၁၁) နာရီခန့်တွင် ရန်ကုန်အဝေးပြေး ကားဂိတ်ကို ရောက်စဉ် တက္ကစီသမားတို့၏ ပညာ ပြမှုကို ကြုံတွေ့ရတော့သည်။ ကျနော်တည်းခိုမည့် နေရာသည် ကားနှင့် သွားပါက ဆယ်မိနစ် ခန့် ခရီးအကွာတွင် ရှိသော်လည်း တက္ကစီသမားများမှ ငါးထောင်-ခြောက်ထောင် အထိ တောင်းသည်ကို တွေ့ရသည်။ တက္ကစီ သမားများ၏ ပညာပြမှုကို မကြိုက်ဖြစ်နေသော အခြား သော တက္ကစီသမားတဦးမှာ ကျပ်သုံးထောင်ဖြင့် လိုက်ပို့ပေးတော့သည်။
မိတ်ဆွေတဦး၏ အိမ်တွင် တည်းခိုရင်း နောက်တစ်နေ့ နံနက်ပိုင်းတွင် ကြိုတင်ဘွတ်ကင် လုပ်ထားသည့် ဆရာဝန်နှင့် တွေ့ဆုံရန် အထူးကု ဆေးရုံတခုကို ရောက်ရှိ ခဲ့သည်။ ဆရာဝန်မှ ရက်တို ဆေးရုံတက်ရန် လိုအပ်ကြောင်း ပြောပြီး ဆေးရုံတက်ရန် ပြင်ဆင်ရပေတော့သည်။ ဆေးရုံတွင် မှတ်ပုံတင်ခ၊ အပါအ၀င် ဆရာဝန်ကြေး ပေးပြီးနောက် ဆေးရုံ တက်ရန်အတွက် စရံငွေ တောင်းပါလေတော့သည်။
Deposit ငွေ၏ အခြေအနေသည် ရောဂါ၏ လက္ခဏာ အခြေအနေပေါ်တွင် တည်မှီနေ သည်ကို တွေ့ရသည်။ ကျနော့်အမျိုးသမီး၏ ရောဂါသည် ကင်ဆာ ရောဂါ ဖြစ်သည့်အတွက် ကြိုတင်ငွေမှာကား ပြောပင် မပြော ချင်တော့။ ဤကား ဒို့မြန်မာတွေရဲ့ ဓလေ့ပဲလားဟု အော်လိုက်ချင်တော့သည်။
၂၀၀၃ ခုနှစ်ဝန်းကျင် အချိန်က ကျနော်၏ မိတ်ဆွေတစ်ဦးသည် အဆုတ်ကင်ဆာ ဖြစ်သည့်အတွက် ချင်းမိုင်ဆေးရုံတွင် တက်ရောက်ကုသရသည်။ ဆေးရုံရောက် ကတည်းက ငွေစကား တစ်ခွန်းမှ မပြော။ အမိမြန်မာပြည်တွင်ကား လူနာတစ်ဦး ဆေးရုံတက်ပါက မိသားစုဝင်များ အလုပ်မဖြစ်တော့။
ကျနော့်မိတ်ဆွေ ကုသခဲ့သော ဆေးရုံတွင် လူနာစောင့် မလိုဟု တာဝန်ကျ သူနာပြုဆရာမမှ ပြောပြသည်။ ကျင်ကြီး ကျင်ငယ် အသွယ်သွယ်ကို သဘောဖြူသည့် နာ့စ်လေးတွေက လုပ်ပေးလေ တော့သည်။ ကံမကောင်း အကြောင်း မလှသည့်အတွက် ခွဲစိတ်ကုသမှု ပြုလုပ်ပြီးနောက် သုံးလခန့်အကြာတွင် မိတ်ဆွေ ဆုံးပါးသွားခဲ့သည်။ ဆေးရုံတာဝန်ရှိသူမှ ကုန်ကျသည့် ဆေးရုံစရိတ်ဘီလ် စာရွက်ကို လာပေးသည်။
ဘတ်ငွေ နှစ်သိန်းကျော် ကုန်ကျကြောင်း တွေ့ရသည်။ ထမင်းနပ်မှန်ရန်အတွက် မနည်း ရုန်းကန်နေရသော ကျနော်တို့အဖို့ ပေးဆောင်ရမည် ငွေပမာဏသည် ဖြစ်နိုင် ခြေမရှိတော့။ ထိုကြောင့် ဆေးရုံ အုပ်ချုပ်ရေး တာဝန်ရှိသူ ရုံးခန်းကို ချီတက်ရပေတော့သည်။ အကျိုးအကြောင်း ဖြစ်ကြောင်းစုံလင်စွာ ရှင်းပြလိုက်သော အခါ တာဝန် ရှိသူမှ “ဒါဆို ဘယ်လောက်တတ်နိုင်လဲ” ဟု ပြန်မေးလိုက်သည်။
ကျနော်တို့က ဘတ်ငွေ နှစ်သောင်းလောက် ပေးဆောင်နိုင်ကြောင်း ပြောဆိုလိုက်သော အခါ ကျနော်တို့ ကို ကျေးဇူးတင်စကား ဆိုပါလေတော့သည်။
တလောက မဲဆောက်ဆေးရုံတွင် တက်ရောက် ကုသနေသည့် မိတ်ဆွေလူနာ တစ်ဦးကို သွားရောက် သတင်းမေးစဉ် အဖြစ်အပျက် တစ်ခုကို တွေ့ခဲ့ရသည်။ ကျနော့် မိတ်ဆွေနဲ့ ကုတင်ချင်းကပ်လျက် မြန်မာပြည်မှ အမျိုးသမီးငယ်ငယ် တစ်ဦးသည် နှလုံးရောဂါကို တက်ရောက် ကုသနေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ကျနော် သတင်းမေးသည့် အချိန်မှာ ရောဂါ သက်သာ သွားပြီဖြစ်သည့် အတွက် ဆေးရုံ က ဆင်းနိုင်ကြောင်း တာဝန်ကျ ဆရာဝန်မှ လာပြောသည်။ တပြိုင်နက်ထဲမှာပင် ဆေးကုသ ကုန်ကျစရိတ် ကို ဆေးရုံ အုပ်ချုပ်ရေး တာဝန်ရှိသူ တစ်ဦးမှ စာရွက်ကိုပါ လာပေးသည်။
ထိုင်းစကား မတတ်ရှာသော မြန်မာအမျိုးသမီးငယ်ကို အနီးအနား က ထိုင်းစကားတတ်သူ မြန်မာလူမျိုးများက ကူညီပြောပေးကြသည်။ ထိုင်းငွေ ဘတ်ငါးသောင်းကျော် ကုန်ကျကြောင်း ဘာသာပြန် အမျိုးသမီး က ပြောပြသည်။
တိုက်ဆိုင်စွာပင် မြန်မာအမျိုးသမီးငယ်သည် ဘတ်ငွေ တစ်ထောင်တန် တစ်ရွက်ကို ထုတ်ပြလိုက်သည်။
“ကျမမှာ ပါလာတာ အကုန်ပဲ” တဲ့။ ဆေးရုံးတာဝန်ရှိသူတွင်လည်း မကျေနပ်သော မနှစ်သက်သော အမူအယာမျိုး တစက်ကလေးမှ မတွေ့ရ။ ဆေးရုံတာဝန်ရှိသူမှ သူ့ရုံးခန်းကို ခဏလိုက်ခဲ့ရန် လူနာရှင် အမျိုးသမီးကို ခေါ်ဆောင်သွားပါတော့သည်။
လူနာခန်းရှိ လူနာစောင့်များနှင့် အခြား ထိုင်း၊ မြန်မာ လူမျိုး အသီးသီးတို့သည် ကလေးမလေး၏ ရုံးခန်းက အပြန်ကို ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်နေကြပေတော့သည်။ ကျနော်သည်လည်း အတွေးများစွာဖြင့် မိတ်ဆွေ၏ ကုတင်ဘေးတွင် ကလေးမလေး၏ ပြန်အလာကို စောင့်မျှော်နေမိသည်။ နောက် မိနစ် (၂၀) ခန့် အကြာတွင် နှလုံးရောဂါသည်မလေး အပြုံးမျက်နှာနဲ့ ပြန်လာသည်ကို တွေ့ရသည်။
“ကျမ အိမ်ပြန်စရိတ် ဘတ် (၅၀၀) ပြန်ပေးလိုက်တယ်” ဟု ကလေးမလေးက ပြန်ပြောပြတော့ အမျိုးချစ်သော ဒို့မြန်မာများ၏ မျက်နှာများသည်လည်း အပြုံးပန်း များဖြင့် ဝေဆာ နေလေတော့သည်။ လူသားဆန်သော လူသားများကို တွေ့မြင်လိုက်ရသောအခါ ကျနော်၏ ပါးပြင်ပေါ်သို့ နွေးထွေးသော အရာတခု ဖြတ်သန်း စီးဆင်းသွားခဲ့သည်။
လူသားဆန်သော လူများနှင့် လူသားမဆန်သော လူများ၏ ခြားနားခြင်းများကို ကျနော်စဉ်စားနေမိသည်။ ကျနော် ဖြတ်သန်းလာရသော လမ်းခရီးတလျှောက်တွင် တွေ့ကြုံခဲ့သော သောင်းရင်း မြစ်ကမ်းနဖူးက အထမ်းသမားလေး၊ ခရီးသည်တင်ဆောင်ခနှင့် ခရီးဆောင်အိတ်ဖိုးကို ညီတူညီမျှ ကောက်ခံယူသော ခရီး ပို့ဆောင်ရေး ကုမ္ပဏီ၊ အိမ်သာတွင် ဆပ်ပြာ မရှိရှာသော ထမင်းဆိုင်များ၊ ရန်ကုန် အဝေးပြေးဂိတ်တွင် လှုပ် ရှားနေသော တက္ကစီမောင်းသူများနှင့် ကျပ်ငွေ သိန်း သန်းချီ ကြိုတင်ငွေ ပေးသွင်းရသော အထူးကု ဆေးရုံတို့ သည် အမိ မြန်မာပြည်၏ တာဝန်ကို အခန်းကဏ္ဍ တနေရာကနေ တာဝန်ထမ်းဆောင်ကြသည် ဟု တွေးတောမိပါသည်။
အနာဂတ် အမိမြန်မာပြည်ကြီးအတွက်လည်း စိုးရိမ်ပူပင်မိသည်မှာ အမှန်ပင်ဖြစ်ပါသည်။
လှရွှေ
ခေတ္တ (ရန်ကုန်)
၂၀၀၈ လောက်တုန်းက အာရှတော်ဝင်မှာ အသိမိသားစုထဲကတယောက် တက်ပြီးဆေးရုံမှာ ဆုံးသွားတယ်။
ကျတာက ၁၂ သိန်းလောက်ပါ။ ငါးသိန်းလောက်ပဲ လက်ထဲမှာရှိတော့ ကျန်ငွေကို နောက်မှရှင်းမယ်လုပ်တာ ခွင့်မပြုဘူး အလောင်းပေးမသယ်ဘူး။
အမှန်ဆို သူတို့ အိမ်နဲ့ အဲဒီဆေးရုံနဲ့ က မျက်နှာချင်းဆိုင် နီးပါးပဲ။ ရ.၀.တ တွေခေါ်ပြီးအာမခံပေးတာလဲ မရဘူး။
နောက်ဆုံး အဲဒီ အသိ (သူက သင်္ဘောသား)ရဲ့ စီဒီစီ ရယ် ပတ်စပို့ စာအုပ်ရယ် အပေါင်ထားပေးလိုက် မှ အဆင်ပြေသွားတယ်။ ဆေးရုံပေါ်မှာ အလောင်းက ၁ ရက်နီးပါးကြာသွားတာပေါ့။ အသုဘရှင်တွေလည်းတော်တော် စိတ်ထိခိုက်ရတယ်။