“မစိုးရိမ်လာပြီး ဝီရသူနားရွက်ကို တံတွေးစွတ်သွားသူ”

Sunday, August 19, 2012


(တရားဥပဒေနှင့် သမ္မတကြီး ဦးသိန်းစိန်၏ အထက်က ဒေါ်နီနီတို့အကြောင်း)



အရှင်ဝီရသူ ~

ယခုလ ၁၂-ရက်နေ့က ဖြစ်ပါတယ်။ စာရေးသူ စာဝါပို့ချနေစဉ် အမှတ်(၇)ရဲစခန်းမှ နယ်ထိန်း ဦးသောင်းဟန် ရောက်လာပါတယ်။ မနက်ဖြန် ၁၃-၈-၂၀၁၂-ရက်နေ့မှာ ကလေးလုပ်သား မတင်နီလာအေးအမှု ရုံးတင်စစ်ဆေးမှာ ဖြစ်လို့ ရဲစခန်းကို မနက် (၉)နာရီ အရောက်လာဖို့ လျှောက်ထားသွားပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စာရေးသူက “ကလေးလုပ်သား မတင်နီလာအေးအမှု အေးစက်နေဆဲ” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး တစ်ပုဒ်ရေးပြီး မိုးမခဝက်ဆိုက်ကို ပေးပို့ထားချိန်ဖြစ်ပါတယ်။ ၁၁-၈-၂၀၁၂-ရက်နေ့ထုတ် မြနန္ဒာဂျာနယ်လ်မှာ လည်း “နှိပ်စက်ခံရသူ အိမ်အကူက အိမ်ရှင်ကို အမှုဖွင့်တိုင်ကြားထားတာ (၁)လလောက်ရှိပေမယ့် ထူးခြားမှု မရှိသေးဟုဆို” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ပါလာပြီး နောက်တစ်နေ့ ၁၂-၈-၂၀၁၂-ရက် တနင်္ဂနွေနေ့မှာ ရုံးတင်စစ်ဆေးခွင့် အမိန့်ကျတာပါ။ တနင်္ဂနွေနေ့မှာ အမိန့်ကျတာ ဆန်းတော့ အဆန်းသားလို့ အောက်မေ့မိခဲ့ပါသေးတယ်။

စာရေးသူလည်း စာနယ်ဇင်းသမားတွေနှင့် ကလေးမလေးဘက်မှ ရှေ့နေလိုက်ပေးမည့် NLD.ပါတီဝင်တွေကို အကြောင်းကြားရပါတယ်။ ကလေးမလေး အတွက်တော့ စိတ်ချပြီးသားပါ။ ခံထားရသူ ဖြစ်လေတော့ ဘယ်အချိန်ထ,မေးမေး အမြဲတမ်းအဆင်သင့် ရှိနေမည့်သူပါ။ သင်ပေးစရာလည်း မလိုပါဘူး။ ဒါကြောင့် မကြောက်လန့်ဖို့ ရဲရဲတင်းတင်း ပြောဖို့ပဲ မှာထားလိုက်ပါတယ်။

၁၃-၈-၂၀၁၂-ရက်နေ့မှာ ချိန်းထားတဲ့အတိုင်း အမှတ်(၇)ရဲစခန်းကို သွားကြပါတယ်။ ဘုန်းကြီးတစ်ပါးရယ်၊ ဦးဇင်းနှစ်ပါးရယ်၊ ကလေးမလေးဘက်မှ သက်သေတွေရယ်၊ စာနယ်ဇင်းသမား သုံးယောက်ရယ် အားလုံး(၁၀)ယောက်ပါ။ ရဲစခန်းရောက်တော့ တရားရုံးကိုလွှတ်ပါတယ်။ တရားရုံးရောက်တော့ တရားရုံးက “ခုချိန်ထိ ရဲစခန်းက အမှုချမပေးသေးဘူး”လို့ ဆိုပြန်ပါတယ်။

အားလုံး မဟာအောင်မြေတရားရုံးမှာ ထိုင်စောင့်နေချိန်မှာတော့ ကလေးမလေးကို နှိပ်စက်ခဲ့သူ အိမ်ရှင် ဒေါ်နီနီတို့ လင်မယားက ကားနှင့်ပတ်ပြီး ခဏခဏလာကြည့်တာကို တွေ့ရကြောင်း တပည့်များက ဖုန်းဆက်ပြောပါတယ်။

ဒီလိုနှင့် မွန်းလွဲ(၁)နာရီမှာ အမှုစစ်ပါတယ်။ ဒေါ်နီနီရဲ့ အင်အားကလည်း မနည်းပါဘူး။ ပရိသတ်ထဲမှာထည့်ထားတာရော၊ သူ့ဘေးမှာဝန်းရံနေသူတွေရော၊ သူ့ရှေ့နေသုံးယောက်ရော စုံလို့ကိုနေပါတယ်။ ဒီကြားထဲ ရဲများက ပတ်ပတ်လည်မှာ လုံခြုံရေးအပြည့် ယူပြီး ရုံးထဲကို ခေါ်သွင်းကြလို့ အင်အားပိုတောင့်တင်းသလို ထင်မှတ်သွားရတာပါ။

ဒေါ်နီနီဟာ- မျက်မှန်လည်းတပ်ထား၊ ဦးထုပ်လည်းဆောင်းထားတဲ့ အပြင် ခေါင်းကိုအောက်ငုံ့ထားပြီး ယပ်တောင်နှင့် ကွယ်ထားတာကြောင့် ဘယ်သူမှ ဓာတ်ပုံရအောင် မရိုက်နိုင်ခဲ့ပါဘူး။

တရားသူကြီးက မေးခွန်းတစ်ချို့ မေးအပြီးမှာတော့ ကလေးမလေးဟာ ဒေါ်နီနီရဲ့ ရှေ့နေ ဦးညွန့်လှိုင်ရဲ့ ချောင်ပိတ် အကြပ်ကိုင် ခြိမ်းခြောက်တဲ့ မေးခွန်းတွေကို တစ်လျှောက်လုံးဖြေခဲ့ရတာ ညနေ(၄)နာရီ အထိပါပဲ။

အားလုံးတီးလုံးတိုက်ပြီး ချိန်ကိုက်လုပ်ထားတာကြောင့် ကလေးမလေးဘက်မှ ဘာမျှပြင်ဆင်ခွင့် မရခဲ့ပါဘူး။ NLD.ရှေ့နေတွေက ကလေးမလေးဘက်မှ လိုက်မည်လုပ်ပြန်တော့လည်း ပါဝါမလွှဲရသေးလို့ ဘာမျှမတတ်နိုင် ဖြစ်ခဲ့ရပါတယ်။

ပိုဆိုးတာက တရားသူကြီးက ကလေးမလေးကိုရှေ့နေကိစ္စ မမေးမြန်းတဲ့အပြင်၊ ဒေါ်နီနီရဲ့ ရှေ့နေ ဦးညွန့်လှိုင်က မဆီမဆိုင်မေးခွန်းတွေနှင့် အကြပ်ကိုင် ဖိနှိပ်မေးတာတွေကိုလည်း ဟန့်တားခြင်းမရှိဘဲ စိတ်တိုင်းကျ မေးခွင့်ပြုထားခြင်းပါပဲ။

ကြာတော့ ကလေးမလေးက စိတ်တိုလာပြီး သမီးဆိုတဲ့ဝေါဟာရကိုတောင် မသုံးစွဲတော့ဘဲ ကျွန်မ-ကျွန်မ-လို့ပဲ သုံးနှုန်းလိုက်ပါတော့တယ်။ ဒါကိုလည်း ရှေ့နေ ဦးညွန့်လှိုင်က ကလေးအရွယ်ဖြစ်ပါလျက် “သမီး”လို့ မပြောရကောင်းလားဆိုပြီး မြည်တွန်တောက်တီးပါသေးတယ်။

ကလေးမလေး စိတ်တိုမယ်ဆိုလည်း တိုစရာပါ တိုင်ချက်ဖွင့်ထားတာတွေ မမေးဘဲ၊ အရေးကြီးတာတွေ မမေးဘဲ ကလေးမလေးရဲ့ ဂုဏ်သိက္ခာထိခိုက်စရာတွေပါ ထည့်မေးလာတာဖြစ်ပါတယ်။

ဥပမာ= စာဖတ်တတ်လို့လား၊ ကကြီး-ခကွေး-ဆိုပြစမ်း၊ A-B-C-D ဆိုပြစမ်း ဆိုတာတွေရော၊ လျော်ကြေးငွေ သိန်းတစ်ရာတောင်း တယ်မလား၊ ဘယ်သူ့အားကိုးနဲ့ အဲဒီလို လုပ်တာလဲ။

ကလေးမလေးက ခေါင်းဒဏ်ရာ၊ လက်ဒဏ်ရာ၊ ပေါင်ဒဏ်ရာတွေကို လှန်ပြတဲ့ အခါလည်း အဲဒါတွေ မလိုအပ်ဘူး။ မပြောနဲ့၊ မေးတာပဲဖြေ။ စတာတွေပါပဲ။

ရုံးထဲမှာ တရားခံ ဒေါ်နီနီရယ်၊ သူတို့ရှေ့နေ အမျိုးသမီးနှစ်ယောက်ရယ်၊ အမျိုးသား (ဦးညွန့်လှိုင်) တစ်ယောက်ရယ်၊ တရားသူကြီးနှင့် ဆိုင်ရာတွေပဲ ရှိပါတယ်။ ကလေးမလေးဘက်မှ ဘယ်သူဘယ်ဝါမှ ဝင်ခွင့်မရခဲ့ပါဘူး။

ဦးညွန့်လှိုင်ကတော့ ဒေါ်နီနီကို အာမခံချက်ပေးထားတဲ့ “ထောင်တစ်ရက်မျှ မကျစေရဘူး-စိတ်ချ”ဆိုတဲ့ ကတိအတိုင်း မြေးအရွယ်ကလေးမလေးအပေါ် မညှာမတာ စော်ကားသွားတာပါ။

ပိုဆိုးတာက ကလေးမလေးက ဘာမျှပြောခွင့်မရခြင်းပါ။ သံဘရပ်ရှ်နှင့် အတိုက်ခံရတာ၊ မီးပူနှင့်အကပ်ခံရတာ၊ ထိုင်ခုံနှင့် ကိုင်ရိုက်လို့ လက်ကျိုးသွားတာ ခေါင်းမှာ ခုနစ်ချက်ချုပ်ရာတာ၊ ခြင်ဆေးခွေတွေ စားခိုင်းလို့ ပါးစပ်အမြှုပ်တွေ ထွက်ကျလာတာ၊ သမံတလင်းကြမ်းပြင်ပေါ်ကပ်နေတဲ့ မန်ကျည်းရွက်တွေကို လျှာနှင့်လျက်ပြီး ဖယ်ခိုင်းတာ ဘာတစ်ခုမျှ ပြောခွင့်မရခဲ့ပါဘူး။ ဦးညွန့်လှိုင်က မလိုဘူး မဆိုင်ဘူး၊ မပြောနဲ့ ဆိုပြီး ဟန့်တားခဲ့တာပါ။

သိန်းတစ်ရာတောင်းတယ်-ဆိုတာလည်း မဟုတ်ပါဘူး။ ပိုက်ဆံစကားတစ်ခွန်းမျှကို မပြောဘူးတာပါ။ ဒေါ်နီနီကိုယ်တိုင် စိန်ပန်းရပ်ကွက်က ရှေ့နေဦးထွန်းသိန်းဆီ ငိုယိုတောင်းပန်ပြီး အကူအညီတောင်းလို့ ဦးထွန်းသိန်းက စာရေးသူနှင့် ဆက်သွယ်ပြီး ဒေါ်နီနီရဲ့ အဒေါ်များဖြစ်တဲ့ ဒေါ်အေးအေးသန်းနှင့် ဒေါ်သိန်းသိန်းဝင်းတို့ကို ကလေးမလးနှင့် ညှိနှိုင်းခိုင်းတာပါ။ ကလေးမလေးက ငွေကျပ်သိန်းငါးဆယ်မယူနိုင်ဘူး၊ ထောင်ပဲချမယ်လို့ အကြောက်အကန် ငြင်းဆန်နေလို့ ဒေါ်အေးအေးသန်းက မနည်းချော့ပြီး အမေသိန်းနှင့် လမင်းသစ်လေး မျက်နှာထောက်ဖို့ အညှာကိုင်လိုက်မှ ကလေးမလေးက လက်ခံသွားတာပါ။ အဲဒီလို လက်ခံသွားတာကိုလည်း ဒေါ်အေးအေးသန်းတို့ တစ်ဖွဲ့လုံးက ဝမ်းသာပျော်ရွှင်မဆုံး ဖြစ်သွားကြတာပါ။ စာရေးသူဆီမှာ အထောက်အထားအပြည့်အစုံ ရှိပါတယ်။

နောက်တစ်ခုက ဒေါ်နီနီရဲ့ အကြံပက်စက်မှုပါ။ ကလေးမလေးကို ဆေးရုံလိုက်ပို့ အပြီးမှာ ဓာတ်မှန် အဟောင်းရော အသစ်ပါ ခွင်ဆင်ပြီး ယူသွားတာပါ။ ကလေးမလေးနှင့် အဖော်လိုက်လာသော ဘုန်းကြီးဦးကုဏ္ဍလက ဈေးချိုဝင်ပြီး စာအုပ်ဝယ်နေချိန်မှာ ဒေါ်နီနီက မလေးမလေးကို သိန်းနှစ်ဆယ်နှင့် ညှိမရလို့ ဆူပူကြိမ်းမောင်းပါတယ်။ ပြီးတော့ ကလေးမလေးလက်ထဲက ဓာတ်မှန်တွေလုယူပြီး "ဒါတွေ မလိုတော့ဘူး"ပြောပြီး ကားနောက်ဆုံးခန်းထဲ ပစ်ထည့်လိုက်ပါတယ်။ အပြန်မှာလည်း ကလေးမလေးကားပေါ်က ဆင်းတာနဲ့ တန်းပြီး ကားမောင်းထွက်သွားပါတယ်။ ဓာတ်မှန် အသစ်ရော အဟောင်းပါ ပြန်တောင်းချိန်မရအောင် တမင်လုပ်သွားတာပါ။

မနေ့က (၁၃-၈-၂၀၁၂) ရုံးမှအပြန် ရပ်ကွက်ကို တောင်းခိုင်းတော့ အသစ်ပဲ ပြန်ပေးပါတယ်။ လက်ကျိုးခေါင်းကွဲစက ရိုက်ထားတဲ့ အဟောင်းတွေကို ပြန်မပေးတော့ပါဘူး။

ဒေါ်နီနီရဲ့ လုပ်ပေါက်ကြောင့် ရပ်ကွက်လူကြီး ဦးဌေးကျော်ရယ်၊ ရဲမေတစ်ယောက်ရယ်၊ ရဲသားတစ်ယောက်ရယ် အားလုံးက ကလေးမလေးဘက်မှ မခံမရပ်နိုင်ဖြစ်နေလို့ ဓာတ်မှန်ကိစ္စ သက်သေလိုက်ပေးမယ့်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာကြပါတယ်။

ပုဒ်မ(၃၂၅)ကို ရှောင်ကွင်းချင်လို့ ဓာတ်မှန်ဖျောက်ဖျက် ပစ်တာ(ပျောက်သလိုလုပ်ပစ်တာ)ပါ။ ပုဒ်မ(၃၂၅)က ခုနစ်နစ်ထိ ထောင်ဒဏ်ချနိုင်ပါတယ်။

အခုဆို ဒေါ်နီနီဟာ အာမခံလည်း ရသွားခဲ့ပါပြီ။ (၃၂၅)မှ (၃၂၃)တို့ လျှော့ပေါ့ပေးမှုကိုလည်း ရသွားပါပြီ။ မြို့နယ်အဆင့်မှာ (၃၂၅)သက်မှတ်ထားတာပါ။ တိုင်းအဆင့်ရောက်မှ (၃၂၃)အပြောင်းခံခဲ့ရတာပါ။ ခရိုင်ကလုပ်မပေးရဲလို့ တိုင်းကို တင်လိုက်တော့မှ တိုင်းဥပဒေအရာရှိ ဦးရဲအောင်မြင့်က (၃၂၃)လုပ်ပေးခဲ့တာပါ။
ကလေးမလေးအမှုနှင့် ILO-ကိုအေးသိန်းအမှု တိုက်ဆိုင်နေလို့ စာနယ်ဇင်းသမားတွေ မစုံလင်ခဲ့ပါဘူ။ NLD-သတင်းထောက် ဘကြီးအောင်ရယ်၊ မန္တလေးအလင်းဂျာနယ်မှ ကိုအောင်ပိုက်ရယ်၊ အင်ဒီပန်းဒန့်ဂျာနယ်မှ ကိုနန္ဒရယ် သုံးယောက်ဘဲ လာနိုင်ကြပါတယ်။ ကလေးမလေးဘက်မှာ ကလေးမလေးအမေတောင် ဝင်ခွင့်မရပေမယ့် ဒီသတင်းထောက်သုံးယောက်ကို ဝင်ခွင့်ပေးလို့ တရားသူကြီးကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ကလေးမလေးကို ချိုးချိုးနှိမ်နှိမ် စော်စော်ကားကား မေးနေတာတွေကို စာနယ်ဇင်းသမားတွေကလည်း မကျေနပ်ကြပါဘူး။

ကလေးမလေးကို ရှေ့နေငှားခွင့်မပေးတာ၊ ရှေ့နေငှားဖို့မမေးတာ၊ အုပ်ထိန်းသူရှေ့မှောက်မှာ မစစ်ဆေးတာ၊ အမှုလက်ခံရုံ၊ အမှုတည်ဆောက်ရုံတင်မဟုတ်ဘဲ တစ်ခါတည်းအပြီးစစ်ဆေးသွားတာတွေကိုလည်း ဥပဒေနားလည်သူများက ဘောင်မဝင်ဘူးလို့ ပြောနေကြသလို ပရိသတ်အားလုံးကလည်း မကျေမနပ်နှင့် ဝေဖန်နေကြပါတယ်။

ဒေါ်နီနီကတော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ပါဘဲ။ သူ့ကိုဓာတ်ပုံရိုက်တဲ့သူတွေ ဘုန်းကြီးတွေကို တရားစွဲဖို့ သူ့အကြောင်းရေးတဲ့ စာနယ်ဇင်းသမားတွေကိုလည်း တရားစွဲဖို့ အဆင်သင့်ပြင်ဆင်ထားကြောင်းသိရပါတယ်။ တကယ်လို့ အခြေအနေမကောင်းတော့ဘူးဆိုရင်လည်း လင်မယားနှစ်ယောက်လုံး DKBA-မှ ဗိုလ်နှုတ်ခမ်းမွှေးကြီးဆီ ပြေးဖို့ ပြင်ဆင်ထား ကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့မှာ ကပ်အကြောင်းကြားပြီး၊ တနင်္လာနေ့မှာ ကပ်ချပေးတာကြောင့်ရယ်၊ ဒေါ်နီနီရဲ့ ဘက်တော်သားထဲက ပြောထားတဲ့ အတိုင်း “ငါတို့က တိုင်းရဲမင်းကြီးအထိ ဝင်ထားတာ၊ ငါတို့ကို တိုင်းအဆင့် ဥပဒေအရာရှိ ဦးရဲအောင်မြင့် ကိုယ်တိုင် ဦးညွန့်လှိုင်ကို ငှါးပေးထားတာ”စတဲ့ အကြောင်းတွေကြောင့်ရယ်၊ တရားရုံးထဲမှာ အိမ်ဖော်မလေးကို စိတ်တိုင်းကျ စကားလုံးတွေနှင့် ညှင်းဆဲနေတာကို ဟန့်ထားနိုင်ခွင့် မရတာရယ်ကြောင့် ဒေါ်နီနီဟာ ကလေးမလေးကို ကာယဗလနှင့် အနိုင်ကျင့်ပြီး နောက်ပိုင်းမှာ ဓနဗလနှင့် အနိုင်ယူဖို့ စနစ်တကျ အကွက်ချ ပြင်ဆင်ထားမှန်း သိသာနေပါတယ်။

အတ္တကြီးတဲ့ ဓနရှင်တွေရဲ့ ထုံးစံအတိုင်း ပြဿနာကို ငွေနှင့်ရှင်းချင်းနေတာပါ။ ငွေနှင့်အနိုင်ကျင့်နေကျ ဖြစ်လို့ အကျင့်ပါနေတာလို့လည်း ဆိုနိုင်ပါတယ်။

တိုင်းဒေသကြီး ရှေ့နေချုပ်၊ တိုင်းရဲမင်းကြီးနှင့်၊ မှုခင်းဆရာဝန်၊ ရဲ၊ တရားသူကြီးတွေကိုလည်း ငွေလမ်းခင်းထားမှာ သေချာနေပါတယ်။

ဝီရသူရဲ့နားရွက်ကို တံတွေးလာစွတ်သွားတာပါ။ ဓမ္မနှင့်အဓမ္မအားပြုင်တဲ့ ပွဲကြီးပါ။ ဒီပွဲမျိုး မနွှဲရတာကြာပါပြီ။ နွှဲခွင့်ရလို့ ကျေးဇူးတင်ပါတယ်။

ဓမ္မကိုဓနနှင့်အနိုင်ယူလိုသူ
ဓမ္မကို ဓနနှင့် အန်တုလိုသူတွေကို စောင့်ကြည့်ရမှာပါ။
အဓမ္မက ထာဝရနိုင်ရိုး
အဓမ္မက ထာဝရလွှမ်းမိုးနိုင်တာမျိုး ရှိခဲ့ဖူးပါသလား။

ယခုလ (၂၂)ရက်နေ့ ရုံးချိန်းရှိပါတယ်။ ကလေးမလေးဘက်မှ ရှေ့နေအဖြစ် ဆောင်ရွက်ပေးမယ့် ဦးဇော်ဟိန်းအောင်(LLB-အထက်တန်းရှေ့နေ)ဟာ မနသဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းရဲ့သား လူငယ်ရှေ့နေဖြစ်ပါတယ်။ လူငယ်ရှေ့နေ ဦးအောင်မျိုးဝင်းကလည်း ဦးဇော်ဟိန်းအောင်နှင့် အတူ မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးမယ့် (LLB-အထက်တန်းရှေ့နေ)တစ်ယောက်ဖြစ်ပါတယ်။

ကလေးမလေးအမှုနဲ့ ပတ်သက်ပြီး ရှေ့နေဦးထွန်းသိန်း (စိန်ပန်း)က ရှေ့နေဦးဇော်ဟိန်းအောင်အား ငွေကျပ်တစ်သိန်း၊ စာရေးသူအား ငွေကျပ်တစ်သိန်း၊ ကလေးမလေးအား ငွေကျပ်ငါးသောင်း လှူထားပါတယ်။ စာရေးသူအတွက် လှူတဲ့ငွေကျပ်တစ်သိန်းကို ကလေးမလေးအမှုအတွက်ပဲ သုံးစွဲသွားမှာ ဖြစ်ပါတယ်။
ခုံအမှတ်- မဟာအောင်မြေ(တွဲ-၂၊ အထူးအာဏာ)
တရားသူကြီး- ဒေါ်နွယ်နီဦး
အစိုးရရှေ့နေ- ဒေါ်သင်းသဇင်
လိုပြ သက်သေ ဒေါ်သီတာ၊ ဒေါ်သိန်းသိန်း ဒေါ်သန်းသန်း၊ ဦးစန်းထွေး

ဒီအမှုနှင့်ပက်သက်သမျှ နှစ်ဘက်လုံး၏ အခြေအနေမှန်ကို သိလိုပါက။

ဦးဇော်ဟိန်းအောင်(LLB) ဖုန်း- 09-402607317
ဦးအောင်မျိုးဝင်း(LLB) ဖုန်း- 09-43170352
ဒေါ်သိန်းသိန်း(စိန်ပန်း) ဖုန်း- 02-65189
ဒေါ်နီနီ(တရားစွဲခံရသူ) ဖုန်း- 09-2057333

(ဓနဂုဏ်မောက်တဲ့ ဒေါ်နီနီတစ်ယောက် ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ)

ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊ မန္တလေး
Email.wirathu2012@gmail.com
15-8-2012

တိုင်စာပူးတွဲ

သို့/
ဒကာကြီးဦးစိုးသိန်း
တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်
တိုင်းဒေသကြီး တရားလွတ်တော်ချုပ်ရုံး
မန္တလေး။ ရက်စွဲ။ ။သြဂုတ်လ၊၁၆-ရက်၊ ၂၀၁၂-ခုနှစ်

အကြောင်းအရာ။ ။မဟာအောင်မြေမြို့နယ်၊ တရားရုံးတွင် ၁၃-၈-၂၀၁၂-နေ့၌ကလေးလုပ်သား မတင်နီလာအေး၏ အမှုကို ရှေ့နေငှားခွင့်မရဘဲ ရုံးတင်သောနေ့တွင်ပင် ဇွတ်တရွက် အဓမ္မ တစ်ဖက်သက် စစ်ဆေးခဲ့ခြင်းကို၊ ဥပဒေနဲ့ အညီတရားမျှတမှု၊ မှန်ကန်မှု ရှိစေရန်အတွက် ပြန်လည်စစ်ဆေးပေးရန် မေတ္တာရပ်ခံခြင်း။


၁။ ကလေးလုပ်သား မတင်နီလာအေး(၁၄)နှစ် အရွယ်ရှိသူကို အိမ်ရှင်မှ အလုပ်စဝင်သည့်နေ့မှစ၍ နေ့စဉ်နှင့်အမျှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုများ၊ ကိုယ်ထိလက်ရောက် အကြိမ်ကြိမ်ပြုလုပ်ခဲ့သဖြင့် ကလေးလုပ်သား မတင်နီလာအေး မှာ ဒဏ်ရာတွေ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမြောက်အများ ရရှိခံစားနေရသည်မှာ ရပ်ကွက်သူ/ရပ်ကွက်သားအားလုံး၏ ပြောပြလျှောက်ထားချက်များအပြင် ကလေးလုပ်သား မတင်နီလာအေးကို ကြည့်ရှုရာတွင်လည်း ဘုန်းကြီးတို့ကိုယ်တိုင် ဒဏ်ရာဒဏ်ချက် အသစ်အဟောင်းများ မြင်တွေ့ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။

၂။ ဤအခင်းဖြစ် ကိစ္စနှင့်ပတ်သက်၍ မတင်နီလာအေးနှင့် ရပ်မိ/ရပ်ဖတို့မှ အမှတ်(၇)ရဲစခန်းတွင် (၅-၇-၂၀၁၂)နေ့၌ အမှုဖွင့်တိုင်ကြားခဲ့သည်။ ၄င်းအမှုအား ရဲမှစစ်ဆေးဆောင်ရွက်ပြီး မြို့နယ်ဥပဒေရုံးသို့ အကြံပေးချက် တောင်းခံရာ၊ မြို့နယ်ဥပဒေရုံးမှ ခရိုင်ဥပဒေရုံးတင်၊ ခရိုင်ဥပဒေရုံးမှ တိုင်းဥပဒေရုံးတင်ပြီး အမှုကို ကြံ့ကြာအောင် ဆောင်ရွက်ထားရာမှ ရုတ်တရက်(၁၃-၈-၂၀၁၂)ရက်နေ့တွင် မြို့နယ်တရားရုံးတွင် အမှုတင်မည်ဟု-ဆိုကာ ကလေးလုပ် သား မတင်နီလာအေးအား

အမှုတင်သည့်နေ့တွင်ပင် ရှေ့နေငှားခွင့်မရ၊ ရှေ့နေငှားဦးမလား-ဟူ၍လည်း မမေးဘဲ နေ့ချင်းပြီး အမှုကို တဖက်သတ် စစ်ဆေးခဲ့ပြီး တရားခံ၏ ရှေ့နေကိုသာလျှင် ရုံးမှ တရားသူကြီးမက ဖေဘာပေးပြီး ကြိုက်သလို၊ လိုသလို၊ မေးမြန်းခိုင်းပြီး ရုံးချိန်း ချိန်းလိုက်သည်ဟု-ကြားသိရသည်၊ ၄င်းဖြစ်ရပ်သည် တရားမျှတ မှန်ကန်မှု မရှိဘဲ တဖက်သတ်ဆောင်ရွက်ရာရောက်သည်။

သို့ပါ၍ မဟာအောင်မြေမြို့နယ် တရားရုံးတွင် စစ်ဆေးနေသော ကလေးလုပ်သား မတင်နီလာအေး၏ အမှုကို ဥပဒေနှင့်အညီ တရားမျှတမှန်ကန်မှု ရှိစေရေး ပြန်လည်စစ်ဆေးပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး။

ညွှန်း မိုးမခ - moemaka.com

9 comments :

  1. gold said... :

    မန္တလေးသားဖြစ်လို့ပြောပါရစေ။ဓမ္မစက်နဲ့မရရင်အာဏာစက်နဲ့အရေးယူမယ်ဆိုတဲ့အာဏာရှင်ခေတ်ကုန်သွားပြီးဓနစက်နဲ့အရေးယူမည့်ခေတ်ရောက်မလားတောင်မသိဘူး။ဆရာတော်များတောင်မနေသာလို့အကူအညီပေးနေကြတာဒေသကြီးအစိုးရကအခုထက်ထိဓနစက်ကိုကူညီနေဦးမှာလား?သင်တို့ရောဓနစက်ပြစ်ဒဏ်ထိနေပြီလား?မဟုတ်လျင်အမှန်တရားဘက်ကရပ်တည်ပြပါ။

  1. Unknown said... :

    မတရားသူကြီးများဘက်မှ လွှတ်တော်ကြီးတစ်ခုလုံးက အကာအကွယ် ပေးထားလေတော့ ကလေးးအလေးကို အလွန်သနားလှပါသည် ။ တရားဥပဒေစိုးမိုးရေး ကြွေးကြော်သံနှင့် ရွေးကောက်ပွဲဝင်ခဲ့သော Nld ပါတီ အစွမ်းပြချိန်တန် ပါပြီခင်ဗျား

  1. Anonymous said... :

    ဆင်းရဲသားကျောမွဲ လူတန်းစား ကလေးမလေးခမျာ ထမင်းတလုတ်အတွက် အနိမ့်ကျဆုံးအလုပ်ဟုပင် ဆိုရမည့် ညစ်ပေပင်ပန်းသော အလုပ်ကို လုပ်ပေးပါသော်လည်း လူယဉ်ကျေး၊ အထက်တန်းလွှာဆိုသူ၏ အောက်တန်းကျ လူမဆန်စွာ နှိပ်စက်မှုကို အရွယ်နဲ့မမျှ ခံစားရရှာပါတယ်။
    တရားဥပဒေဘက်တော်သားဆိုသူတွေကလဲ
    ငွေမျက်နှာကြည့်ပြီး ကလေး၏ဒဏ်ရာ၊စိတ်ဒဏ်ရာကို အသပြာနဲ့ပျော်ပျော်ကြီး လဲလှယ်စားရဲလောက်အောင် ဖောက်ပြန်ပျက်စီးနေပါပြီ အရှင်ဘုရား။
    ဗောဓိသတ္တဘုရားလောင်းတို့ထုံး နှလုံးမူပြီး ဆင်းရဲဒုက္ခတွင်းထဲကျနေရှာသူ ကလေးလုပ်သားလေးအား ဒုက္ခတွင်းမှ ဆွဲထုတ်တော်မူပါဟု လျှောက်ထားလိုက်ရပါသည် ဓမ္မဘက်တော်သား အရှင်ဝီရသူဘုရား။

  1. Anonymous said... :

    အရှင်ဘုရား တပည့်တော်အနေနဲ့ အတော်လေးကို ခံပြင်းဒေါသဖြစ်မိပါတယ်။ လူမဆန်အောင်နှိပ်စက်ငြှင်းပန်းမှု၊သားသမီးခြင်း ကိုယ်ချင်းမစာနာဘဲ ရက်စက်မှုတွေ အတွက်ထိုက်သင့်တဲ့ပြစ်ဒဏ်ကို တရားမျှတစွာရ စေခြင်ပါတယ်။ဥပဒေအထက်မှာ တရားမ၀င်ရှိနေသူတွေအတွက် ဒဏ်ခတ်ဆုံးမနိုင်တဲ့အခြေနေတခုကို တပည့်တော်တို့နိုင်ငံမှာမရှိမဖြစ်လိုအပ်နေပါပြီ။ဒီလိုလူစားတွေကို တိတိကျကျအပြစ်ပေးနိုင်အောင် ကြိုးစားဖို့ လိုအပ်နေပါပြီ။

  1. Anonymous said... :

    Why did the case take care on Sunday.
    Why missed to acknowledge to Nay Pyi Daw why did on holiday? Seemed off record.

  1. Anonymous said... :

    အရှင်ဘုရား အရှင်ဘုရားလို့သာသနာ့ဝန်ထမ်းအာဇာနည်တွေဝင်ပါမှပဲ တပည့်တော်တို့လူ့အဖွဲ့အစည်းမှာ ဓမ္မတရားကလွှမ်းမိုးလာနိုင်မှာပါဘုရား။ တပည့်တော်တို့ပြည်သူတွေကိုဆက်လက်ကာကွယ်ပေးတော်မူပါဘုရား။

  1. Red nini said... :

    ယုတ်မာပက်စက်လှသော၊ဒေါ်နီနီရဲ့လူမဆန်မှုနဲ့အတူမတ
    ရားတဲ့တရားစီရင်ရေးကလူတွေအားလုံးကိုအပြတ်ချေမှုန်း
    တိုက်ထုတ်နိုင်ပါစေ။Mandalayသားတွေဘာလို့လက်ပိုက်
    ကြည့်နေတာလဲ။သားသမီးချင်းစာနာကြပါ၊

  1. Oo Thet said... :

    အမှန်တရားတွက် ဆရာတော် ကို အားကိုးပါတယ် ဘုရား ဒေါ်နီနီ လို လူမျိုးတွေ မြန်မာ ပြည် မှ ကွယ် ပျောက် စေချင် ပါတယ်....

  1. Anonymous said... :

    လုပ်နိုင်လို.လုပ်သွားတာပါ။ဒါတွေကဆင်းရဲသားတွေရောနိုင်ရေးသမားတွေရော နေရာစုံမုာရှိနေတော.အကုန်လုံးပြောင်းမှဖြစ်မှာပေါ.။အဲဒီလိုလဲ.....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved