ငွေလဲကောင်တာတချို့မှာ FEC ၀ယ်ယူမှု ယာယီရပ်လိုက်ပြီ

Friday, August 31, 2012







ရွက်စိမ်း ရေးသားပေးပို့သည် ~

(ဓာတ်ပုံများ - ရွက်စိမ်း)


ဈေးကွက်အတွင်း FEC ဝယ်လိုအား ကျဆင်းနေပြီး နိုင်ငံခြားငွေလဲ ကောင်တာတချို့မှာ ဆိုရင် FEC ဝယ်ယူမှု ရပ်နားထားကြောင်း သိရပါတယ်။

ဘာကြောင့်နားထားရတယ် ဆိုတာကို သိမ်ဖြူငွေလဲကောင်တာရှိ CB Bank တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါတယ် -

''အပြင်ကလည်း အဝယ်ပါးနေတဲ့အတွက်ကြောင့် ခဏရပ်ထားတာပါ၊ FEC အဝယ်က လုံးဝ ရပ်နားထားတာတော့ မဟုတ်ပါဘူး'' တဲ့။

ရောင်းအားပေါ်မူတည်ပြီး လုပ်နေရကြောင်း သူက ဆိုပါတယ်။

လုံးဝ နားလိုက်တာ မဟုတ်ဘူး ဆိုတဲ့အကြောင်း သိမ်ဖြူမှာရှိတဲ့ မြန်မာ့စက်မှု လက်မှု ဖွံ့ဖြိုးရေးဘဏ် အရာရှိတဦးကလည်း အခုလို ပြောပါတယ် -

''ဝယ်လိုအားက နည်းနေတော့ ရှိနေတဲ့ FEC က ပုံနေတယ်။ အဲဒါကြောင့် အပြင်ကနေ ထိန်းဝယ်နေတဲ့ သဘောပါ'' တဲ့။

ဒီကနေ့ အမေရိကန်ဒေါ်လာဈေး နဲ့ FEC ဈေးနှုန်း တူညီနေပါတယ်။


ငွေလဲကောင်တာများမှာ ဖော်ပြထားတဲ့ ပေါက်ဈေး

ရောင်း ~ ၁ ဒေါ်လာ - ၈၇၅ ကျပ်
ဝယ် ~ ၁ ဒေါ်လာ - ၈၆၅ ကျပ်

ဘယ်ပိုက်ဆံတွေလဲလို့ရသလဲ ဆိုတာကို အ၀င်ဝမှာ အခုလို ကပ်ထားပါတယ်။


လဲလှယ်နိုင်သော ငွေကြေးအမျိုးအစားများ

အမေရိကန်ဒေါ်လာ
FEC
ဥရောပယူရို

စင်္ကာပူဒေါ်လာ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်လက်အောက်ရှိ နိုင်ငံခြားငွေလဲကောင်တာအ ဖြစ် သိမ်ဖြူငွေလဲကောင်တာကို ၂ဝ၁၁ အောက်တိုဘာ ၁ မှာ အစပြုခဲ့ပါတယ်။

ငွေလဲကောင်တာတွေကို ဘဏ်၊ လေဆိပ်၊ ဟိုတယ်၊ ဈေးဝယ်စင်တာများမှာ တိုးချဲ့ဖွင့်လှစ်ရေး စီစဉ်နေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီအချိန်က လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာတော့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းက FEC ဖျက်သိမ်းဖို့ အစိုးရက ပြင်ဆင်နေတယ်လို့ ဆိုခဲ့ပါတယ်။

ဖျက်တဲ့အခါ FEC ကိုင်ထားသူတွေ မနစ်နာအောင် သတ်မှတ်ငွေလဲနှုန်းနဲ့ လဲလှယ်ပေးမယ်လို့ သူက ပြောခဲ့ပါတယ်။ ပြောခဲ့တာ တနှစ်ကြာပြီ ဖြစ်ပေမယ့် FEC မဖျက်သေးပါဘူး။

FEC ကို ဖုန်းဘေလ်ဆောင်ခြင်း၊ မော်တော်ကားတင်သွင်းခြင်းများမှာ အသုံးပြုဖို့အတွက် ဝယ်ယူကြရတာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved