ကျွန်ုပ်နှင့် နိုင်ငံရေး

Tuesday, September 11, 2012

ဆရာကြီး ဦးညာဏ


ကျမရဲ့ဖေစ်ဘုတ်ပေါ်က မိတ်ဆွေသူငယ်ချင်းတွေကို ဖတ်စေချင်တဲ့ စေတနာနဲ့ ဆရာကြီးဦးညာဏ၏ အတတ် လက်ရာကောင်း ဆောင်းပါးတပုဒ်ရဲ့ “ကျွန်ုပ်နှင့် နိုင်ငံရေး”ဟူသော ဆောင်းပါး ကို ဟောင်းနွမ်းဆွေးမြေ့
နေပြီဖြစ်တဲ့ ရှုဒေါင့်ဂျာနယ် စာအုပ်အဟောင်းပုံကြီးထဲမှ ထုတ်ယူကာ ကျမကိုယ်တိုင် စာစီစာရိုက်ပြီး အများ ဖတ်မှတ် လေလာနိုင်ရန် အတွက် ဖေ့စ်ဘုတ်ပေါ်တွင် မျှဝေဖြန့်ချီပေးလိုက်ပါ ပါသည်။ (ဟေသီမိုး)

ရှုဒေါင့်ဂျာနယ်အမှတ် ( ၁၀)၊ ၁၃၃၁-ခု ၊ ဝါခေါင်လဆန်း( ၂ )ရက်။ ၁၅.သြဂုတ်. ၁၉၆၉။ စာမျက်နှာ ၃၀-၃၁-၃၈မှ။

ကျွန်ုပ်နှင့် နိုင်ငံရေး ( ဆရာကြီးဦးညာဏ၏ အတိတ်လက်ရာကောင်းဆောင်းပါးတပုဒ် )

ကျွန်ုပ်သည် လူသိရှင်ကြားနိုင်ငံရေးသမားတယောက်မဟုတ်ချေ။ သို့သော်- ကျွန်ုပ်သည် စာရေးဆရာ ဘဝသို့ မရောက်ခင်ကပင် နိုင်ငံရေး၌ စိတ်ဝင်စားလာခဲ့သည်နှင့်အမျှ သတင်းစာကိုလည်း အဆက်မပြတ် ဖတ်ခဲ့ရာ၊ နိုင်ငံရေးအဖြစ်အပျက် အပြောင်းအလဲများသည် သိသိသာသာကြီး ငြိတွယ်လာခဲ့သည်။

ပြည်မြို့ အစိုးရ ဟိုက်စကူးကျောင်းတွင် စာသင်နေစဉ် ၁၂သားအရွယ်၌ ဂျပန်ပြည်မှပြန်လာသော ရဟန်းတော် ဦးဥတ္တမရောက်လာကာ ကျောင်းသားများကို တရားဟောပြောသည်ကို ကြားနာခဲ့ရသည်၊ ဘုန်းတော်ကြီးသည် ကျွန်ုပ်တို့ ကျောင်းသားများအား ဂျပန်ပြည်မှကျောင်းသားများပညာသင်ကြားရေး ၌အဆင်းရဲခံပုံ၊ တစုံ တခု ပြစ်မှုပြုလုပ်အံ့၊ မကွယ်မဝှက် ဆရာ့ကို ဝန်ခံ၍အပြစ်ဒဏ်ခံယူခြင်းဖြင့်အကျင့် စာရိတ္တခိုင်မြဲပုံ စသည် တို့ကို ဟောပြောသွားလေသည်။


ဤသို့ဖြင့် ဂျပန်ပြည်ကို ကျွန်ုပ်အထင်ကြီးလာခဲ့ပြီး သူရိယတိုက်မှ ရိုက်နှိပ်ရောင်းချသော ဂျပန်ပြည် အတ္ထုပ္ပတ္တိ စာအုပ်ကို ငှား၍ဖတ်ရသည်။ ပြည်မြို့တွင် မြောက်ဖက်စောင်းတန်းမုခ်ဦး ခြင်္သေ့ကြီး၏ အနောက်ဖက်ရှိ အုတ်တိုက်ကလေးတတိုက်ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်၊အမ်၊ဘီ၊အေ) ဟူသော ဆိုင်းဘုတ် တပ်ဆင် လျက်ရှိရာသို့ လမ်းလျှောက်ယင်း ရောက်သွားသည့်အခါ စာပွဲကြီးပေါ်မှ သတင်းစာများကို ဖတ်မိသည်။



ထို ဝိုင်၊အိမ်၊ဘီ၊အေ သည်ပင် ဗမာ့နိုင်ငံရေး နိုးကြားမှုကိုဦးဆောင်ခဲ့လေရာ၊ ကျွန်ုပ်တို့အား တရား ဟော၍ သွားသောဦးဥတ္တမသည် အပြင်းထန်ဆုံးသော နိုင်ငံရေးဓမ္မ ကထိကဖြစ်လာခဲ့လေသည်။ နိုင်ငံရေးအတွက် ဘိလပ်သွားကိုယ်စားလှယ်တော်ကြီးများအား စေလွှတ်သော သတင်းသည် တပြည်လုံးအား ဂယက်ရိုက်စေ ခဲ့သည်။

ဤတွင် သူရိယ၊ မြန်မာ့အလင်းစသော ခေတ်ပေါ်နိုင်ငံရေးဝါဒ ကိုလက်ခံအား ပေးသည့်သတင်းစာနှင့် အပြိုင်အဆိုင်၊ ပညာ့အလင်းဟူသော သတင်းစာပေါ်ထွက် လာလေသည်။

ပညာ့အလင်းသတင်းစာကို ဘုရင်ခံ၏ အတိုင်ပင်ခံ၊ မင်းတိုင်ပင် အမတ်ကြီးများဖြစ်သော ပွဲစားကြီး ဦးဖိုးသား၊ ဦးဘတူ အစရှိသည်တို့က ထောက်ပဲ့အားပေးသည်ဟု မှတ်မိသည်။ သတင်းစာဖတ် ဝါသနာပါ၍ ဖတ်မိသည့် အခါခေတ်ပေါ်နိုင်ငံရေးကို ပုတ်ခတ်ရေးသားသော ပညာ့အလင်းသတင်းစာ ကို စက်ဆုပ်ခဲ့သည်။

မကြာမီ မြန်မာ့အလင်းအယ်ဒီတာဆရာသင်ကို လူဆိုးငမိုးကသတ်သည်ဟူသော သတင်းကြားရ သည့်အခါ လူအများဆွေ့ဆွေ့ခုံအောင်နာကျည်းကြသည်။ကျွန်ုပ်သည်လည်း ရောယောင်၍ဒေါပွခဲ့ သည်။သို့သော် ဆရာသင် ကား ဖြူသည်၊ မဲသည်၊ တော်သည်၊ ရှော်သည်ဟူ၍ သိလည်း မသိ၊ သိရန် လည်းမစူးစမ်း။

ဗမာနိုင်ငံတွင် ဆိုးသရွေ့ မိုက်သရွေ့ လူဆိုးငမိုးကိုအကြောင်းပြု၍နေရာတကာတွင်ငမိုးခေတ်စားခဲ့သှ်။ တခါသော်-ဝှိုက်ကော်မီတီဟူ၍ ဘိလပ်မှအဖွဲ့တဖွဲ့ နိုင်ငံရေးစူးစမ်းရန်ရောက်လာရာ၊ နိုင်ငံရေးသမားတို့ က အလိုမရှိဟု ရှုံ့ချခဲ့ရာ၊ ကျွန်ုပ်တို့လည်း ကြိမ်ဆဲခဲ့သည်။ သို့သော်- အမောင် တောငမှန်း မြောက်မှန်းမသိ။

ကိုယ်စားလှယ်ကြီး ဦးထွန်းရှိန် အနိစ္စရောက်သောသတင်းသည်လည်း ဗိုလ်ချုပ်အောင်ဆန်းတို့ကျဆုံး ၍ ထိခိုက်သည် ရေချိန်နီးပါးချောက်ချားကြရာတွင် ကျွန်ုပ်လည်းရောယောင်၍ စိတ်ထိခိုက်ခဲ့ရသည်။ “ဘုရင်ခံ ကရက်ဒေါက်ပြန်သွား” ဟူသော စာရွက်များရိုက်နှိပ်၍ ဦးဥတ္တမကိုယ်တော်ကြီးက နှင်သော အခါ အလွန် အားရသည်။

ဒို့ ဦးဥတ္တမက အင်္ဂလိပ်ဘုရင်ခံကို တိုင်းပြည်က နှင်ပြီဟု ဦးဥတ္တမကို ပို၍ ကြည်ညိုသည်၊ လေးသားသည်၊ အထင်ကြီးသည်။

ဦးဥတ္တမ- မအူပင်တွင်တရားဟောရာ၊ အစိုးရ အကြည်ညိုပျက်စေ၍ ထောင်ချလိုက်ပြီဟု ကြားရသော အခါတွင်ကား အင်္ဂလိပ် အစိုးရကို အမုန်းကြီးမုန်းသွားသည်။ မျက်ရည်လည်လာသည်အထိ ဝမ်းနည်းမိသည်။ သို့သော်- နိုင်ငံကျော်ဇာတိမင်းသား ဖိုးစိန်ကြီးက “ဂျော့ဘုရင်ရွှေဘုန်း- နေတနှုန်း ပမာတူ… သတ္တဝါဗိုလ်လူ- ကြည့်ဖြူ-ထီးတရာ့သရဖူ…အုပ်စိုးတော်မူ” အစရှိသော သီချင်းကိုကား နိုင်ငံရေးအမြင်နှင့် မမြင်၊ သီချင်းဆို ဝါသနာပါသော အကောင်တကောင်၏ အမြင်ဖြင့်ဆို၍ကောင်း သည်ကိုသာကြည့်ပြီး နေရာတကာဆို၊ လမ်းလျှောက်၍ ဆို၊ တဆိုထဲ ဆိုမိသည်။

တချိန်တွင်ပြည်မြို့၌ ဂျီစီဘီအေ ကွန်ဖရင့် ကျင်းပရန် တဲမဏ္ဍာကြီး ထိုးထားရာပွဲတောကြီးကိုကြည့် ၍ ပျော်သည့်အလား ချဉ်းကပ်၍ သွားကာအလိုလို သွေးကြွ၍နေသည်။ ဥက္ကဋ္ဌကြီး ဦးချစ်လှိုင် ရန်ကုန် စာပို့ မီးရထားကြီးနှင့်ပါလာမည်ဆို၍ ပန်းရထားဖြင့် သောင်းသောင်းဖျဖျ ကြိုဆိုကြရာတွင် ပါဝင်ခဲ့သေးသည်။

ဦးချစ်လှိုင်ဟာ ဝတ်လုံတော်ရ၊ ဘိလပ်ပြန် သူဌေးသား၊ သူနှင့် ဝေလမင်းသားနှင့် ကျောင်းနေဖက် သူငယ် ချင်း၊ ငွေစက္ကူကို မီးရှို့၍ ရေနွေးအိုးတည်သောက်သည်….စသော သတင်းများသည် အံ့သြ လောက်အောင် ဦးချစ်လှိုင်အား အထင်ကြီးစေသည်။

မယားသေပြီးစ သောကဗျာပါရကို ဘေးးချိတ်ပြီး နိုင်ငံရေးအတွက် ညီလာခံအရောက်လာခဲ့ရှာသည် ဟူသောသတင်းများသည် ပို၍ကြည်ညိုစေပြန်ရာ၊ ထိုအချိန်ကစ၍ ဦးချစ်လှိုင်သည် ကျွန်ုပ်၏ ဦးနှာက် ထဲတွင် စွဲဝင်ကပ်ငြိလေတော့သည်။ ထို့ကြောင့် နိုင်ငံရေးနှင့် ပတ်သက်၍ ကျွန်ုပ်အထင်ကြီးခဲ့သော ပုဂ္ဂိုလ်စာရင်းတွင် ပထမဦးဥတ္တမ၊ ဒုတိယဦးချစ်လှိုင်ဟူ၍ နှစ်ဦးပါဝင်ခဲ့လေသည်။ ဦးဥတ္တမ ဟောလျှင် အားလုံးမှန်သည်၊ ကောင်း သည်၊ ဦးချစ်လှိုင် ဟောလျှင် ပြောလျှင် အားလုံးမှန်သည်၊ ကောင်းသည်။

ဝံသာနုရက္ခိတ အမျိုးကိုစောင့်စည်းရမည်ဆို၍နိုင်ငံခြားသားကို မုန်းလိုက်သည်။ ယောနှင့် ပင်နီဝတ်ခြင်း ဖြင့် တိုင်းရင်းဖြစ်ကို အားပေးရာရောက်သည်ဆို၍ ဝတ်လိုက်ကျသည်။ အိမ်တော်ရာ ထီး-ပုသိမ်ထီး ဆောင်းမှ ဝံသာနုပီသသည်ဆို၍ဆောင်းလိုက်သည်။

၁၇-နှစ်သားအရွယ်က ကုလားကပြားမကလေးနှင့်မမျှော်လင့်ပဲညားမိပြီး၊ ဆက်၍များညားဖြစ်လျှင် အမျိုးမစစ်သော သားသမီးတွေထွန်းကားလတံ့ဟူသော အတွေးအခေါ်ဖြင့် ဝံသာနုပီပီရက်စက်စွာ ကွာပစ်လိုက်သေးသည်။

ရန်ကုန်ဘူတာရုံတွင် တောသားခရီးသယ်ဦးကို ကပြားယစ်မျိုးအရာရှိတဦးက ဘိန်းရှာသဖြင့်အမျိုးကို ထိမချိအောင် နာသောကြောင့် ဝင်၍ပြောမိရာ၊ ယစ်မျိုးလက်ပါးစေက နားရင်းအုပ်ခြင်းကိုခံခဲ့ရသေး သည်။ ဒိုင်အာခီအုပ်ချုပ်ရေးကို အကြောင်းပြု၍ ဂျီစီဘီအေနှစ်ခြမ်းကွဲသော သတင်းသည်ကျွန်ုပ်တို့ အားရင်နှစ်ခြမ်း ကွဲအောင် လုပ်လိုက်သည့်အလားရင်ထုမနာဖြစ်စေသည်။ ဦးချစ်လှိုင်မှန်သည်ဟူသော အစွဲအရ လှိုင်ပုကျော်ကြီးမှူးသော ဂျီစီဘီအေမှဂျီစီဘီအေထင်ခဲ့သည်။

လှိုင်ကား ဦးချစ်လှိုင်၊ပုကား သာယာဝတီမှ ရှေ့နေဦးပု၊ကျော်ကား ဘဏ်လုပ်ငန်းတွင်ကျွမ်းကျင်သော ဦးထွန်းအောင်ကျော်၊ သူတို့သာ ဝံသာနု၊ အင်္ဂလိပ်အစိုးရကို ဒူးမထောက်၊ ဟုမ္မရူးမရ မကျေနပ်သူ များ ဖြစ်ငည်ဟုဂုဏ်တင်ခဲ့သည်။ ၂၁ဦး ဦးဘဘေတို့လူစုကားရာထူးမျှော်သမားများဟု ရွံသည်၊ မုန်းသည်၊ အထင်သေးသည်။ ကော်လိပ်သပိတ်ကြောင့် အထောက်အပံ့ခံကျောင်း၊ မခံကျောင်း၊ ကျောင်းနှစ်မျိုးရှိ ရာ မခံကျောင်းမှ ဝံသာနုကျောင်းဟု ဂုဏ်တင်ခဲ့သည်။

ဟုမ်းလမ်းရှိ ဂျီစီဘီအေအသင်းတိုက်ကြီးကိုသွား၍ကြည့်ရာ၊ဝံသာနုအင်္ဂလိပ်သတင်းစာ-မြန်မာသတင်း ရိုက်နှိပ်ထုတ်ဝေသော ပုံနှိပ်စက်ကြီးများ၊ စာလုံးခုံများ၊ ရုံးခန်းများဖြင့် လှိုင်ပုကျော်ဂျီစီဘီအေကြီးစည် ကားနေသည်ကိုကြည့်၍အားရမိသည်။ အသင်းပေါင်း ၇၀၀၀ ကျော်ဆက်ဆက်သွယ်သော အသင်းချုပ် ကြီး အဖြစ် တန်းခိုးကြီးမားလှသည်။

ဦးချစ်လှိုင်သည် သမ္မတဘွဲ့ထူးကိုယူ၍ သမ္မတကြီးအဖြစ်လေးစားကြည်ညိုခြင်းကို ကောင်းစွာခံယူရရှိ သည်။
ပေါင်းတည်မြို့လယ်ကွင်းပြင်တွင် တိုင်ပေါင်း ၁၅၀၀စိုက်ထူ၍ဆောက်လုပ်အပ်သောလှိုင်ပုကျော် ဂျီစီဘီအေ ကွန်ဖရင့် ညီလာခံမဏ္ဍာကြီးနှင့် ပတ်ဝန်းကျင်တည်းခိုမဏ္ဍပ်များဈေးဆိုင်များကို ကျွန်ုပ် ကိုယ်တိုင် သွားရောက်ကြည့်ရှုယင်း စိတ်တက်ကြွခဲ့သည်။

ထိုညီလာခံသို့ သမ္မတကြီးဦးချစ်လှိုင်ကြွလာရာတွင် ဒေါင်းကသောဝေါဖြင့် ထမ်းဆောင်ခဲ့ပြီး၊ မဏ္ဍာပ် အဝင်တွင် အမျိုးသမီးများက ဆံပင်များဖြန့်၍ ခင်းပေးခြင်းဖြင့် ပူဇော်ကန်တော့ကြသေးသည်။ ကျွန်ုပ် သည် ပြင်ပကနေ ၍ကြည့်ရုံမျှနှင့် နဝေတိမ်တောင် နိုင်ငံရေးရူးရူးယင်း စာရေးဆရာဖြစ်လာ၍ ဂျာနယ် များတွင် ရေးခွင့် ရသောအခါ ၂၁-ဦးကို ဗန္ဓုလ၊ ဒီးဒုတ်စသော ဂျာနယ်တို့လောက်နီးပါး ဆဲရေး တိုင်း ထွာခဲ့လေသည်။

သို့သော်-ကျွန်ုပ်အထင်ကြီးသော လှိုင်ပုကျော်ဂျီစီဘီအေသည် ကျွန်ုပ်တို့ရှေ့မှောက်တွင်ပြိုကွဲ၍၊ ဦးစိုးသိမ်း ဂျီစီဘီအေ ဦးပု ဂျီစီဘီအေစသည်အထိ ယိုင်လဲသော အခါတွင်ကား ကွန်ဖရင့်များတွင် ဆုံးဖြတ်ချက်ချရုံသာ၊ စခန်းသွားနေသော နိုင်ငံရေးမျှသာဟူ၍၄င်း၊ သမ္မတဟူသော ပညတ်ရာထူး ကိုပင်မက်မော၍ လုယက် လိုသောသူတို့ဟူ၍၄င်း ထင်မြင်လာရာမှ ဗမာနှင့်အိန္ဒိယ ခွဲရေး တွဲရေး ပြဿနာ ပေါ်လာသောအခါတွင်ကား ကျွန်ုပ်သည် ၂၁ဦး၏ ခွဲရေးကို သဘောကျသောဆောင်းပါးများ ရေးခဲ့လေသည်။

တို့ဗမာသခင်များ ပေါ်လာသောအခါ အူကြောင်ကြောင်နိုင်ငံရေးသမားဟု အထင်သေးသေးနှင့် ရယ်စရာ သဘောထားခဲ့သည်။ ကျွန်ုပ်တို့ မိတ်ဆွေကြီးများဖြစ်သော ကိုနုတို့-သခင်နုဖြစ်လာသောအခါ များ စွာသောကောလိပ်ကျောင်းသားများသာမက ဆရာကြီးမစ္စတာမောင်မှိုင်း၊ လယ်တီပဏ္ဍိတဆရာကြီး ဦးမောင်ကြီးတို့ပါ သခင်ဖြစ်လာသဖြင့် ၄င်းတို့အားနိုင်ငံရေးသမားအသစ်များအဖြစ်စောင့်၍အကဲခတ်မိသည်။

နဂါးနီစာအုပ်တိုက်ဖွင့်၍ နိုင်ငံရေးစာအုပ်များ ဖြန့်ချိသောအခါတွင်ကား လက်တွေ့လုပ်ငန်းများ ကြောင့် ၄င်းတို့အနီးသို့ ချဉ်းကပ်မိလေသည်။

ထိုအတွင်း ဦးသိန်းဖေမြင့်ဟု အမည်ပြောင်းလိုက်သော ဦးသိန်းဖေသည် ကျွန်ုပ်နှင့်ရင်းနှီးစွာဆက်ဆံ၍ လာရုံမက သခင်နု၊ သခင်ဗဟိန်းမှ စ၍၄င်းနှင့် ဆက်စပ်မိသူတိုင်းလိုလို ကျွန်ုပ်နှင့်သိကျွမ်းခင်မင်ကာ ၄င်းတို့နိုင်ငံရေးလမ်းစဉ်ကြောင့်မဟုတ်၊ ပုဂ္ဂုလ်စွဲအရ စေတနာထားမိခဲ့သည်။ နဂါးနီ စာအုပ်ကို ဖတ် ၍ နိုင်ငံရေးနှင့် ပတ်သက်သော အတွေးအခေါ်များတစွန်းတစ ဝင်အောင်းလာ သော်လည်း မိမိရရဘာမျှ မသိခဲ့ချေ။

ရေနံသပိတ်ကြီးချီတက်လာသောအခါ ဗြိတိသျှအစိုးရဆန့်ကျင်ရေး အင်အားဖြစ်၍ ဝမ်းသာအားတက် ရှိသော်လည်း ရွှေတိဂုံဘုရားနှင့်စခန်းသိမ်း၍ ရှေ့သို့ခြေလှမ်းမလှမ်းနိုင်သောအခါကျွန်ုပ်စိတ်ပျက်စွာနှင့် “ဗမာတွေမပူနဲ့” အမည်ဖြင့် နှစ်ပြားတန်စာအုပ်ရေး၍ ဖြန့်ချိစေကာ နိုင်ငံရေးအရှိန်ကို ဖြိုဖျက်ရန် ကြံ စည်မိသည်။

ထိုမျှမက ဘိုးဘိုးအောင်နှင့် ဟစ်တလာအမည်နှင့်ရေး၍ ဗုံးပေါလအော ရောက်းချဖြန့်ချိ စေရာ၊ မိတ်ဆွေဖြစ်သော သိန်းဖေတို့လူစုမှာ ကျွန်ုပ်အားဆဲရေးတိုင်းထွာမခံချိမခံသာဖြစ်ကုန်ကြသည် ရုပ်ရှင် မှငွေလောကအမည်နှင့် ရုပ်ရှင်မှငွေလောကအမည်နှင့် သပိတ်ခေါင်းဆောင် တဦး၊ ငွေလောဘ
ကြောင့် ဖေါက်ပြန် ရာတွင် သပိတ်သမားများက ခဲများ၊ဒုတ်များဖြင့် ပစ်ခတ်ရှုပ်ချသောဇာတ်ကားတကားကို ရိုက်ပြရာ၊ အာဏာ ရှင်လှရွှေကို စောင်းပါးရိပ်ခြည်ပြထားဟု တက္ကသိုလ် ကျောင်းသားနိုင်င်ငံရေးလောက တွင် ဒေါပွရုံမက ကျွန်ုပ်အားလာ၍ပြစ်တင်ကြလေသည်။


စင်စစ်အားဖြင့် ဇာတ်ကားသည် ကြိုတင်သတိပေးသော သင်ခန်းစာဖြစ်၍ မည်သူ့မျှရည်ရွယ်ရင်းမရှိခဲ့။ သို့သော် ရုံတင်ပြချိန်နှင့် ကျောင်းသားအာဏာရှင်လှရွှေသပိတ် လှန်၍ အမျိုးမျိုးထင်ကြေးပေးပြီး စွပ်စွဲ ချိန်ကိုက် ညီနေခြင်းသည် ကျွန်ုပ်အပေါ်သံသယ မကင်းစရာဖြစ်လာခဲ့လေသည်။

နောင်အခါ ထိုကိစ္စရှင်းသွားသည်။ကျွန်ုပ်သည် နိုင်ငံရေးကိုဝါသနာပါသည့် အလျောက်၊ မိမိတဦးတည်း သော အမြင်ဖြင် ရုပ်ရှင်ဇာက်ကားများတွင် နိုင်ငံရေးစိတ်ဓါတ်များ သွတ်သွင်းလှုံဆော်ပေးခဲ့လေသည်။ သခင် ဗဟိန်း သည်၎င်း၊ သိန်းဖေသည်၎င်း၊ ကျွန်ုပ်ဆီသို့ ဆိုရှယ်လစ်ဝါဒကိုရှင်းပြသော အင်္ဂလိပ်စာအုပ် များယူလာ၍ ဖတ်စေသော် လည်း ကျွန်ုပ်လေးလေးစားစားမကြည့်ခဲ့။ သို့နှင့် နိုင်ငံရေးသည် ကျွန်ုပ်အဖို့ မျက်ကန်း မျိုးချစ် မျှသာဟု ယနေ့အမြင်အရပြန်၍ ဆိုချင်သည်။


ဂဠုန်ဦးစေလွတ်လပ်ရေးအတွက် ဘိလပ်သွားသောနေ့တွင်မြန်မာ့အလင်းသတင်းစာ၌“တကောင်ကြွက်” အမည်ဖြင့် ပြဇာတ်တခုပါလာသည်ကို ဖတ်ရသော်အခါ၊ ဂဠုန်ဦးစောသမီးကရှမ်းလွယ်အိတ်ဝယ်လာ ရန် ဖခင်အား မှာလိုက်သော အချက်ကိုတွေ့ရသဖြင့် လွတ်လပ်ရေးသည် ဘိလပ်တွင်မရှိ၊ ဗမာ နိုင်ငံ တွင်သာ ရှိကြောင်းကွက်ကွက် ကွင်းကွင်းမြင်လာကာ စာရေးအသားမှာကျွန်ုပ်နှင့် နီးစပ်သူတို့၏ပြော နေကျ စကားလုံး များပါသဖြင့် ရေးသူကိုတွေး၍ရှာစဉ် သိန်းဖေနှင့် တွေ့သည်။

ထိုအခါ ကျွနုပ်က“ ဒီပြဇာတ်ဟာ ဒို့နဲ့ နီးစပ်ထဲ့ အထဲကဖြစ်ရမယ်”ဟု ပြောလိုက်ရာ သိန်းဖေတို့ ပြုံးစိစိ လုပ်နေ၍ သူပဲဟု အတတ်စွဲရတော့သည်။ သိန်းဖေသည် ထိုအခါက တမတ်စား သခင်ဖြစ်သော်လည်း သူသည် ကျွန်ုပ်အား သခင်ဖြစ်ရန်ထက် ဆိုရှယ်လစ်သဘောတရားကို နားလည်ရန်ကိုသာ လိုလားပုံရသည်။

ဤသို့ဖြင့်စစ်ဖြစ်သွားပြီးဂျပန်နှင့် သခင်တို့ပူးတွဲလာသည်ဟု ကြားရသောအခါ ဂျပန်တို့ တရုတ်ပြည် တွင် ကျင့်သုံးခဲ့သော ညှင်းပန်းမှုများကို နဂါးနီ စာအုပ်တွင် ဖတ်မိ၍ ရွံရှာယင်း ရှိရကား သခင်တို့အား မုန်းပင် မုန်း မိသေးသည်။

နောင်မကြာ ဂျပန်တော်လှန်ရေးကိုလှုံဆော်ကြ သံကိုကြားရမှပင်မီးစင်ကြည့် ၍ က,ရသော ၄င်းတို့ ၏ နိုင်ငံရေးဖြစ်ထွေကို သဘောပေါက်တော့သည်။ ဤတွင်မှ ကျွန်ုပ်သည် နိုင်ငံရေးကို နီးနီးကပ် ကပ်လေ့လာ နိုင်ခဲ့သည်။ မိမိ၏ နိုင်ငံရေးရူးရူးခဲ့ခြင်းများ၏အမှားအမှန်ကို ဝေဖန် သုံးသပ်နိုင်ခဲ့သည်။



နိုင်ငံရေးတွင် နယ်ချဲ့စနစ်၊ အရင်းရှင်စနစ်၏ ရင်းမြစ်မူလသဘောတရားကိုလေ့လာရာမှ ဆိုရှယ်လစ် သဘောတရားကို စမ်းသပ်မိခဲ့သည်။ အင်္ဂလိပ်ပြန်ဝင်လာသော အခါတွင်ကား ကျွန်ုပ်သည် ရှေ့ဆောင် သတင်းစာ တွင် အယ်ဒီတာ အာဘော်များကိုရေး၍၄င်း၊ မြန်မာ့အလင်းသတင်းစာတွင် ဂျိုကာ အမည်နှင့် မြန်မာ့ ဇာတ်ခုံ အခန်းကိုရေးနှင့်လည်း နီးကပ်ခဲ့သည်။ နိုင်ငံရေးသမားများနှင့် လည်း နီးကပ်ခဲ့သည်။

ယခု အခါတွင်ကား နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုသာမက ဘာသာရေးကိုပါ ဆက်စပ်၍ လေ့လာ သုံးသပ် မိသဖြင့် မျက်ကန်းမျိုးချစ် ဘဝမှအလင်းရသော မျိုးချစ်ဘဝသို့ ရောက်လာသေပြီ။ နိုင်ငံရေးကို ကြည့် တတ် မြင်တတ် လေ့လာတတ်သော မျက်လုံးဖြင့် မနေမနား စူးစမ်းရှာဖွေ၍ သွားယင်း၊ နိုင်ငံရေး သုတေသန သမား အဖြစ်တွင်သာမွေ့လျော်တော့အံ့။ ။

ကေသီမိုး ဖေ့စ်ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြသည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved