သတင်းစာတွေ မူဝါဒပြောင်းမယ်

Tuesday, September 11, 2012

~





ပြည်သူဗဟိုပြုသတင်းတွေ ဦးစားပေး ဖော်ပြသွားမယ်လို့ အစိုးရ သတင်းစာတွေက ဒီလဆန်းပိုင်းမှာ ကြေညာပါတယ်။

ပြန်ကြားရေးဌာနကို ဝန်ကြီး ဦးအောင်ကြည် ရောက်သွားတဲ့နောက် ဒီလို လေသံပစ်လာတာပါ။

သတင်းစာမှာ အယ်ဒီတာ့အာဘော်တွေ ဖတ်လို့ကောင်းလာတာမျိုးလို အပြောင်းအလဲတွေ မသိမသာ၊ တဖြည်းဖြည်းချင်း လုပ်လာပါတယ်။

လတ်တလော အပြောင်းအလဲက ဒို့တာဝန် အရေးသုံးပါး၊ စစ်မှန်သော မျိုးချစ်စိတ် အစရှိတာတွေကို မျက်နှာဖုံးမှာ မတင်တော့ပါဘူး။ ဒီလို အူကြောင်ကြောင်စတိုင်ကို လုံးဝ ပြောင်းလဲလိုက်တာ တပတ် ရှိပါပြီ။ (မြန်မာ့အလင်းမှာတော့ မနေ့ကတရက် ပြန်ထည့်ပါသေးတယ်)

လဆန်းပိုင်းမှာ ထည့်သွင်းခဲ့တဲ့ ဒီကြော်ငြာကို မြန်မာ့အလင်းသတင်းစာမှာလည်း ဒီကနေ့ ထပ်ထည့်ထားပါတယ်

ပြည်သူဗဟိုပြုသတင်း ဆိုတာလည်း ပြီးခဲ့တဲ့လပိုင်းတွေအတွင်း အနည်းအကျဉ်း တွေ့မြင်ကြရပြီးပါပြီ။ နယ်ဘက်ကသတင်းတွေ၊ ရန်ကုန်မြို့လမ်းတွေပေါ်က သတင်းတွေပါ။

ပြည်သူကို ဗဟိုပြုမယ် ဆိုတာက နောက်ဘက်စာမျက်နှာများမှာ ပါတတ်တဲ့ နာရေး၊ လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ စွန့်လွှတ်ခြင်း စတဲ့ လူအများ စိတ်ဝင်တစားနဲ့ ဦးစားပေးဖတ်ရှုကြတာတွေကို ပြောတာတော့ ဟုတ်ဟန်မတူပါဘူး။

ပုဂ္ဂလိကသတင်းစာများရဲ့ ထုံးစံဟာ တနေ့တာ ဖြစ်ရပ်များထဲက အထူးခြားဆုံး အရေးအပါဆုံးတွေကို မျက်နှာဖုံးတင်လေ့ရှိပါတယ်။

"အရေးအပါဆုံး" ဆိုတာကို ရွေးကြရာမှာ အယ်ဒီတာများရဲ့ အမြင်က သိပ်ပြီး ကွဲပြားလေ့ မရှိပါ။

အစိုးရဗဟိုပြုသတင်းစာတွေမှာ လုပ်ကိုင်တဲ့ အယ်ဒီတာများလည်း ဒီလိုပဲ မြင်ပါလိမ့်မယ်။ သို့သော်လည်း အစိုးရကိုဗဟိုပြုရတော့ ပုဂ္ဂလိကသတင်းစာများလို လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။
ဒီတော့ ပြည်သူဗဟိုပြုသတင်းတွေ ဦးစားပေး ဖော်ပြသွားမယ် လို့ လေသံပစ်လာပေမယ့် ဘယ်လောက်အထိ ဗဟိုပြုမလဲ ဆိုတာ စဉ်းစားစရာပါ။

နှစ်ပေါင်း ၄၀ ထက်မနက် အစိုးရကိုဗဟိုပြုလာ၊ အစိုးရလုပ်ရပ်တွေကိုကြော်ငြာလာတဲ့ ဒီသတင်းစာ၂စောင် မြန်မြန်ပြောင်းလဲလေ ကောင်းလေပါပဲ။ ဒါမှ အနယ်နယ်က စာဖတ်ပရိသတ်အတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။






~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved