သုစံ ၊ရွှေလှော်သား၊
မသိဘူး
စိတ်မ၀င်စားဘူး
အားအားရှိ ဒီအကြောင်းပဲ ပြောနေကြတာ
ဟိုမှာကဖြင့်
မြို့မှာ သူဌေးကြီးကို ဖြစ်လို့
နို့စို့အရွယ်ကလေးလေးတွေ ချီထားလို့
ဒီရွာမှာပဲ လုံးလည်လိုက်ပြီး ပျော်နေကြ
ဒီရွာမှာပဲ မွေးတာလေ။
ရွာမှာ
ငယ်ငယ်တုန်းကလည်း အရက်ဆိုင်မရှိသလို
ခုလည်း မရှိ
ဒါပေမဲ့ ရေသန့်ဘူးထဲကဟာ ဘီအီးနော်။
မလုပ်တတ်ဘဲ သွားမလုပ်နဲ့
သွေးမရှိဘဲ သွားမစမ်းနဲ့
တန်းလန်းကြီး
ဆန့်ငင်ဆန့်ငင် ဖြစ်သွားမယ်
နားမလည်ပါဘူး
ဒါတွေ
လည်အောင်လည်း မကြိုးစားနိုင်ဘူး
ရွာအတွက် အသုံးဝင်တဲ့ အပင်လေးတွေ စိုက်
အချိန်တန်ကျ ဒီနှစ်လည်း ပိုတာလေးတွေ
ပေါက်ဈေးနဲ့ ရောင်းလိုက်ရုံပေါ့
မရှိလို့လုပ်စား ဖြည်းဖြည်းပေါ့
နည်းနည်းလေးမှ လောလို့မဖြစ်
သူကြင်မှ ကိုယ်ရွှင်ရမှာလေ
ခုဆိုရွာမှာ
ကြာကူလီ ဆော့ဖ်ဝဲတွေက ဖဲ့စားလို့
တစ်ရွာတည်းသားအချင်းချင်း
လည်ပင်းချင်း ဖက်သွားလို့
ပြောင်လိုက်တဲ့ မျက်နှာတွေ
အရှက်မရှိတဲ့ မျက်နှာတွေ
တစ်သက်စာ အို
ထာဝရအတွက် နှုတ်ဆက်တယ်...
ရွာမှာ လူမျိုးစုံ ရှိတယ်
မျိုးစုံ စရိုက်နဲ့
မြို့ကို မကြိုက်မနှစ်သက်တဲ့
ရွာကိုချစ်တဲ့
ရွာသားတွေရှိတယ်။
အတွဲ ၇ သိပံ္ပကျောင်းသားတွေ ရှိတယ်
(ဆေးလိုင်း)
ဝိဇ္ဇာကျောင်းသားလည်းရှိ
ဘောဂတွဲလို့ သူတို့ပြောကြတဲ့
ဓာတု၊ ရူပ၊ ဘောဂ (၀ိပံ္ပတွဲ)
စီးပွားရေးသမားတွေ ရှိတယ်
အရှေ့က နေထွက်တာနဲ့ သူတို့အားလုံး
မြို့ဘက်ကို ဦးတည်လမ်းလျှောက်လို့
ကျောင်းတက်မယ်
တစ်နေ့ကျရင် ရွာကို သူတို့လမ်းပြမယ်
အကျိုးပြမယ့်သူတွေပေါ့
ရွာမှာ ကွန်ပျူတာမရှိ
ဘယ်လို ကွန်နက်ရှင်လိုင်းမှ မရှိ
သင်တန်းကျောင်း တစ်ခုတလေတောင်မှ မရှိ ခုထိရွာမှာ
ရွာကျောင်းမှာ(သူငယ်တန်း)ကလေးတွေ
စာရွက်တို့၊ ပေတံတို့၊
ခဲတံတို့၊ ခဲဖျက်တို့ မသုံးကြ
ကျောက်သင်ပုန်းနဲ့
ကျောက်တံပဲ သုံးကြတုန်း
ဒါပေမဲ့ ရွာမှာ
ရွာဘုန်းကြီးကျောင်းမှာ ရေဒီယိုလေးတစ်လုံးရှိတယ်။
အက်ဖ်အမ် ကောင်းကောင်းကြည်တယ်
နေပြည်တော်၊ မြန်မာ့အသံ ညတိုင်းကြားရတယ်
ကလေးတွေအတွက် ပင်ကိုအသံနဲ့
ဆရာရှိတယ်
လွတ်လပ်စွာကောင်းကင်ကြီးကို မော့ကြည့်ပြီး
ပျော်မြူးနိုင်သလို
ရွာမှာ အသိတရားနဲ့ ထိုးထားတဲ့
ခြံစည်းရိုးလေးတွေ ရှိတယ်
တကယ့်ကို ချစ်စရာလေးပါ။
လောလောဆယ်
မြို့မှာ အဆင်မပြေရင်
ရွာကို ပြန်လာနိုင်သလို
ရွာမှာရှိတဲ့ မင်းရဲ့ လယ်တွေယာတွေ
မင်း ဘိုးဘွားတွေဆီက ရခဲ့တဲ့ အမွေတွေကို
ပေါက်ဈေးနဲ့ ရောင်းထုတ်နိုင်သလို
အလုပ်ပြုတ်သွားတဲ့ ရွာသားတွေကိုတော့
ထမင်းသုံးနပ်အလကား
ကျွေးနိုင်နေပါသေးတယ်။
ဖူးငုံမဂ္ဂဇင်း
0 comments :
Post a Comment