~
သတင်း - မိုင်အဲမလီ
ဓာတ်ပုံများ - စည်သူ

အခုတော့ လူနာတင်ကား ၁၀ စီး အလှူရှင် ပေါ်လာတာကြောင့် အရေးပေါ်လူနာ သယ်ယူပို့ဆောင်ရေးအတွက် ရန်ကုန်မြို့ဟာ အရင်ကထက်ပိုပြီး အဆင်ပြေသွားပါပြီ။
မနေ့က အရေးပေါ်လူနာ အသက်ကယ်တင် ကုသပို့ဆောင်ရေး ဖောင်ဒေးရှင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ဆီဒိုးနားဟိုတယ်မှာ ကျင်းပပါတယ်။
ဒီလုပ်ငန်း ပူးပေါင်းဆောင်ရွက်သူများထဲမှာ မြန်မာနိုင်ငံဆရာဝန်များအသင်း၊ ဧရာဝတီ ဖောင်ဒေးရှင်းတို့ ပါဝင်ပါတယ်။
မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ အများအပြား ရှိနေတယ်၊ မီးလောင်မှု၊ မတော်တဆမှုများအတွက် အရေးပေါ်ပြုစု ကုသမှုလိုအပ်တဲ့ နေရာတွေမှာ လူနာတင်ကား လုံလုံလောက်လောက် ရှိဖို့ လိုအပ်နေသေးကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော်က အခမ်းအနားမှာ ပြောဆိုပါတယ်။
အရေးပေါ်လူနာ အသက်ကယ်တင်ရေးအတွက် ဒီကား ၁၀ စီးအပြင် အလှူငွေ သိန်းတထောင်လည်း ကောက်ခံရရှိထားပါတယ်။
လူနာတင်ကား အလှူရှင်များ
ဧရာဝတီဖောင်ဒေးရှင်း ဥက္ကဌ ဦးဇော်ဇော် ၅ စီး
ကမ္ဘောဇ - ၁ စီး
အေရှားဝေါလ် - ၁ စီး
ဧရာရွှေဝါ Group - ၁ စီး
Mother Trading, ဦးတင်အောင်ကျော်နဲ့ ဇနီး ဒေါက်တာပပ၀င်း - ၁ စီး

မက်စ်မြန်မာကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးစီး တည်ဆောက်ခဲ့တဲ့ ဧရာဝတီ ဖောင်ဒေးရှင်းကို ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၂၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာပါ။ ဒီဖောင်ဒေးရှင်းက မြန်မာနိုင်ငံအတွင်း လိုအပ်နေတဲ့ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ အားကစား ကဏ္ဍတွေမှာ ပါဝင်ကူညီမယ်လို့ သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ရောက်လာတဲ့ လူနာများထဲက ၂၅%ဟာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက် ဒဏ်ရာရသူတွေဖြစ်ကြောင်း သိရပါတယ်။
လူဦးရေ ၅ သန်းဝန်းကျင် နေထိုင်မယ်လို့ ယူဆကြတဲ့ မဟာရန်ကုန်မှာ လူနာတင်ကား အများအပြား လိုအပ်သလိုပဲ ဒီကားတွေ ဆေးရုံအရောက် သွားရာမှာ အဆင်ပြေရေးအတွက် ယာဉ်ကျောပိတ်ဆို့မှု လျှော့ချရေးကလည်း အရေးတကြီး လိုအပ်နေပါတယ်။






~
0 comments :
Post a Comment