အမျိုးသမီး နဲ့ ဆေးမင်ကြောင်

Tuesday, September 25, 2012

~







ရွက်စိမ်း ~
 

 
ဆေးမင်ကြောင်ထိုးတာဟာ အမျိုးသားတွေရဲ့ စိတ်ဝင်စားမှုသက်သက်ပဲ ဖြစ်ခဲ့ပါတယ်။ အခုတော့ ခေတ်က ပြောင်းလဲနေပါပြီ။ 

“အမျိုးသမီးတွေက သူတို့ စိတ်ဝင်မစားခဲ့တဲ့ ဆေးမင်ကြောင်ကို အခု စိတ်ဝင်တစားနဲ့ ထိုးလာကြပါတယ်” လို့ ရန်ကုန်က ဆေးမင်ကြောင်ပညာရှင် ကိုဇေလတ်က ပြောပါတယ်။

မင်ကြောင်ထိုးဖို့ စိတ်ဝင်စားတဲ့ အမျိုးသမီးတွေ အသက်အရွယ်က  ၁၇ နှစ်လောက်ကနေ ၅၀ ကျော် အထိရှိပါတယ် တဲ့။

အမျိုးသမီးက ဘာပုံတွေ ထိုးကြသလဲ။

သူတို့အကြိုက်က လိုင်းအပျော့ ပန်းကနုတ်နဲ့နာမည်အတိုကောက်တွေ ဖြစ်တယ်၊ ရင်ဘတ်၊ ခါးနဲ့ ခြေသလုံး၊ လက်ပြင် စတဲ့နေရာတွေမှာ အထိုးများကြတယ်လို့ ဆိုပါတယ်။

 
ကျော်ကြားတဲ့ အနုပညာရှင် အမျိုးသမီး တော်တော်များများလည်း နိုင်ငံတကာမှာ ထင်ရှားသူတွေလိုပဲ  မင်ကြောင် ထိုးလာကြတယ်၊ လူငယ်အမျိုးသမီးတွေလည်း အနုပညာရှင်တွေလို မင်ကြောင်ကို စိတ်ဝင်စားလာတာ တွေ့ရပါတယ် လို့ ၄င်းက ပြောပါတယ်။

    ဆေးမင်ကြောင်က ကိုးကွယ် ယုံကြည်ရာထိုးတဲ့ ဆေးမင်ကြောင်၊ ဂိုဏ်းအဖွဲ့တွေမှာထိုးတဲ့ ဆေးမင်ကြောင်၊ အလှတန်ဆာအဖြစ် ထိုးတဲ့ ဆေးမင်ကြောင်ဆိုပြီး သုံးမျိုးရှိရာမှာ
 အခုခေတ်မှာတော့ အလှတန်ဆာအဖြစ် ထိုးတာ များပါတယ်။

“ကျွန်တော်က သူတို့အတွက် ဒီဇိုင်းတွေ ထုတ်ပေးရတာမျိုးလည်းရှိတယ်၊ တစ်ချို့လည်း နိုင်ငံတစ်ကာ ထင်ရှားသူတွေရဲ့ ဆေးမင်ကြောင်ဒီဇိုင်းတွေကို ထိုးခိုင်းတာမျိုး ရှိတယ်” လို့ ကိုဇေလတ်က ပြောပါတယ်။
 
မင်ကြောင်ထိုးမယ် ဆိုရင် သေသေချာချာ စဉ်းစားသင့်တယ်၊ ကိုယ်ပေါ်မှာ ထင်ကျန်နေတဲ့ ဖျက်ရခက်တဲ့ အမာရွတ်ဖြစ်တာကြောင့် မထိုးခင်က သေချာ စဉ်းစားပြီးမှ ထိုးဖို့  လိုပါလိမ့်မယ်လို့ ဆိုပါတယ်။

ကိုယ်အရေပြားမှာ စွဲထင်နေမယ့်ဆေးမင်ကြောင်ပုံကိုလည်း ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်သင့်ပါတယ်။

“ကျွန်တော့်ဆီမှာ ဆေးမင်ကြောင်ထိုးဖို့ ရောက်လာတဲ့သူကို ချက်ချင်းကြီး ထိုးဖို့ မတိုက်တွန်းပါဘူး၊ တစ်ခါတစ်လေ သူငယ်ချင်းတွေ မြှောက်ပေးလို့ ရောက်လာတဲ့သူတွေကို ဆေးမင်ကြောင်နဲ့ ပတ်သက်ပြီး အသေအချာ ရှင်းပြပါတယ်၊ကိုယ်တိုင် ယုံယုံကြည်နဲ့စိတ်ချပြီ ဆိုမှ ထိုးစေချင်ပါတယ်” လို့ ကိုဇေလတ်က ပြောပါတယ်။

ထိုးမယ်ဆိုရင် ကြုံတဲ့နေရာမှာ မထိုးဘဲ  တစ်ခါသုံးအပ် အသုံးပြုတဲ့ဆိုင်၊ စိတ်ချယုံကြည် ရတဲ့ဆိုင်ကို ရွေးချယ်ဖို့ လိုပါတယ်လို့ ဆေးမင်ကြောင်ပညာရှင်က အကြံပြုပါတယ်။

နာမည်ကြီးတွေထဲကဆိုရင်

စိုးမြတ်သူဇာ
ဆုရွှန်းလဲ့
ခင်မဉ္ဖူခိုင် တို့ မင်ကြောင် ထိုးထားကြပါတယ်။ 


အွန်လိုင်းမှာမြင်ရသလောက် ဆိုရင်
စိုးမြတ်နန္ဒာ
သရုပ်ဆောင်အဆိုတော်  ဖွေးဖွေး တို့မှာလည်း ဆေးမင်ကြောင်ကိုယ်စီနဲ့ပါ။

ဆုရွှန်းလဲ့ နဲ့ ခင်မဉ္ဖူခိုင်တို့  ဧရာဝတီသတင်းဌာနကို ပြောဆိုခဲ့တာတွေထဲက ပြန်လည် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။


“ထိုးချင်တဲ့ စိတ်ကူး ပေါ်လာတာနဲ့ ပခုံးရယ်၊ ခါးရယ် ၊ ခြေထောက်ရယ်မှာ ထိုးဖြစ်သွားတာ။ တခြား သူတွေလိုတော့ ဘာကြောင့်ရယ် မရှိဘူး။  ပြည်ပမှာတော့ ဆယ်ကျော်သက် အရွယ်လေးတွေက အစ ထိုးနေပေမယ့် မြန်မာပြည်မှာ ကတော့ အခုမှ ခေတ်စား လာတယ်လို့ ပြောရမယ်။
အဘိုး အဘွားတွေ ခေတ်တုန်းကတော့ ဆေးမင်ကြောင်ထိုးတာ သတ္တိရှိတဲ့ လူတွေ ထိုးတာပေါ့ ၊ ကိုယ်တွေ ငယ်ငယ်က ဆိုရင် ဆေးမင်ကြောင်ထိုးတာ လူဆိုး လူမိုက်ပေါ့။ အခု ကျတော့လည်း ဖက်ရှင်တခုလို ပြောင်းသွားတာ ကိုယ်တွေပါ ထိုးလိုက်တဲ့ အထိ ဖြစ်သွားတယ်။ တခါထိုးပြီး ထပ်ထပ် ထိုးချင်တဲ့ စိတ်ဖြစ်တယ်”
သရုပ်ဆောင် ဆုရွှန်းလဲ့

“အမျိုးသားက သူထိုးထားတဲ့ ပုံဟောင်းကို နည်းနည်းပြင်မယ်ဆိုတာနဲ့ ကိုယ်ကလည်းထိုးချင်တယ်ဆိုတော့ ထိုးဖြစ်သွားတာ။ ပခုံးမှာ ကိုယ့်ရာသီခွင် ကင်းမြီးကောက်ရယ် အဲဒီအောက်မှာ ကနုတ်ပုံရယ် ထိုးထားတယ်”
မော်ဒယ် ခင်မဉ္ဖူခိုင်
 


-

1 comments :

  1. Anonymous said... :

    these days all tattoo are erasable.

    who said that it is indelible?

    Lote Ma Lae Hote par Byar
    Lote ma lae hote par byar.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved