အဲမလီ ~
တီဗွီကြိုက်တဲ့ မိုးသိုက်လေးဟာ သူ့အိမ်မှာ တီဗွီမရှိတာကြောင့် တီဗွီကို အလကားကြည့်လို့ ရနိုင်မယ့် နေရာတွေကို စူးစမ်း ရှာဖွေခဲ့ပါတယ်။
သူ့အသက်ဟာ ငါးနှစ်ကျော်သာ ရှိပါသေးတယ်။
နောက်ဆုံးတော့ သူဟာ တီဗွီ အလကားကြည့်လို့ရတဲ့ နေရာကို တွေ့ရှိခဲ့ပါတယ်။
မနက်မိုးလင်း အိပ်ရာထတာနဲ့ ဇရပ်ကွင်းတာဆုံက လက်ဖက်ရည်ဆိုင်ကို တယောက်တည်း လမ်းလျှောက်လာပြီး ညနေစောင်းတဲ့အထိ တီဗွီကို မနားတမ်း ကြည့်တတ်တယ်လို့ သိရပါတယ်။
သူ့အရပ် သူ့ပတ်ဝန်းကျင်မှာ ဖက်ရည်ဆိုင် မရှိလို့လား၊ ဆိုင်တွေ ရှိပေမယ့် တီဗွီကြည့်တာ မကြိုက်လို့ဘဲ မောင်းထုတ်ခံရသလားတော့ မသိဘူးပေါ့။
ဒီကလေးကိုစတွေ့တဲ့အချိန်က ကျမတို့အဖွဲ့တွေ မိုးရွာလို့ လက်ဖက်ရည်ဆိုင်တဆိုင်မှာ ခဏ၀င်ပြီး မိုးခိုနေတုန်းကပါ။
တချိန်လုံး တိုင်ကိုမှီပြီး မိုးတိုးမတ်တပ် ရပ်ကြည့်နေတဲ့ ဒီသူငယ်လေးဟာ ကျမတို့ ထိုင်နေတဲ့ စားပွဲကို ခဏခဏ မျက်စိရောက်လာပါတယ်။ ဒါနဲ့ပဲ ထမင်းစားပြီးပြီလား လို့ မေးကြည့်တော့ ခေါင်းခါပြပါတယ်။
ကျမက ပေါင်မုန့်တထုပ်ကို ကမ်းပေးလိုက်တော့လည်း မယူပါဘူး။ ခေါင်းခါပြပါတယ်။ ဒါဖြင့် ဘာစားချင်တာလဲလို့ မေးတော့ လက်ဖက်ရည် သောက်မယ် တဲ့။
ဒါနဲ့ပဲ သူ့အတွက် ရှယ်ချိုစိမ့်တခွက် မှာလိုက်တော့မှ သားသား မုန့်လည်းစားမယ် ဆိုပြီး ပလုတ်ပလောင်း စားတော့တာပါပဲ။
မောင်မိုးသိုက်မှာ မောင်နှမ ၅ ယောက်ရှိပြီး သူဟာ အငယ်ဆုံးသားလို့ သိရပါတယ်။
အခုလို တယောက်တည်းလာပြီး တီဗွီကြည့်တာကို ဖေဖေ ၊ မေမေတို့က မဆူဘူးလားလို့ မေးကြည့်တော့ ဟင့်အင်းလို့ ခေါင်းခါပြပါတယ်။
ထမင်းစားချိန်ရော လာမခေါ်ဘူးလား ဆိုတော့လည်း မခေါ်ပါဘူး တဲ့။
မမတို့ပြန်ရင်လိုက်မလားလို့ မေးတော့ ကလေးက ခေါင်းညိတ်ပြတယ်၊ ချက်ချင်းထိုင်ရာကနေ ထရပ်ပါတယ်။
ကျမတို့ကို ဘယ်သူဘယ်ဝါဆိုတာ မသိတဲ့ ဒီကလေးဟာ ကျမတို့ခေါ်တာကို မငြင်းဆန်ဘဲ လိုက်ဖို့ပြင်ခဲ့တယ်။
မသမာတဲ့လူတွေနဲ့တွေ့ပြီး မိုးသိုက်လေးကို ညာပြီး ခေါ်မသွားနိုင်ဘူးလားလို့ ကျမ တွေးမိရင်း စိတ်မကောင်း ဖြစ်မိသလို သူ့ကို စိတ်ချလက်ချ လွှတ်ထားတဲ့ မိဘတွေကိုလည်း အံသြမိရင်း ဒီကလေးငယ်အတွက်လည်း စိတ်ပူမိပါတယ်။
အဲဒီနေ့ဟာ ကျမအတွက်တော့ သူလေးနဲ့ ပတ်သက်ပြီး ရင်လေးမိတဲ့ တနေ့တာပါပဲ။
~
သားသမီးတိုင်းကိုမိဘတိုင်းကပစ်မထားသငပပျပ