ထောင်ကျောက်

Sunday, September 9, 2012

~



ဆင်တဲဝ-မြတ်မင်း




“ဒီတစ်ခါတော့ မင်း ဘ၀ ပြောင်းသွားပြီ။ ဒီတစ်ခါတော့ မင်း သူဌေးဖြစ်ပြီ။ ရေမဆေး ဘ၀က လွတ်ပြီ ကျွတ်ပြီ၊ သိလား ဖိုးချင်း။ ဒီတစ်ခါ ရတဲ့ ကျောက်က ထောင်ကျောက်ကွ အနည်းဆုံး သိန်းတစ်ထောင်လောက်တော့ ရမှာကွ။

သေချာတယ်။ သိရဲ့လား” ဥရုချောင်းကို ဖြတ်ကူးရန် ယာယီ ဆောက်လုပ်ထားသော တံတားထိပ်ပေါ် စရောက်တော့ ရခိုင်ကြီး ပြောလိုက်သည့် စကားကြောင့် ဖိုးချင်း အူကိုလေပင့်သလို ရွှင်မြူး ၀မ်းသာနေမိသည်။

“ဘ၀ပြောင်းသွားပြီ တဲ့။ သူဌေးဖြစ်ပြီ တဲ့။ သိန်းတစ်ထောင် ရတော့မယ် တဲ့။ ထောင်ကျောက် တဲ့။မင်း ပြောသလို တကယ်ကော ဖြစ်လာလိမ့်မလား ရခိုင်ကြီးရယ်”

ဖိုးချင်း စိတ်ထဲမှာ ပြောနေမိသည်။ ရခိုင်ကြီး ပြောသကဲ့သို့ ဖိုးချင်းလည်း ရေမဆေးကျောက်ရှာရသော ဘ၀က လွတ်မြောက်ချင်ခဲ့သည်မှာ ကြာခဲ့ပြီ။ သိန်းကျောက်ကလေးပွင့်လျှင် ဇာတိချက်ကြွေချင်းတောင်မြေကို ပြန်ပြီး မိဘ၊ ဇနီးမယား သားသမီးများနှင့်အတူ နေထိုင်ချင်ခဲ့သည်မှာ ကြာခဲ့ပြီ။ သို့သော် ချင်းတောင်က ထွက်ခဲ့ပြီး သုံးနှစ်ကျော်၍ လေးနှစ်ထဲ ရောက်ခဲ့ပြီ။ နိစ္စဓူဝ ရေမဆေးကျောက် ရှာခဲ့သော်လည်း ထမင်းစားကျောက်လောက်သာ ရခဲ့သည်။ အလွန်ဆုံး သောင်းကျောက်သာ ရခဲ့ဖူးသည်။ ရခိုင်ကြီးလည်း အလွန်ဆုံး သောင်းကျောက်သာ ရခဲ့ဖူးသည်။ ဖိုးချင်းနှင့် ရခိုင်ကြီးမှာ စိုင်းလှကျော် အိမ်မှာပင် အတူနေကြသည်။ စိုင်းလှကျော်တို့ လင်မယားက နေ့စဉ် ထမင်းကျွေးထားပြီး သူတို့၏ သွပ်မိုး ထရံကာ အိမ်၏ အဖီလေးကို အိပ်ခန်းလေး လုပ်ပေးထားသည်။ ကျောက်ရလျှင် နည်းနည်း များများ ရောင်းရငွေ တစ်ဝက်ကို အိမ်ရှင်စိုင်းလှကျော်ထံ ထမင်းဖိုး အပ်နှံကြရလေသည်။

“ထောင်ကျောက် ဖြစ်လိမ့်မလား ရခိုင်ကြီးရဲ့”
ဖိုးချင်းက မယုံမရဲဖြင့် မေးလိုက်ခြင်းဖြစ်သည်။ စိန်တူတွေ စုစည်းပြီး ပခုံးပေါ် ထမ်းလာခဲ့သော ရခိုင်ကြီးက ဖိုးချင်းကို နောက်ပြန်လှည့် ကြည့်လိုက်သည်။

“ဒီမယ် ဖိုးချင်း၊ မင်းရတဲ့ကျောက်ကို ငါ စိန်တူနဲ့ အကြိမ်ကြိမ် ထုကြည့်ပြီးပြီ။ ကျောက်ရဲ့ အထိုင်လည်း လှတယ်။ ချော်ကလည်း ကျောက်စိမ်းတုံးတွေမှာ တွေ့ရလေ့ရှိတဲ့ ချော်သား။ မနှစ်က ဒီမြေစာပုံကနေ ရသွားတဲ့ ယောကြီးရဲ့ကျောက်အတိုင်းပဲ။ သူရတဲ့ကျောက်က မင်းကျောက် အလေးချိန်လောက်ပဲ ရှိမယ်။ ဘယ်လောက် ရသွားတယ်ထင်လဲ။ သိန်းထောင့်တစ်ရာ။ ကျောက်သားလည်း ကောင်းတယ်။ အရည်လည်း ကြည်တယ်။ စိမ်းရင့်ဝါရောင် သန်းနေတယ်။ အဲလို ကျောက်မျိုးက ပထမတန်းစား ကျောက်ကွ။ သူလည်း ဒီ မှော်ထဲကရတာ။ အခု မင်းရခဲ့တဲ့ မှော်ထဲက ရတာ။ မင်းကျောက်က ထောင်ကျောက်ပဲ။ မှော်ထဲ မင်းအရင် ရောက်လာတဲ့ ငါ့လိုကောင်က ဒီလောက်တော့ ကျောက်ကောင်း ဟုတ်၊ မဟုတ် ခွဲခြားနိုင်ပါတယ်ကွ။ ငါ့ကို အထင်သေးတဲ့ လေသံနဲ့ မမေးပါနဲ့။ အဲ- အရောင်းအ၀ယ် ပြီးသွားရင်တော့ အကဲဖြတ်ပေးတဲ့ ငါ့လည်း မမေ့နဲ့ပေါ့ကွာ။ မစို့မပို့တော့ မလုပ်နဲ့။ စို့စို့ပို့ပို့လေးတော့ပေး။ ဟုတ်လား”

ရခိုင်ကြီး စကားအဆုံး၌ ရှေ့သို့ လှမ်းကြည့်လိုက်သည်။ ဖိုးချင်း ရခဲ့သော ရေမဆေးကျောက်စိမ်းတုံးကြီးကို ဂျော်ကီတွေ ဥရုချောင်း တံတား အလွန်ပေါ်မှာ မနိုင်မနင်း ထမ်းသွားသည်ကို မြင်နေရသည်။ နိုင်လွန်ကြိုးဖြင့် သေချာချည်ပြီး ၀ါးလုံးဖြင့် လျှိုထားသော ကျောက်စိမ်းတုံးကြီးကို ရှေ့တစ်ယောက် နောက်တစ်ယောက် မနည်း ထမ်းသွားနေရသည်။ ကျောက်စိမ်းတုံးက ကြီးလွန်းသဖြင့် ဂျော်ကီတွေ တစ်ယောက်တစ်လှည့် ပြောင်း၍ ထမ်းနေကြလေသည်။

ယခုမူ ရေမဆေး ရှာသူတွေလည်း ဖိုးချင်းကျောက်စိမ်းတုံးကြီးနောက်တွင် ဂျော်ကီ အဖြစ်နှင့် လိုက်ပါလာခဲ့ကြပြီ။ နည်းနည်းနောနော လူတွေမဟုတ်။ အနည်းဆုံး လေးငါးဆယ်လောက် ရှိမည်ထင်သည်။ မှော်ထဲတွင် ဤသို့ပင် ရေမဆေး အချင်းချင်းထဲမှ ကျောက်ကြီး ရသွားလျှင် ရေမဆေးရှာ ဘ၀ကနေ ကျောက်ထမ်းသည့် ဂျော်ကီ ဘ၀သို့ တစ်မဟုတ်ချင်း ပြောင်းသွားလေသည်။ ရေမဆေးကျောက်က တစ်နေ့လုံး ရှာ၍ တွေ့ရန် မသေချာ။ ကျောက်ရသူ၏ ကျောက်ကို လိုက်ထမ်းသည်က ပို၍သေချာသည် မဟုတ်လော။ ဈေးကောင်းရလျှင် ရသကဲ့သို့ ကျောက်ထမ်းခလည်း မြိုး မြိုးမြက်မြက် ရတတ်သည့် အစဉ်အလာများ ရှိခဲ့ကြသည်။

“ဘယ်ကို သွားရမလဲ”
ဥရုချောင်းတံတား လွန်သောအခါ “မမုံ” ရွာလေးထဲသို့ဝင်သည့် အတက်လမ်း သွယ်လေးများ ရှိနေသဖြင့် ဂျော်ကီများက သွားရမည့်လမ်းကို အော်မေးလျက် ရပ်စောင့်နေကြသည်။
“ကဲ... ရခိုင်ကြီး၊ လမ်းပြလိုက်ကွာ”

ဖိုးချင်းနှင့် ဘေးချင်း ယှဉ်လျက် လျှောက်နေသော ရခိုင်ကြီးလည်း ဂျော်ကီတို့နားရောက်အောင် ပြေးသွားကာ လှမ်းအော်နေသည်။
“မမုံဘုန်းကြီးကျောင်းနားလမ်းက တက်မယ်။ ခရစ်ယာန် ဘုရားရှိခိုးကျောင်းဘေးကလမ်းအတိုင်း သွား”

ကျောက်စိမ်းတုံးကို အလှည့်ကျ ထမ်းမည့် ရေမဆေးများ။ ရွာထဲက ထွက်ကြည့်သည့် လူများ။ တချို့ကလည်း ကျောက်ထမ်းသည့် လူများနောက် လိုက်ကြည့်သည့်လူများ။ မမုံဘုန်းကြီး ကျောင်းအ၀င် ဘေးလမ်းပေါ်၌ လူတန်းရှည်ကြီး။ ဘုရားပွဲ လှည့်လာသလား အောက်မေ့ရသည်။ တချို့ ရေမဆေးများက တကယ် ၀င်ထမ်းကြပြီး တချို့ကလည်း မသိမသာ နေသူများလည်း ပါသည်။

လူတန်းရှည်ကြီးကို တိုးဝှေ့ဖြတ်ကာ လမ်းပြရန် ပြေးသွားသော ရခိုင်ကြီးကို ဖိုးချင်းက လူတန်းရှည်ကြီးကိုကျော်ကာ လှမ်းကြည့်နေမိသည်။ သည်မနက် ရေမဆေး အရှာထွက်ချိန်တွင် ရခိုင်ကြီး က “မက်လင်ချောင်”ဘက် သွားရှာမည်ဟု ပြော၏။ မက်လင်ချောင်မှာ မမုံရွာလေး၏ အနောက်ဘက်မှာ ရှိသည်။ ဖိုးချင်းက ဥရုချောင်းဟိုဘက်က မြန်မာ့ထွဋ်ခေါင် ကုမ္ပဏီမှ စွန့်ပစ်ထားသည့် မြေစာပုံမှာ သွားရှာမည်ဟု ပြော၏။ အိမ်နဲ့လည်း နီးသည်။ ဥရုချောင်း ကျော်လိုက်တာနှင့် မြေစာပုံဆီ တန်းရောက်သည်။

“လာပါကွာ၊ မက်လင်ချောင်ဘက် သွားရှာရအောင်၊ မင်းမြေစာပုံက ခြေရာတွေ ထပ်နေပြီ။ ဘာကျောက်မှ ရမှာ မဟုတ်ဘူး”

ရခိုင်ကြီးက ထပ်ပြီး စည်းရုံးနေသည်။
“မနက်ဖြန်မှ မက်လင်ချောင်ဘက် သွားရအောင်ကွာ။ ဒီကနေ့တော့ နီးနီးနားနား မြန်မာ့ထွဋ်ခေါင် စွန့်ပစ်တဲ့ မြေစာပုံမှာ ရှာကြတာပေါ့။ ရလည်းရပေါ့။ မရလည်း ကံပေါ့”

ဖိုးချင်း ပြောလိုက်သဖြင့် ရခိုင်ကြီးလည်း မက်လင်ချောင်ဘက် မသွားတော့ပေ။ ဖိုးချင်းနှင့် အတူ ဥရုချောင်း ဟိုဘက်ကမ်း ပါလာခဲ့သည်။ ရေမဆေးတွေကတော့ ပါမသွားပါ။ ခုနစ်ဆယ်ရှစ်ဆယ်လောက် ရှိသည်ပင်။ မြေစာပုံ အခြေမှ မော့ကြည့်လျှင် မြေစာပုံကြီးက တောင်ကြီး တစ်တောင်ကဲ့သို့ မြင့်မြင့်မားမား။ အပြာရောင် ကောင်းကင်နှင့် ထိလုနီးပါး။ ရခိုင်ကြီးလည်း မြေစာတောင်၏ အထက်ပိုင်းမှာ ရှာနေ၏။ ဖိုးချင်းက မြေစာပုံ အလယ်တစ်ဝိုက်မှာပင် ရှာဖွေနေ၏။ ၁၂ နာရီထိုး ပြီးချိန်အထိ လက်သီးဆုပ်လောက်ကျောက်ပင် မရ သေး။ ထမင်းစားကျောက်လောက်ပင် မရသေး။ သည်ပုံအတိုင်းဆိုလျှင် အိမ်ပြန် မျက်နှာပန်းလှမည် မဟုတ်ချေ။

ဖိုးချင်းလည်း ဥရုချောင်းထဲ ဆင်း၍ မျက်နှာသစ်ပြီး ပြန်တက်လာခဲ့ကာ မြေစာပုံခြေရင်းရှိ ကျောက်တုံးတစ်တုံးပေါ် စိတ်ပျက်စွာ ထိုင်နေမိလျက် စိန်တူဖြင့် ကျောက်တုံးကို ထုနေမိသည်။ ကျောက်တုံး၏ သုံးပုံနှစ်ပုံမှာ မြေစာပုံထဲ မြုပ်နေလျက်။ ထုနေရင်း၊ ထုနေရင်း ကျောက်တုံးမှ ယမ်းမှုန့်လေးများ ထွက်လာသဖြင့် ကျောက်စိမ်းတုံးများ ဖြစ်နေမလား ဆိုကာ အသေအချာ ကြည့်လိုက်သော အခါ ကျောက်စိမ်းတုံးကြီး ဖြစ်နေသည်။ နည်းနည်းနောနော ကျောက်စိမ်းတုံးကြီး မဟုတ်။ ပိဿာတစ်ရာ (ကီလို ၁၆၀) ခန့်ရှိမည် ထင်ရ၏။ မိမိကိုယ်ကို မယုံရဲသဖြင့် ကိုယ့်ထက် နားလည်သော ရခိုင်ကြီး ခေါ်ပြလိုက်သောအခါ ရခိုင်ကြီးက အာခေါင်သံကြီးဖြင့် “ဟေ့ကောင် ဖိုးချင်း၊ ကျောက် ဟုတ်တယ်ကွ၊ မင်းတော့ ပွပြီ” ဟူ၍ အော်ဟစ်လေသည်။

ရခိုင်ကြီး၏ အော်ဟစ်သံကား ဥရုချောင်းရိုးတစ်လျှောက်အပေါ်၊ မြေစာပုံပေါ်မှာ ကျောက်ရှာနေသော ရေမဆေးသမားတွေ အပေါ်၊ မြေစာတောင်ပေါ်မှ မြန်မာ့ထွဋ်ခေါင် ကုမ္ပဏီ အဆောက်အဦတွေ အပေါ် လွှမ်းသွားသည် ထင်ပါသည်။

“ကဲ၊ ကဲ ဒီနားချ”

ဖိုးချင်းက အိမ်၏ဘေးတွင် ကျောက်စိမ်းတုံးကို ချခိုင်းလိုက်သည်။ စိုင်းလှကျော်၏ အိမ်ဝိုင်းကျဉ်းကျဉ်းလေးထဲ၌ ဂျော်ကီ တစ်ဖြစ်လဲ ရေမဆေး ရှာဖွေသူတွေနှင့် ပြည့်သွားသည်။ ကျောက်ကြီးကြီး ရလာသည်ကို မြင်သောကြောင့် စိုင်းလှကျော်တို့ လင်မယား မျက်နှာကလည်း မှိုရသည့် မျက်နှာကဲ့သို့ ပြုံး ရွှင်နေသည်။

“ဖိုးချင်း၊ ဂျော်ကီတွေထဲမှာ ငါတို့ နှစ်ယောက်က အပင်ပန်းဆုံး။ ရွာထဲပြန်ပြီး ထမ်းပိုးနဲ့ နိုင်လွန်ကြိုး ငှားရသေးတယ်။ အဲ..အဲဒါ ငှားခ အတွက်လည်း ပေးရဦးမယ်နော်။ ကျန်တဲ့ ဂျော်ကီတွေနဲ့ တစ်တန်းတည်း မပေးနဲ့နော်။ တို့နှစ်ယောက်ကို ပိုပေးနော်။ တချို့ကောင်တွေက ဟုတ်တိပတ်တိ ထမ်းတာ မဟုတ်ဘူး”

ဂျော်ကီထဲမှ အမှန်တကယ် ဦးဆောင်ထမ်းသူ မောင်အေးနှင့် ပေါက်စက ပြောနေသည်။ ကျောက်ရလာသဖြင့် ဘေးကအိမ်တွေ၊ ရွာထဲက လူတွေလည်း လာကြည့်ကြရာ စိုင်းလှကျော်၏ အိမ်ရှေ့လမ်းပေါ်မှာ ပွဲတော်လေးတမျှ စည်ကား နေလေသည်။

“ဖိုးချင်း၊ တိပ်ယူခဲ့၊ မိုးကာလည်း ယူခဲ့”

ရခိုင်ကြီးက ဖိုးချင်းယူ လာသော မိုးကာစ အပြာဖြင့် ကျောက်စိမ်းတုံးကို အုပ်လိုက်သည်။ ထို့နောက် နှစ်ယောက်သား တိပ်ဝါ၀ါ ဖြင့် ဆွဲ၍ ပတ်လိုက်သည်။ တစ်ထပ်တည်း မဟုတ်။ နှစ်ထပ်၊ သုံးထပ် ပတ်လိုက်သည်။ ကျောက်ဝယ်သည့် လူတွေ လာကြည့်လျှင် ရေမဆေးရသေးသော ကျောက်မှန်း သိသာ ထင်ရှားစေလိုရင်း ဖြစ်ပါသည်။ ကျောက်ကို ရေဆေးလိုက်လျှင်၊ ရေဆေးထားသည့် လက္ခဏာ ပေါ်နေလျှင် ကျောက်ဝယ်သူက သိပ်အာရုံ မရှိချေ။ ဈေး သိပ်မပေးချင်ပေ။ ပကတိ ရေမဆေးရသေးသည့် မူလ ကျောက်စိမ်းတုံးကို ကြည့်ပြီး အကဲဖြတ်ကာ ၀ယ်ယူလိုကြသည်ပင်။

အကယ်၍ ယခု ရလာသည့် ကျောက်စိမ်းတုံးကို ရခိုင်ကြီး ပြောသလို သိန်းတစ်ထောင်သာ ရခဲ့မည်ဆိုလျှင် ဂျော်ကီတွေ အတွက် ကျောက်ရောင်းရငွေ၏ လေးပုံတစ်ပုံ ပေးရမည်လား၊ သုံးပုံ တစ်ပုံပေးရမည်လား၊ မှော် ထုံးစံအတိုင်း ပေးရလိမ့်မည်။ အနည်းဆုံး သိန်းသုံးရာမျှ ပေးရပေမည်။ သူတို့ခမျာလည်း မှော်ထဲကမှ အိမ်အရောက် အားကြိုးမာန်တက် ထမ်းခဲ့ကြသည် မဟုတ်လော။ မိမိ ခွဲဝေပေးလိုက်သည့် အချိုးထဲမှ လူလေးငါးဆယ် ထပ်ခွဲကြပေဦး။ ထမ်းခလေးများ အသီးသီး စို့စို့ပို့ပို့ ရရှိကြပေလိမ့်မည်။

ကျန်သည့် သိန်းခုနစ်ရာထဲမှ စိုင်းလှကျော်တို့ လင်မယားကို သိန်းသုံးရာ့ ငါးဆယ် ပေးလိုက်မည်။ သူတို့ခမျာ သုံးနှစ်ကျော်လုံးလုံး ကျွေးထားရသော စရိတ်က နည်းမှာမဟုတ်။ ရခိုင်ကြီးကို ဘော်ဒါကြေး၊ အားကိုးကြေးအနေဖြင့် ဆယ်သိန်း ပေးလိုက်မည်။ သူ့ခမျာ မိမိအပေါ် အနွံတာ ခံခဲ့ရသည်မှာ များလှ၊ ကူညီပေးခဲ့ဖူးသည်မှာ များလှသည် မဟုတ်လော။ လူပျိုကြီး ရခိုင်ကြီး အနေဖြင့် ဤပိုက်ဆံကို သူ့မိဘတွေထံ ပြန်ပို့ချင်ပို့၊ သူ့သဘော၊ သူ့ဆန္ဒ။

အင်း- မိမိကမူ သိန်းသုံးရာကျော်ကျော်ရသည်နှင့် တစ်ပြိုင်နက် ညမအိပ်တမ်း ငွေထုပ်ပိုက်ပြီး ချင်းတောင်သို့ အပြေးပြန်သွားမည်။ ချင်းတောင်ပေါ်မှာ ပင်ပင်ပန်းပန်း တောင်ယာ လုပ်စားနေရသော ဟိုဘက် သည်ဘက် မိဘနှစ်ပါး၊ သမီးနှင့် သားရယ်၊ ပြီးတော့ မိန်းမ။ တောင်ယာ တောခင်းထဲမှ ဆင်းလာကြပြီး ဟားခါးမြို့ပေါ်မှာ အိမ်တစ်ဆောင် မီးတပြောင်နှင့် နေထိုင်ကြမည်။ ချင်းတောင်ပေါ်မှ ထွက်သည့် ဒေသထွက် သီးနှံလေးတွေ ၀ယ်ယူကာ တစ်ဆင့်ပြန်လည် ရောင်းချလျက် မိသားစုတစ်တွေ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ကြမည်။ ကျောက်ရောင်းရမည့် သိန်းသုံးရာခန့်သည် ဖိုးချင်းဘ၀အတွက်၊ ဖိုးချင်း မိသားစု အတွက် ပြောင်ပြောင်ရောင်ရောင် ဖြစ်လာစေမည့် အရင်းအနှီးပင် မဟုတ်လော။


“ဟေ့- လောပန်း လိုက်လာပြီဟေ့၊ ကျောက်ဝယ်မယ့် လောပန်း ရောက်လာပြီဟေ့”

စိုင်းလှကျော် အိမ်ရှေ့ လူအုပ်ထဲမှ တစ်ယောက်က ၀မ်းသာအားရ အော်ပြောလိုက်သဖြင့် ဖိုးချင်း ထွက်ကြည့် လိုက်သောအခါ ရှော့ပင် အနက်၊ စပို့ရှပ်အင်္ကျီ အဖြူစင်းကျား ၀တ်ဆင်ထားသော အသားဖြူဖြူ ခံ့ခံ့ထည်ထည် လောပန်း ကြက်သွေးရင့်ရောင် ဖိုးဝှီးကားပေါ်မှ ဆင်းလာသည်။

“ဖိုးချင်း၊ မင်းကတော့ လပ်ကီးပဲ။ ခုပဲ ကျောက်အိမ်ထဲရောက်၊ ခုပဲ ကျောက်ဝယ်မယ့်လူ တိုက်ရိုက်ရောက်။ ဒီနေ့တော့ မင်း လပ်ကီးဒေး ပဲ။ အဲ- ဒါပေမဲ့ လောပန်းကို တစ်ထောင်လို့ မပြောနဲ့။ ထောင့်နှစ်ရာနဲ့ စပြော”

လောပန်းအိမ်ဝိုင်းထဲ ၀င်လာလာချင်း ရခိုင်ကြီးက ဖိုးချင်းနားကပ်၍ ပြောလိုက်သည်။
“အင်း- ငါသိပါတယ်”

ဖိုးချင်း ပြန်ပြောနေစဉ် ဂျော်ကီတွေ လမ်းဖယ်ပေးသည့်အတိုင်း လောပန်းက ဖြည်းဖြည်းချင်း ၀င်လာသည်။ သူ့နောက်မှာ ဆိုင်ကယ်ပေါ်မှ ဆင်းလာသော အရပ်ထောင် ထောင်မောင်း၊ ဆီးရောင် ဘောင်းဘီရှည်၊ စပို့ရှပ် အပြာရောင်၊ နေကာမျက်မှန်တပ်ထားသောလူလည်း ကပ်လျက် ပါလာသည်။

“ကျောက်ဝယ်မယ့် လောပန်း လာပြီ။ လမ်းဖယ်ပေး၊ လမ်းဖယ်ပေး”
ရေမဆေးဂျော်ကီ တစ်ယောက်က ပြောလိုက်သဖြင့် အခြားဂျော်ကီတွေက ခပ်ဝေးဝေးဖယ်ပေးလိုက်ကြသည်။

“ကျောက်ပိုင်ရှင်၊ ကျောက်ပိုင်ရှင် ဘယ်သူလဲ”
လောပန်းက မေးနေ၍ အိမ်ရှေ့မှာရပ်နေသော ရခိုင်ကြီးက ဖိုးချင်းကို လက်ညှိုး ထိုးလျက်....
“ဒီမှာ ခင်ဗျ၊ သူပဲ ကျောက်ပိုင်ရှင်၊ ရေမဆေး ကျောက်ပိုင်ရှင်..”

လောပန်းနှင့် နေကာ မျက်မှန်နှင့်လူက ဖိုးချင်းကို အသေအချာကြည့်ပြီး...
“ကျောက်ရလာတယ်ဆို၊ ကြည့်ရအောင်”

လောပန်းက ပြောသဖြင့် ဖိုးချင်းက အိမ်တောင်ဘက်အဖီအောက်မှာ သိမ်းထားသော ကျောက်ဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ရခိုင်ကြီးနှင့် စိုင်းလှကျော်လည်း ကပ်လျက် ပါလာသည်။ သူတို့နောက်မှာ ရေမဆေးဂျော်ကီတွေ တစ်အုပ်ကြီး လိုက်လာသည်။
“ဒီမှာ၊ လောပန်း ”

ဖိုးချင်းနှင့် ရခိုင်ကြီးက စောစောက တိပ်ဖြင့်ကပ်ထားသော မိုးကာစကို ဆွဲခွာ၍ပြလိုက်သည်။ လောပန်း နှင့် နေကာမျက်မှန်နှင့်လူက သေချာစွာ ကိုင်ကြည့်ပြီး-
“ဒီကျောက် ဘယ်မှော်က ရလဲ”လောပန်းက ကျောက်ကို လက်နှင့် ကိုင်ကြည့်ရုံ မဟုတ်၊ ခါး၌ချိတ်ထားသော လေဆာဓာတ်မီးဖြင့် ကျောက်ကို အသေအချာ ထိုးကြည့်ရင်း မေးနေသည်။

“ဟို၊ ဥရုချောင်း ဟိုဘက်ကမ်း၊ အဲ- မြန်မာ့ထွဋ်ခေါင်ကုမ္ပဏီ မြေစာစွန့်ပစ်တဲ့ အောက်ခြေက ရတာပါ။ ကျောက်က အသားလည်းကောင်းတယ်။ အရည်လည်း ကြည်လင်သန့်ရှင်းပြီး အစိမ်းရင့်ဝါရောင်တောင် သန်းတယ်။ အထိုင်လည်း လှတယ်။ လောပန်း ကြိုက်သလိုကြည့်ပါ။ ကျောက်ကတော့ ထောင်တန်ကျောက်ပဲ။ လောပန်း ဘယ်ဈေးပေးမလဲ။ လောပန်းနဲ့ ညှိလို့ရရင် လောပန်းကိုပဲ ရောင်းမယ်။ ဈေးမကိုက်ရင်တော့ ဖားကန့်ကအသိ လောပန်းတွေ ခေါ်ပြမယ်”

ဖိုးချင်းစကားသံကြောင့် စိုင်းလှကျော် အိမ်ဝိုင်းထဲမှ တိုးတိုးတိတ်တိတ် ပြောနေသော ဂျော်ကီတွေ ငြိမ်ကျသွားစေတော့သည်။ အိမ်ရှေ့လမ်းပေါ်မှ ရွာထဲက လူတွေကလည်း ဘယ်ဈေးနဲ့ တည့်သွားမလဲ ဆိုပြီး ငြိမ်၍ နားစွင့်နေကြလေသည်။

ဖိုးချင်း စကားသံဆုံး သွားသောအခါ စကားသံ ၀ဲဝဲဖြင့် လောပန်းအသံ ထွက်လာသည်။
“ဒီကျောက်ပိုင်ရှင် ခင်ဗျားဆိုရင် ခင်ဗျားကို အရေး ယူရလိမ့်မယ်။ ဒီ ကျောက်ဟာ ကျုပ်တို့ ကုမ္ပဏီက ပိုင်တဲ့ကျောက်။ ကျုပ်တို့ မြန်မာ့ထွဋ်ခေါင်မြေစာပုံထဲက ရတဲ့ကျောက်ဟာ ကျုပ်တို့ကျောက်ပဲ။ ကျုပ်တို့ မြေစာပုံထဲက ကျောက်ရသွားတဲ့ သတင်းရလို့ ကျုပ်တို့ လိုက်လာတာ။ အဲဒါ ကျုပ်တို့ကျောက်ပြန်ယူရလိမ့်မယ်။ ကျောက်ကို ပြန်ယူခွင့် မပေးရင်တော့ ခင်ဗျားကို အရေး ယူရလိမ့်မယ်”
“ဗျာ”

မထင်မှတ်သော စကားကို ကြားလိုက်ရသဖြင့် ဖိုးချင်း အအံ့သြကြီး အံ့သြသွားသည်။ မျက်လုံးများပြာဝေသွားသည်။ ရင်ထဲလည်း ယောက်ယက်ခတ်သွားသည်။ ရခိုင်ကြီးနှင့် စိုင်းလှကျော်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ကျောက်ကို ပင်ပန်းတကြီး ထမ်းလာခဲ့ရသော ရေမဆေး ဂျော်ကီတွေလည်း မျက်စိ မျက်နှာ ပျက်ကုန်ကြတော့သည်။

“ဒီမယ် လောပန်း၊ ကျွန်တော်က လောပန်းကျောက်ကို ခိုးလာတာ မဟုတ်ဘူး။ လောပန်းတို့ကုမ္ပဏီက ၀န်ထမ်းတွေ အားရအောင် ရှာဖွေပြီးလို့ စွန့်ပစ်လိုက်တဲ့ မြေစာပုံထဲကနေ ရလာတဲ့ ကျောက်ပါ။ နှစ်နဲ့ ချီပြီး ရေမဆေးရှာခဲ့တဲ့ ကျွန်တော့်ကံလေး ကောင်းလို့ ရတဲ့ ကျောက်ပါ။ ကျွန်တော့်ကို အရေးယူလို့ မရပါဘူး။ လောပန်း ဒီလိုတော့ မတရား မလုပ်ပါနဲ့”
ဖိုးချင်း ပြောလိုက်သော စကားကြောင့် အနီးရှိ ရခိုင်ကြီးတို့၊ စိုင်းလှကျော်တို့ သဘောကျသွားရုံသာ မဟုတ် ရေမဆေးဂျော်ကီ လူအုပ်ကြီး ကလည်း...“မှန်တယ်”၊ “ဟုတ်တယ်”၊“စွန့်ပစ်ခံထားရ တဲ့ကျောက်”၊ “ဖိုးချင်း ပြောတာ သဘာဝကျတယ်” ဆို သော ထောက်ခံသံတွေ ဆူညံလာပြန်သည်။

“ဒီမှာ ကျုပ် စကားကုန် ပြောမယ်။ ဒီကျောက် ပြန်ပေးမှာလား၊ မပေးဘူးလား။ ပြန်မပေးရင် ခင်ဗျားကို အရေးယူမယ်။ ဖမ်းမယ်။ အခုန ၀ိုင်းပြီး ထောက်ခံခဲ့တဲ့ လူတွေလည်း အလိုတူ အလို ပါတွေဆိုပြီး နောက်ဆက်တွဲ ဖမ်းရလိမ့်မယ်။ ဒီမယ်၊ ခင်ဗျားတို့ မသိသေးရင် ထပ်ပြောမယ်။ ကျုပ်တို့ ကုမ္ပဏီနဲ့ နိုင်ငံတော်နဲ့ အကျိုးတူ ကျောက်စိမ်း တူးဖော်ရေး လုပ်နေကြတာ။ ကျုပ်တို့ ကုမ္ပဏီက ရတဲ့ ကျောက်က နိုင်ငံတော်ပိုင် ဖြစ်လို့ နိုင်ငံတော်ကို အပ်ရတာ။ အပ်ပြီးလို့ ကျောက်ရောင်းပွဲပြီးမှ ကုမ္ပဏီနဲ့နိုင်ငံတော် အကျိုးတူ ခွဲဝေ ယူကြရတာ။ ဒါကြောင့် ဟောဒီ ဖားကန့် ကျောက်စိမ်းမြေက ထွက်တဲ့ ကျောက်မှန်သမျှဟာ နိုင်ငံတော်ပိုင်ကျောက်။ ဒီကျောက်ကို ဘယ်သူမှ တရားမ၀င် သယ်ခွင့်မရှိဘူး။ ရောင်းခွင့် မရှိဘူး။ ရေမဆေးတွေလည်း သယ်ခွင့်၊ ရောင်းခွင့် မရှိဘူး”

လောပန်းစကားက ချည်ပြီး တုပ်ပြီး ဖြစ်နေသည်။ လူအားလုံး ငြိမ်တိတ်နေတော့သည်။
“အကျိုးတူ ကုမ္ပဏီကရတဲ့ ကျောက်တွေ အပျောက်အရှ မရှိအောင်၊ နိုင်ငံတော်ထံ အပြည့်အ၀ အပ်နှံနိုင်အောင် သတ္တုတွင်းက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက လာပြီး စောင့်ကြပ်နေပါတယ်။ ဟောဒါ တာဝန်ရှိတဲ့ပုဂ္ဂိုလ်ပါ”

လောပန်းက သူ့စကား ပိုမိုခိုင်မာစေရန် သူ့အနီး၌ ရပ်နေသော နေကာမျက်မှန်နှင့်လူကို ညွှန်ပြလိုက်သည်။
“ဟုတ်ပါတယ်။ ကျွန်တော်က သတ္တုတွင်းက တာဝန်ရှိသူပါ။ ဖားကန့် ကျောက်စိမ်းဒေသမှာ ရှိတဲ့ အကျိုးတူကုမ္ပဏီတွေက ထွက်တဲ့ကျောက်တွေ အလေအလွင့် မရှိဘဲ နိုင်ငံတော်ဆီ အပ်နိုင်ဖို့ ကြီးကြပ်ရတဲ့နယ်မြေမှူးပါ။ ဒါကြောင့် ဒီ ကျောက်ကို နိုင်ငံတော်ပိုင်ကျောက်အဖြစ်နဲ့ ပြန်သိမ်းရပါလိမ့်မယ်။ ပြီးတော့ ကျောက်ပိုင်ရှင်ရော၊ ၀ိုင်းသယ်လာတဲ့ လူတွေရော၊ အိမ်ရှင်ရော အရေးယူရပါလိမ့်မယ်”

နယ်မြေမှူး စကားဆုံး သွားသောအခါ အားလုံးလှုပ် လှုပ်ရွရွ ဖြစ်သွားသည်။ တီးတိုး စကားတွေ ပြောနေကြပြီ။ ဖိုးချင်းနှင့် ရခိုင်ကြီးလည်း သိသိသာသာ မျက်စိ မျက်နှာပျက်နေပြီ။ ဒီလူအုပ်ကြီးကို အရေးယူဖို့ ဖမ်းဆီး ခေါ်ဆောင်သွားမည် ဆိုလျှင် ဖားကန့် ရဲစခန်း ဆံ့တော့မည်မဟုတ်။

“အဲလိုတော့ အရေးမယူပါနဲ့ဗျာ။ ကျွန်တော်တို့ တစ်တွေဟာ ရေမဆေးတွေပါ။ တစ်နေ့ရှာမှ တစ်နေ့ ဆန်ဖိုး၊ ဆီဖိုး ရတာပါ။ စီးပွားဖြစ်လည်း မရကြပါဘူး။ အဲလိုတော့ မလုပ်ပါနဲ့ဗျာ။ နော် လောပန်းကြီးနဲ့ နယ်မြေမှူးကြီးရယ်”

“ဟုတ်ပါတယ်ဗျာ၊ ကျွန်တော်တို့က မရှိဆင်းရဲသား ရေမဆေး ရှာသူတွေပါ။ အရေး မယူပါနဲ့ဗျာ”

ရေမဆေးဂျော်ကီတွေ တစ်ယောက်တစ်ပေါက် ၀ိုင်း၍ တောင်းပန် တိုးလျှိုးနေကြသည်။
စိုင်းလှကျော်၊ ဖိုးချင်း၊ ရခိုင်ကြီးနှင့် ရေမဆေးဂျော်ကီတွေ အားလုံး စိုးရိမ်တုန်လှုပ်နေတော့သည်။ အိမ်ရှေ့မှ လူတွေကလည်း မည်ကဲ့သို့ အရေးယူလေမလဲဆိုသည့် အတွေးများနှင့် တီးတိုးတီးတိုး သဖန်းပိုးထိုးနေကြပြီ။ လောပန်းနှင့် တာဝန်ရှိ ပုဂ္ဂိုလ်တို့က ကျောက်တုံးမှ တိပ်တွေ၊ မိုးကာစတွေ ခွာချနေပြီ။ ပြန်သယ်တော့မည့် အရိပ်လက္ခဏာ။
ထိုစဉ်၊ ဂျော်ကီတွေ ကြားထဲသို့ အသားညိုညို၊ တောင့်တောင့်ဖြောင့်ဖြောင့် လူတစ်ယောက် ၀င်လာသည်။ လေးဆယ်ဝန်းကျင်ခန့်တော့ ရှိမည်။ သူရောက်လာသဖြင့် ရေမဆေးဂျော်ကီတွေ အားတက်သွားကြသည်။ သူကား တခြား လူမဟုတ်။ ရွာထဲက ကိုခန့်မောင်။ ပွဲစား၊ ကြား ပွဲစား၊ အထူးသဖြင့် ကျောက် အရောင်းအ၀ယ်ပွဲစား။

“ကျွန်တော် တစ်ခုပြောပါရစေ။ လောပန်းကြီး ပြောတာလည်း မှန်ပါတယ်။ နယ်မြေမှူးကြီး ပြောတာလည်း မှန်ပါတယ်။ ဟောဒီက ရေမဆေးသမားတွေ ဆိုတာလည်း တစ်နေ့လုပ်မှ တစ်နေ့ စားကြရတာပါ။ အိမ်မှာ ဆန်တစ်ပြည်ဖိုး ရရ၊ ဆီတစ်ဆယ်သားဖိုးရရဆိုပြီး ရေမဆေးရှာနေတဲ့ မရှိဆင်းရဲသားတွေပါ။ ဒီကျောက်ကို ခိုးလာတာလည်း မဟုတ်ပါဘူး။ စွန့်ပစ်ထားတဲ့ မြေစာပုံထဲက ကောက်လာတာပါ။ ဒီတော့ နိုင်ငံတော်ပိုင် ကျောက်မို့ ပြန်သယ်မယ်ဆိုလည်း ပြန်သယ်သွားပါ။ ကျွန်တော်တို့ သဘောတူပါတယ်။ ဒါပေမဲ့ တစ်ခုတော့ တောင်း ပန်ချင်ပါတယ်။ ဒီကျောက်စိမ်းတုံးကြီးကို ရအောင်ရှာခဲ့ရသူနဲ့ ဥရုချောင်း ဟိုဘက် ကမ်းကနေ အိမ်အထိ တစ်ယောက်တစ်လှည့် ထမ်းလာ ခဲ့ရတဲ့လူတွေကိုတော့ ကရုဏာ ထားစေ့ချင်ပါတယ်။ သနားစေချင်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့အတွက် ဈေးစကား ပြောတာရယ်လို့ မသတ်မှတ်စေချင်ဘဲ၊ မုန့်ဖိုးအနေနဲ့တော့ မစဖို့ သူတို့ ကိုယ်စား ကျွန်တော် ပြောချင်ပါတယ်။ ဒါကြောင့် လောပန်းကြီးရယ် ရေမဆေးတွေ အတွက် မုန့်ဖိုးလေးဖြစ်ဖြစ် ပေးခဲ့ဖို့ မေတ္တာရပ်ခံပါတယ် ဗျာ”

“မှန်တယ်”

“ဟုတ်တယ်”

“ပွဲစားကြီး ပြောတာ သဘာဝကျတယ်”

“ရေမဆေးရှာသူတွေရဲ့ဘ၀ ကိုယ်ချင်းစာတတ်ပါစေ”

“လောပန်းကြီး ဒီထက် ချမ်းသာပါစေ။ ဒီထက် ကျောက်ကောင်းတွေ ပွင့်ပါစေ”

စိုင်းလှကျော် အိမ်ဝိုင်း ထဲမှာ ဆူညံပွက်လောရိုက်သွားသည်။ ပွဲစားကိုခန့်မောင် စကားကို နားထောင်အပြီး လောပန်း တွေဝေသွားဟန် တူ၏။ သူ တစ်ဦးတည်း မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသဖြင့် နယ်မြေမှူးနှင့် တီးတိုးတိုင်ပင်ပြန်သည်။

“မုန့်ဖိုးလေးတော့ ပေးလိုက်ပါဗျာ။ ကျောက်လည်း ပြန်ရနေပြီပဲ ဥစ္စာ”

နယ်မြေမှူးအသံ တစ်စွန်းတစ်စ ကြားသွားသော လူအုပ်ကြီးက “ဟေး”ခနဲ ၀ိုင်း၍ အော်ကြပြန်သည်။
“ကဲကဲ ခင်ဗျားတို့ကို ကျုပ်က မုန့်ဖိုးဘယ်လောက် ပေးရမှာလဲ ပြော”

လောပန်းစကားသံ ဆုံးဆုံးချင်း ကျောက်ရသော ဖိုးချင်းက မပြောရ။ ရေမဆေးဂျော်ကီအသံတွေ ဆူညံ သွားပြန်၏။
“ဆယ့်ငါးပုံး”

“ဆယ်ပုံး”

“ခုနစ်ပုံး”

“ငါးပုံး”

ကိုယ် လိုချင်သလောက် အော်ဟစ်နေသော လူအုပ်ကြီးကို လောပန်း အသံကြီးက အုပ်လိုက်တော့၏။
“များလွန်းတယ်။ ဆယ့်ငါးပုံးဆို များတယ်။ ဒါဆို တစ်ပြားမှ မပေးဘူး။ ကျောက်ယူပြီး ပြန်မယ်”

လောပန်း စိတ်ဆိုးသွားမှန်း သိသဖြင့် ပွဲစားကိုခန့်မောင်က လူအုပ်ကို “ငြိမ် ငြိမ်”ဟု လက်အမူအရာ ပြလိုက်သဖြင့် တိတ်သွားပြန်သည်။
“ကဲ- ကျွန်တော်ပဲ အဆင်ပြေအောင် ညှိပေးပါ့မယ်။ ခင်ဗျားတို့ တောင်းတဲ့ မုန့်ဖိုးဆယ့်ငါးပုံးက များနေတယ်။ လောပန်း အနေနဲ့လည်း လိုက်လျောနိုင်အောင်၊ ခင်ဗျားတို့လည်း စိတ်ကျေနပ်အောင် မုန့်ဖိုးကို ကျွန်တော်ပဲ ကြားကနေ သတ်မှတ်ပေးမယ်။ နည်းတယ်များတယ် မအောက်မေ့နဲ့။ မုန့်ဖိုး ငါးပုံး”

ပွဲစား ကိုခန့်မောင် စကားဆုံးသွားသောအခါ “ဟေး” ဆိုသော အသံကြီး ထွက်လာပြန်သည်။ ရေမဆေးဂျော်ကီတွေက ကျေနပ်၍ ထွက်လာသံ။ သို့သော် လောပန်းက မကျေနပ်။

“ငါးပုံ များတယ်ဗျာ။ ပွဲစား စဉ်းစားကြည့်။ ဒီငွေက ကျုပ် တစ်ပြားမှ မပေးလည်း ရတယ်နော်။ ကျုပ် တစ်ပုံးပဲ ပေးမယ်ဗျာ။ ကြိုက်လည်း ယူ။ မကြိုက်လည်း မယူနဲ့”

“လောပန်းကြီးရယ်၊ ကျွန်တော်က ကြားက စေ့စပ် ပေးနေတာပါ။ တစ်ပုံးကတော့ ကလေးကလား ဆန်ပါတယ်။ ဒီငွေလောက်ကတော့ လောပန်းတို့အနေနဲ့ ဘီယာဆိုင် တစ်ခါထိုင်ပဲ ရှိပါတယ်။ ဟောဒီက ရေမဆေးတွေ အဖို့ လောပန်းပေးတဲ့ ငွေကို ဒီလူ လေးငါးဆယ် ခွဲယူရင် မနက်စာအတွက် ဆန်ဖိုးလောက်ပဲ ရမှာပါ။ ညနေစာ အတွက်တောင် မရပါဘူး။ အခု ဒီကျောက်ကြီး ထမ်းလာရတဲ့ ထမ်းခတောင် မရှိပါဘူး။ ဖြစ်နိုင်ရင် သူတို့အတွက် နှစ်ပုံးတော့ မုန့်ဖိုး ပေးလိုက်ပါနော်”

လောပန်း၊ နယ်မြေမှူး နှင့် ပွဲစားတို့ ညှိနှိုင်းအပြီး နောက်ဆုံး တစ်ပုံးခွဲနှင့် ဈေးတည့်သွားသည်။ ရေမဆေးတွေလည်း နည်းသည် များသည် မတွက်တော့ဘဲ တစ်ပြားရရ၊ နှစ်ပြားရရ အမြတ်ဟု သဘောထားကာ ကျောက်ကို လောပန်း၏ ဖိုးဝှီးကားပေါ် ၀ိုင်း၍ တင်ပေးလိုက်ကြလေသည်။

မြန်မာ့ထွဋ်ခေါင်ကုမ္ပဏီသို့ ဖိုးချင်းနှင့် ရခိုင်ကြီး မုန့်ဖိုး လိုက်ယူကြလေသည်။ ရေမဆေးဂျော်ကီတွေကတော့ မုန့်ဖိုးခွဲတမ်း ရဖို့ စိုင်းလှကျော် အိမ်ဝိုင်းထဲမှာ တရုန်းရုန်းဖြင့် ကျန်ရစ်ခဲ့တော့သည်။ ဖိုးချင်းနှင့် ရခိုင်ကြီးတို့ ပြန်ရောက်လာသောအခါ ရခိုင်ကြီးက ရေမဆေး ဂျော်ကီတွေကို တန်းစီခိုင်းနေသည်။ စိန်တူတွေက ရခိုင်ကြီး လက်ထဲမှာ။ စိန်တူ အပ်ထားသည့် လူကိုလည်း မုန့်ဖိုး ပေးရမှာ ဖြစ်သည်။

ဖိုးချင်းလည်း လောပန်းဆီမှ ရလာသော မုန့်ဖိုးကို လက်ထဲ တင်းတင်းဆုပ်ရင်း စိုင်းလှကျော်အိမ်ပေါ် တက်သွားသည်။ ဖိုးချင်း အနေဖြင့် မိမိအတွက် မကျန်ချင်နေ၊ အဓိက ကျသူများကို စိတ်ကျေနပ်အောင် ခွဲဝေပေးဖို့ စဉ်းစား ဆုံးဖြတ်လိုက်သည်။ အိမ်ပေါ်မှာ စိုင်းလှကျော် လင်မယား၊ ပွဲစားကိုခန့်မောင်၊ နိုင်လွန်ကြိုးနှင့် ထမ်းပိုး ငှားလာသော ဂျော်ကီခေါင်းဆောင် မောင်အေးနှင့် ပေါက်စ။
“ကဲ- ကိုစိုင်းတို့ လင်မယား အတွက် ခုနစ်သောင်းခွဲ၊ ရော့။ ကျောက်ရရင် တစ်ဝက် ကြေးပေးရမယ် ဆိုတဲ့ ကတိ တည်ပြီနော်”

ဖိုးချင်းက စိုင်းလှကျော် လက်ထဲ ထည့်လိုက်သည်။ စိုင်းလှကျော်က ပြုံးရွှင်စွာဖြင့် လက်ခံယူလိုက်သည်။

“ကဲ- ပွဲစားကြီး အတွက် မုန့်ဖိုး ဘယ်လောက် ပေးရမလဲ”

“ရပါတယ်ကွာ၊ မင်းသင့်မယ် ထင်သလောက်ပဲ ပေးပါ။ မပေးလည်း ကိစ္စမရှိ ပါဘူး”

“ကဲ- ဖိုးချင်း၊ ပွဲစားကြီးအတွက် ပွဲတိုက်ခ တစ်သောင်းပေးလိုက်။ နည်းတယ်လို့တော့ မအောက်မေ့နဲ့ပေါ့ဗျာ။ သူ့မှာ ဂျော်ကီတွေလည်း ပေးဖို့ ရှိသေးတယ်”

စိုင်းလှကျော်က ၀င်ဖြတ်ပေးသည်။
“ရပါတယ် ညီလေးရာ၊ လောပန်းကို ကိုယ်မနည်းပြောရတာ မင်းတို့ အသိပဲ။ ညီလေးတို့ကို ကိုယ် သနားလို့ မရမက ၀င်ပြောရတာပါ”

ပွဲစား ကိုခန့်မောင် လက်ထဲသို့ တစ်သောင်း ထည့်လိုက်သည်။
“ပေါက်စနဲ့ မောင်အေး၊ မင်းတို့ကို ဘယ်လောက် ပေးရမလဲ”

ဖိုးချင်း စကားဆုံးဆုံးချင်း ပေါက်စက မဆိုင်းမတွ။
“ထမ်းပိုးနဲ့ ကြိုးငှားခ ငါးထောင်ကျတယ်။ ငါနဲ့ မောင်အေးအတွက် တစ်ယောက် ငါးထောင်စီ။ စုစုပေါင်း တစ်သောင်းခွဲတော့ ပေးပါ”

ဖိုးချင်းက ကျေကျေနပ်နပ် ပေးလိုက်သည်။ ထို့ နောက် အိမ်ပေါက်ဝမှာ တန်းစီနေသော ရေမဆေး ဂျော်ကီတွေဆီ မုန့်ဖိုးပေးရန် ဆင်းလာတော့ ဖိုးချင်း လက်ထဲမှာ ငါးသောင်းပဲ ကျန် တော့သည်။
“အင်း- လူကုန်အောင်မှ ပေးနိုင်ပါ့မလား”

ဖိုးချင်း သက်ပြင်းရှည် “ဖူး”ခနဲ မှုတ်ထုတ်လိုက် သည်။ ဖိုးချင်း ဆင်းလာတော့ လူတန်းရှည်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်သွားပြန်သည်။
“ရခိုင်ကြီး၊ မင်းက စိန်တူပေး။ ငါက ပိုက်ဆံပေးမယ်”

တံခါးအထွက်မှာ ရခိုင်ကြီးက စိန်တူတစ်လက်ပေးလျှင် ဖိုးချင်းက ငွေတစ်ထောင်ပေး။ ဒီလိုနှင့် လူ ပေါင်း ၄၈ ယောက်ပေး လိုက်သောအခါ ရေမဆေးတွေလည်း ကုန်သွားပြီ။ သို့သော် ဖိုးချင်းလက်ထဲမှာ ထောင်တန်နှစ်ရွက်ပဲ ကျန်တော့သည်။

“ဖိုးချင်း၊ ငါတို့ အတွက်ကော ကျန်သေးလားကွ”
ဖိုးချင်းက အစိမ်းရောင် ခြင်္သေ့နှစ်ကောင်ကို ရခိုင်ကြီးအား ထောင်ပြလိုက်သည်။
“ရော့ မင်း တစ်ကောင်၊ ငါ တစ်ကောင်”

ရခိုင်ကြီးကို တစ်ထောင်တန် တစ်ရွက် ပေးလိုက်ပြီး သူ့လက်ထဲက ထောင်တန်တစ်ရွက်ကို ရခိုင်ကြီးအား မြှောက်ပြလိုက်၏။ ထို့နောက် ဖိုးချင်းက မချိမဆံ့ မျက်နှာသေလေးဖြင့် ရခိုင်ကြီးကို ပြောလိုက်သည်။

“မင်းပြောတဲ့ စကား သိပ်မှန်တယ် ရခိုင်ကြီး။ မင်းပြောတဲ့ ထောင်ကျောက်တော့ ထောင်ကျောက်ပဲ။ ဒါပေမဲ့ သိန်းတစ်ထောင် တန်တဲ့ကျောက် မဟုတ်ဘူး။ ကျပ်တစ်ထောင်တန်တဲ့ ကျောက်။ ထောင်ကျောက် တဲ့ ဟား ဟား..ဟား၊ ဘ၀ ပြောင်းသွားပြီတဲ့ ဟား... ဟား... ဟား...ဟား”

မမုံရွာလေး ထိတ်လန့်သွားအောင် ဖိုးချင်း၏ဟား တိုက်ရယ်မောသံကား ဥရုချောင်း တစ်ဖက်ကမ်းကို ကျော်သွားကာ “စပေါ့” ဘုရားတောင်ကြီးထိ ပဲ့တင် ရိုက်ခတ်သွားသည် ထင်သည်။
“ဒီကောင် ရူးများသွားပလား” ဆိုပြီး စိတ်မကောင်းသော အမူအရာဖြင့် ရခိုင်ကြီးက ဖိုးချင်းကို ငေးမော ကြည့်နေမိသည်။



၂၀၁၁ စက်တင်ဘာလထုတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ၀တ္ထုတိုဖြစ်သည်။





~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved