~
"ကားဂိတ်မှာ ဆို လာဘ်လာဘတိတ်တယ်လို့များ တစ်ညီတစ်ညွတ် အယူရှိရော့သလားမသိ။ ဘယ်ကားမှ ကားဂိတ်မှာ ရပ်ရိုး ထုံးစံက မရှိ"
ဘာရာဒွါဂျာ (မြန်မာပြည်) ~
ပူပြင်းလှတဲ့ နေရောင်အောက်မှာ ချွေးတွေကဖြင့် ဒီးဒီးကျလို့ပါ။ လိုချင်တောင့်တသော အရိပ်ကို ရှာလိုက်တော့ ဟိုးခတ်လှမ်းလှမ်းမှာ သစ်ပင်တစ်ပင်။ လျှောက်သွားလျှင်ဖြင့် ရောက်နိုင်ပါရဲ့။ အိုး …….. မဖြစ်နိုင်သေးပါ။ စောင့်နေရမယ့် နေရာက ဒီနေရာမို့ခြေလှမ်းကို မရွှေ့ရဲပါ။ ပြင်းလှတဲ့နေရောင်အောက်မှာပဲ ရပ်နေရတော့မှာပေါ့။
ဟောင်းနွမ်းနေတဲ့ နာရီလေးကို ကြည့်လိုက်တော့ ရော် ... အချိန်လေး နည်းနည်းရလောက်ပါရဲ့။ ဘစ်ကားက ခတ်ကျဲကျဲလာနေပါလား။ ရုံးဆင်းချိန် လှုပ်ရှားသွားလာရတာမဟုတ်လို့ တော် တော်ပါသေးရဲ့။
ရုံးဆင်းချိန်၊ တက်ချိန်များဆို ကားဂိတ်မှာက လူပင်လယ်ကြီးက တစ်မျှော်တစ်ခေါ်။ အိမ်ကထွက်ချိန်ကတော့ ရုံးချိန်နဲ့ တိုက်နေတော့ ကားကျပ်တဲ့ ဒုက္ခ္ခကိုကြောက်တော့ အိပ်ရာက အစောကြီးထ၊ ၀ီရိယက ကားကြပ်တဲ့ ဒုက္ခကို လေ့ကျင့်ပေးလို့ အခုတော့ ၀ီရိယကြီးသူပေါ့လေ။
ဘတ်စ်ကားဂိတ်က အမိုးလေး၊ ထိုင်ခုံလေးရှိသော်ငြားလည်း ဘတ်စ်ကားဆရာတွေများ ကားဂိတ်မှာ ဆို လာဘ်လာဘတိတ်တယ်လို့များ တစ်ညီတစ်ညွတ် အယူရှိရော့သလားမသိ။ ဘယ်ကားမှ ကားဂိတ်မှာ ရပ်ရိုး ထုံးစံက မရှိတော့ တစ်ခါတစ်လေများ ကိုယ်က ဒီနားရပ်နေရင် ကိုရွှေကားကြီးက ဟိုးလှမ်းလှမ်းမှာ ရပ်လို့ အပြေး လိုက်လို့မှ မမှီခင် ၀ူးခနဲမောင်းထွက်သွားတဲ့အခါ ပြေးလိုက်သူအချင်းချင်း ပြုံးမိကြပါရဲ့။ ထိန်းထိန်း သမျှသော ဣနြေ္ဒလေးများကတော့ လမ်းမပေါ်လျှောခနဲပေါ့။ ခုတော့လည်း ကားဂိတ်နားမကျ၊ လမ်းထိပ်နား မကျ အဆင်ပြေပြေစောင့်တတ်တော်မူတတ်ပါပြီမို့ ခတ်ငေးငေးပင် ရှိလိုက်သေး။
ပလက်ဖောင်းပေါ်ရပ်ဖို့တော့ လားလားမျှ မစဉ်းစားနဲ့။ ကွမ်းယာသည်၊ စွပ်ကျယ်သည်၊ အိတ်သည်၊ စုံစီနဖာခွက်ကလေး၊ ဇွန်းကလေး၊ ဗူးကလေး၊ ဓါးကလေးတွေ ကြိုက်တာယူ တစ်ထောင်ဖိုး လေးခု၊ ငါးခု ရောင်းတဲ့အသည်…….. အသည်ပေါင်းမြောက်မြားစွာရဲ့ ဆိုင်နေရာလေးတွေက အပြည့်၊ ပလက်ဖောင်းလေး ခြောက်ပေအကျယ်လောက်ကို နှစ်ဖက်လုံးလုံး ဈေးခင်းရောင်းချနေတော့ လူသွားလမ်းလေးက တစ်ပေ သာသာ။ ကားရပ်စောင့်လိုကတော့ လမ်းမပေါ်ဆင်းစောင့်ကြရတာပါပဲ။ ရုံးဆင်းချိန်များဆို လူအုပ်က လမ်းမပေါ်မှာ လမ်း တစ်ဝက်နီးပါး။ တစ်ချို့ကားများကလည်း ခတ်ကြမ်းကြမ်း၊ လူအုပ်နား ကပ်ပြီးဆွဲသွားတာများ အသည်းအေးစရာ။ အရင်က ကားစုတ်စုတ်သမားတွေလည်း ထောင်ကျော်တန် ရာဂဏန်းနဲ့စီးရပြီဆို တော့ ဘဘ၊ ဦးဦး၊ ဒေါ်ဒေါ်တွေတောင် လမ်းပေါ်လျှောက်တဲ့သူ မမြင်တော့ဘူးဆိုတော့ ကိုကို၊ မမ၊ မောင်လေးတွေဆိုရင်ဖြင့် မတွေးဝံ့စရာ။ နားကြပ်လေးတွေ ကိုယ်စီနဲ့ ဘာသံမှမကြားဆိုတော့ ၊ ဘာကိုမှ ရှောင်နေစရာ မလိုတော့ဘူးပေါ့လေ။ အတွေးစထဲ ညော်နံ့က ဖြတ်ဝင်လာသမို့…… အိုး … အကြော်သည်။ ရေသန့်ဗူးများထည့်ကြော်နေ သလားဆိုတဲ့ အတွေးက ၀င်လာတော့ ကိုယ့်ဟာကိုယ်ပင်ပြုံးမိသေး။ ဗယာကြော်တစ်ခုတစ်ရာ၊ တကယ်တော့ အကြော်မှန်သမျှ တစ်ခုတစ်ရာချည်း။ ဟင်းမမီတဲ့နေ့ဆို အမြဲရှိတဲ့ ငါးပိရည်လေးသာပါလာတတ်တော့။ ၀ယ်လိုက်ဟေ့ ဗယာကြော်နှစ်ခု၊ ငါးပိရည်နဲ့ ထမင်းကို နယ်ပြီး ဗယာကြော်လေးမြှုပ်ပြီးစားလိုက်ရင် … အော် ခုတောင် သွားရည်များ ကျမိပါရဲ့။ ညော်နံ့ကြောင့်လား၊ အတွေးကြောင့်လား ဗိုက်က တစ်ကျုတ်ကျုတ်လေ။ ပိုက်ဆံအိတ်ပါးလေးထဲက ငွေယားလေးကို တွက်လိုက်တော့ အကြော်မပါဘဲ မုန့်ဟင်းခါးလေးစားလိုက်တာတော့ ချစ်သူခင်သူ အိမ်သူအိမ်သားများကို သစ္စာဖောက်ရာ မကျသေးပါဘူး လို့ တွေးရင်း ဘေးလမ်းက ပလက်ဖောင်းပေါ်က မုန့်ဟင်းခါးသည်ကြီးက လက်ပင်မလည်နိုင်အောင်ပါလား။
".....အကြော်မပါဘဲ မုန့်ဟင်းခါးလေးစားလိုက်တာတော့ ချစ်သူခင်သူ အိမ်သူအိမ်သားများကို သစ္စာဖောက်ရာ မကျသေးပါဘူး လို့ တွေးရင်း....."
မုန့်ဟင်းခါးဆိုင်ရှေ့ရောက်တော့ ခွေးခြေပုတစ်လုံးဆွဲယူရင်း ရိုးရိုးတစ်ပွဲ လို့ မှာလိုက်သံက ခပ်တိမ်တိမ်ပေါ့။ ဘယ့်နှယ် ..... မုန့်ဟင်းခါးတစ်ပွဲထဲ ထည့်လိုက်တဲ့ အကြော်အစုံ။ အိုးဘဲဥက ပါလိုက်သေး။ တစ်ထောင့်နှစ်ရာဖိုးလောက် စားလိုက်တာကိုး။
ဝတ်ထားတာကလည်း တိုလိုက်တဲ့ ဘောင်းဘီများ ဟိုးထိပ်ကပ်နေရဲ့ ဆိုရင် ရိုင်းမှာလားရှင်။ ၀တ်ထားတဲ့ အင်္ကျီက ဘော်လီသာသာ။ ဘေးကကောင်လေးကတော့ ဘောင်းဘီက အရှည်ကျပ်ကျပ်၊ ရှပ်အင်္ကျီကလည်း လက်ရှည် ကြယ်သီးစုံလက်ထိပ်မှာတပ်လို့၊ ဆံပင်ကတော့ စွေစွေစောင်းစောင်းရှည်ရှည်တိုတိုတွေ ရောကာပြွမ်းလို့။ ကိုရီယားစတိုင်လို့ ဆိုဦးမည်သတည်း ဆိုတဲ့ အတွေးနောက်က သက်ပြင်းက ဟင်းခနဲ။
ဆီးချိုသွေးချိုအတွက် မဟော်ခနီစေ့တွေ ဆိုပါလား။ ဟော .... ဘေးက ယိုးဒယားကြောင်စာ။ ဘယ့်နှယ်တုန်း ကြောင်စာ… ကြောင်စာတောင်မှ ရိုးရိုးပြည်တွင်းဖြစ်မဟုတ်၊ ကဒ်ထူစက္ကူပေါ်သေသေချာချာ ရေးထားလိုက်သေး၊ ယိုးဒယားကြောင်စာ ... တဲ့။ ဒါဆို ပြည်တွင်းဖြစ်ကြောင်စာ ထွက်နေလောက်ပြီထင့်။ လူက ဂေါက်တောက်တောက်ဖြစ်သွားတယ်။ ဒီတစ်ချက်တော့ လွတ်သွားပြီပေါ့။ ကြောင်စာတွေ အတုထုတ်နေတဲ့ အကြောင်း ဘယ်ဂျာနယ်မှာမှ မဖတ်ရသေးပါလား။ သတင်းသမားတွေ ဘာလုပ်နေကြပါလိမ့်။ သတင်း လွတ်လပ်ခွင့်ထဲမှာ ကြောင်စာအကြောင်းက မလွတ်လပ်သေးတဲ့ခေါင်းစဉ်များလား။ အင်း အိမ်ရောက်မှ ဂျာနယ် သမားတော်ကြီးကို မေးရတော့မည်လေ။
ငါးရာတန်နွမ်းနွမ်းလေးကို ပြန်အမ်းဖို့နှစ်ရာတန်ကို ရှာနေတဲ့ မုန့်ဟင်းခါးသည်ကို ကြည့်ရင်း အလိုလေး ….. တစ်သောင်းတန်။ ဘယ်နှစ်နိုင်ငံမှာများ ဒီလိုသောင်းတန်ငွေစက္ကူတွေ ပေါ်ထွက်နေပါလိမ့်။ သြော် ... ကိုရီးယားကားထဲများမြင်ဖူးပါရဲ့ .... နှစ်ဆယ့်ငါးသိန်းဆို ပေးလိုက်တဲ့ ငွေစက္ကူအရေအတွက်က ဆယ့်လေး ငါးရွက်ထက် ပိုမည်မထင်။ ဒါဆို သူတို့တိုင်းပြည်မှာရော အနိမ့်ဆုံး ပစ္စည်းက တစ်ရာတန် နှစ်ရာတန်မျိုး ရှိပါသေးလား။ တိုတိုထွာထွာ သုံးဖို့ကို ဘယ်လိုများ အကြွေကို ရှာကြပါလိမ့်။ အကြွေကိုပဲ လုံလုံလောက်လောက် ထုတ် ပေးနိုင်ကြလို့လား၊ သြော် ... ဥာဏ်မမီတာ မဟုတ်ပါဘူး။ အကျွန့်လိုလူတန်းစားကရော ဘယ်နည်းနဲ့များ တစ်သောင်းတန်ငွေစက္ကူကို ကိုင်နိုင်မှာမို့ ဒီလောက် အတွေးနယ်ချဲ့လို့ ပူပန်စရာလား။ အိုး .. လခထုတ်ရင် ဘယ် နည်းနဲ့မဆို တစ်သောင်းတန် တစ်ရွက် ၊ နှစ်ရွက်လောက်တော့ ပါလာနိုင်တာပဲလေ။ တစ်သောင်းတန်ကြီး ကိုင် ပြီး မုန့်ဟင်းခါးနှစ်ရာဖိုး ၀ယ်စားလို့ကတော့ ဘုရားသခင် ….. မုန့်ဟင်းခါးလေးဖြင့် ငတ် ငတ်ရချည်သေးရဲ့။
~
0 comments :
Post a Comment