ဒေါ်လာ ၆၅ သန်းတန် သတို့သားလောင်း အလိုရှိသည်

Saturday, September 29, 2012

 ဘီလျံနာ သူဌေးကြီး ချောင်နဲ့ သမီးဖြစ်သူ မစ္စချောင်၊ ဓာတ်ပုံ- gossiponthis.com
ဟောင်ကောင်က သူဌေးကြီး ချောင်ရဲ့ သမီးကို ဆွဲဆောင်ပြီး အိမ်ထောင်ပြုနိုင်တဲ့ အမျိုးသားကောင်း ကို အမေရိကန် ဒေါ်လာ ၆၅ သန်း ချီးမြှင့်မယ်ဆိုပြီး ကြေညာခဲ့တဲ့ သတင်းဟာ အခုတလော အင်တာနက် စာမျက်နှာတွေမှာ ထူးထူးခြားခြား လူကြိုက်များနေပါတယ်။ 



ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီး ချောင် (Mr. Cecil Chao Sze-tsung) က သူ့ သမီးဖြစ်သူ  မစ္စ ဂီဂီချောင်ကို အိမ်ထောင်ဖက် အမျိုးသား ရှာပေးဖို့ ကြေညာချက်ထုတ်ခဲ့တဲ့ သတင်း ကို နိုင်ငံတကာက အမျိုးသားများ အထူးစိတ်ဝင်စားကြတယ်ဆို ဆိုကြပါတယ်။ 



သူဌေးကြီး မစ္စတာ ချောင်က အမျိုးသား တဦးဦးအနေနဲ့ အသက် ၃၃ နှစ်အရွယ် သမီးဖြစ်သူရဲ့ အချစ်ကို ရအောင် စွမ်း ဆောင်နိုင်ပြီး လက်ထပ် နိုင်တဲ့ သူကို ဟောင်ကောင် ဒေါ်လာ သန်း ၅၀၀ ( စတာလင်ပေါင် သန်း ၄၀ ၀န်းကျင်) ဆုချမယ် ဆိုတာပါဘဲ။ 

မစ္စချောင်ဟာ မန်ချက်စတာ တက္ကသိုလ်က ဘွဲ့ရခဲ့ပြီး ပြင်သစ်မှာလည်း ၇ နှစ်လောက်ကြာ တွဲနေတဲ့ မိန်းကလေး ချစ်သူရှိပြီး မကြာခင်က မိန်းကလေးချင်း လက်ထပ်ထားပါတယ်။



ဖခင်ဖြစ်သူအနေနဲ့ ဟောင်ကောင်လူ့အဖွဲ့အစည်းမှာ မိန်းကလေးချင်း လက်ထပ်ထိမ်းမြားတဲ့ ဓလေ့မရှိတဲ့ အပြင် ပြစ်တင်ခံ ရမှုတွေပါ ရှိတာကြောင့် အခုလို သမီးဖြစ်သူကို သမရိုးကျ အိမ်ထောင်ရက်သား ချပေးချင်တာလို့ သတင်းတွေမှာဆိုတယ်။

ဖခင်ရဲ့ ကြော်ငြာထိုးလိုက်တဲ့နောက်ကွယ်မှာ ချက်ချင်းဆိုသလိုပဲ အီးမေးလ်တွေ လာလွန်းလို့ သူဌေးကြီးလည်း အကုန်တောင် မစစ်နိုင်ပါဘူးတဲ့။ 

ဒီအပြင် သမီးဖြစ်သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း လာပြီး မိတ်ဆွေ ဖွဲ့တဲ့ လူတွေက တမုဟုတ်ချင်း များလာတယ် တဲ့။ အီးမေးလ်စာပို့တဲ့သူတချို့ရဲ့ စာတချို့က စိတ်ဝင်စားစရာပါတဲ့။ 

တချို့က ပိုက်ဆံကြောင့်မဟုတ်ဘဲ သူဌေးကြီးရဲ့ သမီးဖြစ် သူ ဘယ်လိုလူလည်း သိချင်လို့ ဖြစ်တယ်ဆိုပဲ။ တချို့ကလည်း လေလုံးထွားပြီး လုံးဝ မိန်းကလေးတယောက်လို သိမ်မွေ့ သွားစေရမယ် ဘာညာ တွေ လည်း ပါသတဲ့။ 

မစ္စ ချောင်ကတော့ သူ့ဖခင် သူဌေးကြီးကို ဖခင် တဦးထက် သူငယ်ချင်း မိတ်ဆွေတဦးလို သဘောထား တဲ့အကြောင်း အင် တာဗျူးတခုမှာ ပြောခဲ့ဖူးပါတယ်။ 

အမေရိကန် ဒေါ်လာ ၆၅ သန်း သို့မဟုတ် စတာလင်ပေါင် သန်း ၄၀၊ ဒါမှ မဟုတ် ဟောင်ကောင် ဒေါ်လာ သန်း ၅၀၀ တန် သတို့သားလောင်းကိုတော့ အခုထိ မတွေ့ရသေးကြောင်း ထပ်လောင်း၍ သတင်းမောင်း ခတ် လိုက်ပါတယ်။ 

သမီးဖြစ်သူ မစ္စချောင်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေ ပြောနေလဲ ဆိုတာလည်း အောက်မှာ ဖော်ပြတဲ့ ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved