မိုးသီးဇွန်တို့နဲ့ ၁၀ ပါတီ တွေ့ဆုံမှု

Friday, September 7, 2012

~


ပြည်ပအတိုက်အခံများနှင့် ဒီမိုကရေစီ ၁၀ ပါတီအပါအ၀င် မျိုးဆက်လေးခု တွေ့ဆုံ

မင်းလွင်/DVB သတင်းဌာန

( ဓာတ်ပုံများ - ဂျေပိုင်/ဧရာဝတီ )

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဦးမိုးသီးဇွန် ဦးဆောင်တဲ့ အမိမြေငြိမ်းချမ်းရေး လုပ်ငန်းစဉ်အဖွဲ့နဲ့ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတွေ၊ ကျောင်းသား အဖွဲ့အစည်းတွေနဲ့ မနေ့က တွေ့ဆုံကြပါတယ်။

ဦးမိုးသီးဇွန် ဦးဆောင်တဲ့အဖွဲ့နဲ့ ဒီမိုကရေစီမဟာမိတ် ၁၀ ပါတီက ကိုယ်စားလှယ်တွေ၊ ပြည်တွင်းမှာ ပြန်လည်ဖွဲ့စည်းနေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ စုစည်းရေးအဖွဲ့ဝင်တွေ ကိုကျော်ကိုကို ဦးဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က စည်းရုံးရေး ကော်မတီဝင်တွေနဲ့ ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန် ယုဇနဟိုတယ်မှာ တွေ့ဆုံကြပါတယ်။

တိုင်းပြည် အပြောင်းအလဲမှာ ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ လက်ရှိအပြောင်းအလဲတွေပေါ်မှာ ဆွေးနွေးချက်တွေကို နားထောင်ခဲ့တာပါလို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အဖွဲ့ဝင် ဦးယဉ်အေးက ပြောပါတယ်။

တွေ့ဆုံပွဲမှာ ၁၉၆၂၊ ၇၄၊ ၈၈ မျိုးဆက်တွေနဲ့ ၂၀၀၇ မျိုးဆက်အထိ မျိုးဆက် ၄ ဆက် ပါဝင်တဲ့အတွက် အားရကျေနပ်မှုရှိတယ်လို့ ကိုယဉ်အေးက တွေ့ဆုံခဲ့မှု အပေါ်ကို အခုလို သုံးသပ်ပြောဆိုပါတယ်။

“နောင်တော်မျိုးဆက်တွေ အကုန်ပါတယ်။ ၆၂ က မျိုးဆက်တွေ အကုန်ပါတယ်။ ၇၄၊ ၇၅ မျိုးဆက်တွေ၊ ၈၈ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်သစ်တွေပါတယ်။ သူတို့တွေက ဘာပြောလဲဆိုရင် ၈ လေးလုံးဖြစ်တုန်းက ၄၊ ၅၊ ၆ နှစ်ပဲရှိခဲ့သေးတယ်။ အဲတုန်းက ၀ိုးတိုးဝါးတားပဲ မြင်လိုက်ရတဲ့ ၈၈ မျိုးဆက်တွေ အခုတွေ့လိုက်ရတယ် ဆိုတာမျိုးပြောတယ်။ အင်မတန်အားရဖို့ကောင်းပါတယ်။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ မြန်မာပြည်ကို လေ့လာရေးခရီးရောက်ရှိနေတဲ့ ဦးမိုးသီးဇွန်နဲ့အဖွဲ့ကို ကြိုဆိုလိုက်ပြီး နိုင်ငံရေးခရီးစဉ်တွေမှာ လက်တွဲဆောင်ရွက်နိုင်မယ်လို့လည်း ပြောပါတယ်။

“ရှေ့နိုင်ငံရေးခရီးတွေမှာ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးတွေ၊ သင်တန်းပေးတာမျိုးတွေ၊ capacity building တွေ လုပ်မယ်ဆိုရင်လည်းပဲ ဒါတွေမှာ လက်တွဲသွားနိုင်မယ်ဆိုရင်လည်း သွားကြတာပေါ့။”

ဦးမိုးသီးဇွန်တို့အဖွဲ့နဲ့ နိုင်ငံရေးအင်အာားစုတွေ တွေ့ဆုံခဲ့တဲ့အပေါ်ကိုလည်း အဲဒီပွဲမှာ သွားရောက်သတင်းယူခဲ့တဲ့ ရန်ကုန်အခြေစိုက် သတင်းထောက်တဦးကလည်း သူမြင်တွေ့ခဲ့ရတာတွေကို ပြောဆိုပါတယ်။

“ကိုမိုးသီးဇွန်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုတာတွေ့ရတယ်။ ကိုမိုးသီးဇွန်နဲ့ တွဲပြီး အလုပ်လုပ်ချင်တဲ့ ဆန္ဒရှိတာကိုလည်း ပြောသွားတာ တွေ့ရတယ်။ တချို့ဆို လက်နက်ကိုင်တော်လှန်ရေးကို မယုံကြည်ခဲ့ဘူး။ အခုလည်း မယုံကြည်ဘူး။ ၈၈ တုန်းကလည်း မယုံကြည်ဘူး။ ဒါပေမယ့် ကိုမိုးသီးဇွန်တို့နဲ့ အယူအဆ မတူရင်တောင်မှ လက်တွဲလုပ်နိုင်တဲ့ အခြေအနေ ရှိတယ်ဆိုတာမျိုး ပြောသွားတယ် ဆိုတော့ တဖက်မှာလည်း ဒါကို သဘောမတူဘဲ ကိုမိုးသီးဇွန်ကို မကြိုက်တဲ့သူတွေ ရှိနေပေမယ့်လည်း တဖက်မှာလည်း လက်တွဲလုပ်ချင်တဲ့သူတွေ ရှိတယ် ဆိုတာမျိုး တွေ့ရတယ်။”

ညွှန်း - DVB သတင်းဌာန
http://burmese.dvb.no/archives/30459




~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved