ဆိုတေးရဲ့ မီးအိမ်ရှင်

Sunday, September 9, 2012


~


အဆိုတော် ဆိုတေး (ဓာတ်ပုံ - myanmar multiply group)

သီချင်းတွေ နာမည်ကြီးရင် အွန်လိုင်းကို ရောက်လာပါတယ်။
ဆိုတေးရဲ့ မီးအိမ်ရှင်က အဲဒါနဲ့ ပြောင်းပြန်ပါပဲ။ အွန်လိုင်းကိုရောက်လာတဲ့ မီးအိမ်ရှင်သီချင်းကို စီးရီးထုတ်ရာကနေ နာမည်ကြီးလာပါတယ်။
ဆိုတေးလည်း မီးအိမ်ရှင် သီချင်းအယ်လဘန်နဲ့ နာမည်ကြီးလာသူပါ။ ဒီသီချင်းစုစည်းမှု ထွက်လာတာ ၂ နှစ် ပြည့်သွားပါပြီ။

(လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ထွက်ခဲ့တဲ့ မီးအိမ်ရှင် သီချင်းကို ပြန်ဆိုတာ မဟုတ်ပါ။ ဆိုတေးက သူကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတာ ဖြစ်ပါတယ်)

သူ့ရဲ့မီးအိမ်ရှင်အကြောင်း ဒီနှစ် မတ်လထုတ် ဆယ်ကျော်သက်မဂ္ဂဇင်းမှာ ပြောထားကြတာက ဒီလိုပါ။

ဖူးငုံပရိသတ်များ အတွက် တင်ဆက်ပေးချင်တဲ့ သီချင်းလေးကတော့ မကြာသေးမီကမှ တစ်ကိုယ်တော် အခွေ ထွက်ရှိထားပြီး အွန်လိုင်း ပရိသတ်တွေရဲ့ အသည်းစွဲ မီးအိမ်ရှင် ဆိုတေးပါ။ ဒီကဏ္ဍလေးက မိမိ ကြိုက်နှစ်သက်တဲ့ သီချင်းကိုရော အဆိုရှင်ကိုပါ ဝေဖန် အကြံပြုနိုင်ပါ တယ်။ ဒီသီချင်းနဲ့ ပတ်သက်ပြီး သီချင်းချစ်သူ ဖူးငုံပရိသတ်တွေ အမြင်ကိုလည်း ခံစား ပေးပါဦး။

ကိုစိုး
မီးအိမ်ရှင် ဆိုတဲ့ သီချင်းလေးရဲ့ ခေါင်းစဉ်ကိုက တကယ့်ကို နက်နက်ရှိုင်းရှိုင်း အဓိပ္ပာယ်လေးနဲ့ပါ။ ဒီသီချင်းကို အရမ်း ကြိုက်မိပါတယ်။ ဆိုတေးရဲ့အသံနဲ့လည်း သိပ်လိုက်ဖက်ပါတယ်။ သီချင်းလေးက ခံစားချက် ရှိသူတိုင်း ကြည်နူး စေသလို ခံစားရတယ်။ အသံကလည်း သနားစရာ ကောင်းတယ်။ ဆွဲဆောင်မှုလည်း ရှိတယ်။ သူအသံက ခံစားချက်ရှိတဲ့ သီချင်းလေးတွေနဲ့ ပိုပြီး လိုက်ဖက်မယ် ထင်ပါတယ်။ နောက်ထပ် ဒီလို ခံစားချက် ရှိတဲ့ သီချင်းလေးတွေကို အမြဲ နားထောင်ချင် ပါတယ်။ ကြိုးစား ပေးပါလို့လည်း တောင်းဆိုပါတယ်။ အမြဲတမ်း အားပေးသွားမှာပါ။ ထွန်းလင်း တောက်ပတဲ့ ကြယ်တစ်ပွင့် ဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒီကဏ္ဍလေးကို တင်ဆက်ပေးတဲ့ ဖူးငုံ ပရိသတ်ကိုလည်း အရမ်းပဲ ကျေးဇူးတင်ပါတယ်။

ဆမေ၀န်း

မီးအိမ်ရှင် သီချင်းလေးက Title ကိုက ထူးခြား နေတာပါ။ ဒီသီချင်းလေးကို အွန်လိုင်းမှာ နားထောင်မိကတည်းက သီချင်း Title လေးနဲ့ သီချင်း စာသားလေးက အရမ်းလိုက်ဖက်တယ်လို့ ခံစားမိတယ်။ သီချင်း စာသားထဲမှာ ဆိုရင် ဒီမှာ ငါ့တစ်ယောက်တည်း အဖော်မဲ့ လွမ်းနေခဲ့တယ်...ညနက်ထဲ အဲဒါကို ကြိုက်တယ်။ အခုထိလည်း တစ်ယောက်တည်း လွမ်းနေတဲ့ အချိန်တိုင်းမှာ ဒီသီချင်းလေးကို အမြဲ နားထောင်နေမိတယ်။ ဆိုတေးရဲ့ နောက်ထပ် သီချင်းကောင်းများစွာကိုလည်း ဆက်လက် အားပေး သွားမှာပါ။

မေသဲ

မီးအိမ်ရှင် သီချင်းလေးကို အရမ်းကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ နားထောင်လိုက်ရင် ရင်ထဲကို အေးသွားတယ်။ ခံစားချက် တစ်ခုပေါ်လာသလိုပဲ။ အသံအနိမ့်အမြင့်လေးတွေ နေရာကိုလည်း ကြိုက်တယ်။ ဒီသီချင်းကို နားထောင်လိုက်လို့ ရှိရင် တစ်စုံတစ်ယောက်က အားပေးသလိုပဲ ခံစားရတယ်။ ယောက်ျားလေး ဘက်ကနေ မိန်းကလေး တစ်ယောက်ကို တင်စားထားတဲ့ သီချင်းလေးဆိုတော့ အရမ်းကို ကြိုက်တယ်။ အဲဒီသီချင်းကို အမြဲတမ်းလိုလို တစိမ့်စိမ့်နဲ့ နားထောင် နေချင်တယ်။ ဆိုတေးကိုလည်း ကြိုက်ပါတယ်။ ပြီးတော့ ဆိုတေးကို တစ်ခု အကြံပြုချင်တာက အမြဲတမ်း အဲလို သီချင်းမျိုးတွေကိုပဲ ဆိုပေးပါလို့ တောင်းဆို ချင်ပါတယ်။

ဖူးငုံ စာရှုသူများ အတွက် ဒီလမှာတော့ ဆိုတေးရဲ့ မီးအိမ်ရှင် အချစ် သီချင်းလေး တစ်ပုဒ်အပေါ် ခံစားသူတို့ အမြင် ကဏ္ဍလေးက ခံစားချက်၊ ခံစားသူတို့ရဲ့ ရင်တွင်း ခံစားချက် အမှန်တွေကို ဖတ်ရပြီးပြီမို့ ကျေနပ် လိမ့်မယ်လို့ ထင်ပါတယ်။ ဒီကဏ္ဍလေးကို နောက်လတွေမှာ ဒီထက်မက ကောင်းမွန်အောင် ကြိုးစား တင်ဆက်ပေးဦးလို့ ပြောရင်း နှုတ်ခွန်း ဆက်လိုက်ပါတယ်။

ခြူးဟန်ကျော် (Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)


ဒါကတော့ youtube မှာတွေ့ရတဲ့ ဆိုတေးရဲ့ မီးအိမ်ရှင် ဖြစ်ပါတယ်။


~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved