တယ်လီဖုန်း ကက်ဆက်

Sunday, September 9, 2012

~





မကြာသေးခင်က ဘဲကလော် ဒုက္ခသည်စခန်း သွားတော့ လိုင်းကားထဲမှာ ဆယ်ကျော်သက်ကောင်လေးတယောက်က သူ့လက်ကိုင်ဖုန်းထဲသီချင်းတွေ ကျယ်ကျယ်ဖွင့်ပြီး လိုက်လာတယ်။
သူ့မေမေကတော့ ပြောပါသေးတယ် - "တခြားလူတွေ နားညည်းလိမ့်မယ်" တဲ့။
ခရီးသည်တွေကတော့ ဘယ်သူမှ မကန့်ကွက်ပါဘူး၊ ကားစက်သံက သီချင်းသံထက် ပိုကျယ်သလိုပဲလေ။

အဆိုတော် ဘယ်သူလဲ သိချင်တာကြောင့် ကောင်လေးကို မေးကြည့်တော့ 'ဆိုတေး' လို့ ပြောတယ်။
သူကတော့ ဆိုတေးရဲ့ သီချင်းများကို တော်တော်နှစ်သက်ပုံပဲ။ တပုဒ်ပြီးတပုဒ် ထွက်လာသမျှသီချင်းတွေက ဆိုတေးရဲ့ အသံတွေချည်းပါပဲ။
တယောက်ယောက်က ဖုန်းခေါ်တဲ့အခါ ပြန်ဖြေချိန်ကလွဲလို့ သူ့တယ်လီဖုန်းကို ကက်ဆက်လိုပဲ ကျယ်ကျယ်ဖွင့်လာပါတယ်။
ဘဲကလော် မနက်ဈေးဂိတ်မှာ ကျနော်ဆင်းချိန်အထိ ဆိုတေးက ကားထဲမှာ သီချင်းဆိုပြီး ကျန်ခဲ့တယ်။

xxx

ဘဲကလော်ကနေ မဲဆောက်မြို့ကိုအပြန်မှာလည်း လက်ကိုင်ဖုန်းနဲ့ သီချင်းကျယ်ကျယ်ဖွင့်သူတယောက် ပါလာတယ်။
သူက မူဆလင်အမျိုးသမီး၊ အသက် ၆၀ ၀န်းကျင်။
တနာရီကြာခရီးမှာ သူလည်း သီချင်းတွေဖွင့်လာတာ ဆက်တိုက်ပါပဲ။
ပထမဆုံး ထွက်လာတဲ့သီချင်းက မာမာအေးသီချင်း။ ဒီအရွယ်က မာမာအေးပရိသတ်ဖြစ်နေတာ မထူးဆန်းပါဘူးပေါ့ ဆိုပြီး တွေးမိလိုက်တယ်။ သို့သော်လည်း ထပ်ထွက်လာတာတွေက ဇော်ပိုင်၊ ခင်မောင်တိုး၊ ထွန်းအိန္ဒြာဗိုတို့ရဲ့သီချင်းတွေ ဖြစ်နေတယ်။
သူ့ကက်ဆက်ကလည်း မြန်မာနိုင်ငံဂီတအစည်းအရုံးလို အလွှာစုံပါနေတယ်။
ကားစက်သံညံနေတဲ့ကြားထဲ ဖုန်းနဲ့ သီချင်းကျယ်ကျယ်ဖွင့်ကြတာ တပါးသူကို နားထောင်စေချင်တဲ့သဘောပေါ့။
လက်ကိုင်ဖုန်းပေါတဲ့ ဒီအရပ်မှာတော့ ဒီယဉ်ကျေးမှုကို အရွယ်မျိုးစုံနှစ်သက်ကြဟန်တူပါတယ်။

ဆက်သွယ်ရေးပစ္စည်းလက်ကိုင်ဖုန်းကို ၀ယ်ကြတဲ့အခါ သီချင်းထည့်လို့ရ၊ အသံကျယ်ကျယ်ဖွင့်လို့ရတဲ့ဖုန်းတွေက ဒီဒေသမှာ ပိုပြီး အရောင်းသွက်မယ့်ပုံပါပဲ။

xxx


မဲဆောက်မြို့တဘက်ကမ်း မြ၀တီမြို့မှာလည်း လက်ကိုင်ဖုန်းနဲ့ သီချင်းကျယ်ကျယ်ဖွင့်တာ ကြုံရပါတယ်။

လိပ်ပြာလင်းမြိုင်ရွာက နယ်ခြားစောင့်တပ်သား တယောက်က သူ့ဖုန်းကို ကက်ဆက်လို သုံးနေတာ တွေ့ခဲ့ရတယ်။
ကျယ်ကျယ်ဖွင့်ထားတဲ့ သီချင်းက စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်း ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ရဲ့အသံ အဆုံး ထွက်လာတာကတော့ ညီမလေးလိုလည်း ချစ်ပါတယ်၊ ချစ်သူလိုလည်း ချစ်ပါတယ် ဆိုတဲ့သီချင်းပါပဲ။

တယ်လီဖုန်းမှာ ပုံထွက်ကောင်းတဲ့ကင်မရာ ပါရင် လူကြိုက်များမယ်လို့ သိထားတာ မဲဆောက်ဒေသရောက်မှပဲ သီချင်းများများ သိမ်းထားလို့ရ၊ ကျယ်ကျယ်ဖွင့်လို့ရတဲ့ တယ်လီဖုန်းလည်း လူကြိုက်များ၊ အလုပ်ဖြစ်နေမှန်း သိရပါတော့တယ်။
xxx




~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved