ဝါးရုံစွန်းမှ လူပွဲစား ပြဿနာ

Monday, September 10, 2012





မိုင်အဲမလီ

တဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဘန်ကောက်မြို့ကြီးမှာအလုပ်အကိုင်ရမယ်ဆိုပြီး၂၀၁၂ ဇွန်လ ၂၁ ရက်နေ့ က မြ၀တီ ကို ပါသွားတဲ့ လှည်းကူးမြို့နယ် ၀ါးရုံစွန်းကျေးရွာက ရွာသား ၁၁ ဦးထဲမှာ ၆ ဦး ပြန်ရောက်လာ ပါတယ်။

ဒေါ်သန်းမော်ဆိုတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသမီးကြီးက သူတို့ကိုခေါ်သွားတာပါတဲ့။ ဒေါ်သန်းမော်ဟာ ၀ါးရုံစွန်း ဇာတိဖြစ်ပေမယ့် ပဲခူးနဲ့ မြ၀တီမြို့တွေမှာလှည့်လည်နေတယ်လို့ သိရပါတယ်။


သူတို့ကို ဘန်ကောက်အထိ အရောက်ပို့ပေးမယ်၊ သူ့ကိုတော့ ၃ သိန်းစီ အကျိုးဆောင်ခ ပေးရမယ်လို့ဆို တာကြောင့် တယောက်ကို ၃ သိန်း နှုန်းနဲ့ ၁၁ ယောက်ဆိုတော့ ၃၃ သိန်းကို မြ၀တီရောက်တဲ့ နေ့မှာဘဲ ချက်ချင်းပေးလိုက်တယ်လို့ ပြန်ရောက်လာတဲ့ ရွာသား ကိုနိုင်ဦး ၊ ကိုစိုးခိုင် ၊ ကိုသန်းဇော် တို့ကပြောပြပါတယ်။




သူနဲ့ အတူပါသွားတဲ့ လူတွေထဲမှာ အမျိုးသမီး ၂ဦးလည်းပါပါတယ်။ မှတ်ပုံတင် လုပ်ဖို့ အသက်မပြည့်သေးတဲ့ လူငယ် လေး ၂ ဦးတောင် ပါပါသေးတယ်။ မြ၀တီမှာ အနည်းဆုံး ၁၅ ရက်ဘဲကြာမယ်၊ ယာယီ နိုင်ငံကူးလက်မှတ် ရတာနဲ့ ဘန်ကောက်ကို သွားရမယ်လို့ ရွာက မထွက်လာခင်တည်းက ပြောပြထားပေ မယ့် မြ၀တီရောက် တာနဲ့ ဒေါ်သန်းမော် တယောက် ပြန်ပေါ်မလာတော့ပါဘူး။

သူတို့ကိုတော့ ၂ ထပ်အိမ်တအိမ်မှာ ထားခဲ့တယ် လို့ ဆိုပါတယ်။ ဘန်ကောက်က နေလာခေါ်မယ့် ပွဲစားကို မလာ မချင်း စောင့်နေကြလို့ လည်းမှာသွားခဲ့ပါတယ်တဲ့။ သူတို့နေရတဲ့ နေရာက ဟေမာန်ဦး ကျောင်း နဲ့ နီးတယ်လို့ လည်း ပြောကြပါ တယ်။



ဇူလိုင်လ ထဲရောက်တော့ သူတို့မှာ ပါလာတဲ့ ငွေတို ငွေစတွေလည်း ကုန်သလောက်ဖြစ် သွားပါပြီ ၊ ဒေါ်သန်းမော်ကိုလည်း ဖုန်းဆက်လို့မရ ၊ ပွဲစားလည်း မလာသေးတာနဲ့ အနေဆင်းရဲ အစားဆင်းရဲနဲ့ အလိမ်ခံရပြီဆိုတာ သိလို့ အဲဒီထဲက ၆ ယောက် ဟာ ရွာကိုပြန်ပြေးလာပါတယ်။

ရွာလည်းရောက်ရော ဒေါ်သန်းမော်ရဲ့ မိခင် ဒေါ်ကြည်ညွန့်က ပြန်လာရ ကောင်းလား ဆိုပြီးကြိမ်း လား မောင်း လားလုပ်လာပါတယ်။ ပြန်လာတဲ့ ရွာသား ၆ ဦးဟာ သူတို့ကို လိမ်ညာပြီးငွေ ၃ သိန်းယူသွားတဲ့ ဒေါ်သန်းမော် ကိုတရားစွဲဖို့ ဒါးပိန် ရဲစခန်းကို တိုင်တန်းခဲ့ပေမယ့် ရဲစခန်းက ဒီအမှုဟာ အကုန်အကျများမယ့် အမှုဖြစ် တာကြောင့် မြ၀တီမှာဘဲ သွားဖွင့်ဖို့ လမ်းညွန်လိုက်ပါတယ်။


လှည်းကူး ရဲစခန်းကလည်း လိုက်သွားတဲ့ ၁၁ ဦးလုံးစုံမှ တရားစွဲလို့ ရမယ်။ လူမစုံရင် တရားစွဲလို့ မရဘူးလို့ ပြော ဆို ကြောင်း ရွာသားတွေကရှင်းပြပါတယ်။

ဒီကိစ္စဟာ လူကုန်ကူးမှုနဲ့ တိုက်ရိုက်ပတ်သတ်နေလား ၊သွယ်ဝိုက်ပြီး ဆက်နွယ်နေသလား ဆိုတာကတော့ ရဲစခန်းက ပိုပြီးသိမှာပါ။


ဘယ်လိုအကြောင်းနဲ့ဘဲ ဖြစ်ဖြစ် ဒီကိစ္စကို ကူညီဖြေရှင်းပေးမယ့်သူ မရှိဘဲ ဒီအတိုင်းသာ ဆက်ထားမယ် ဆိုရင်တော့ ငွေ ၃ သိန်းလည်းဆုံး ၊ အကြွေးတွေလည်းတင်နေတဲ့ လယ်သမားအတွက် စိတ်မကောင်းစရာတော့ အမှန်ပါဘဲ။ ကျန်ခဲ့တဲ့ ၅ ဦး ကို တော့ အခုထိ ဘာသတင်းမှ မကြားရသေးပါဘူး။


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved