ငြိဏ်းဝေ နောက်တအုပ် ထွက်ပြီ

Monday, October 1, 2012

~

ရွက်စိမ်း ~

 
 ကဗျာပုံစံအသစ်တွေရေးလေ့ရှိတဲ့ ငြိဏ်းဝေက ကဗျာစာအုပ်သစ်တအုပ် ထုတ်လိုက်ပါပြီ။ စာအုပ်အမည်က "အနမတဂ္ဂ" ဖြစ်ပါတယ်။

စာအုပ်မိတ်ဆက်ပွဲကို သောကြာနေ့က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း House of Media & Entertainment (Home) မှာ ပြလုပ်ခဲ့တာပါ။

“ဒီနေ့ပွဲလေးက အားလုံး လွတ်လွတ်လပ်လပ်နဲ့ ကဗျာတွေ ဖတ်ကြ၊ ကဗျာနဲ့ ပတ်သက်ပြီး မေးစရာရှိတာတွေကို ပွင့်ပွင့်လင်းလင်း မေးနိုင်အောင်လုပ်တာပါ” လို့ ကဗျာဆရာငြိဏ်းဝေကပြောပါတယ်။

  
 တက်ရောက်လာတဲ့ ကဗျာဆရာတွေက ဆရာငြိဏ်းဝေရဲ့ ကဗျာတွေကို ရွတ်ဖတ်ခဲ့ကြပါတယ်။ အခမ်းအနားအစမှာ တစ်မိနစ် ငြိမ်သက်ပြီး ကမ္ဘာပေါ်ရှိ ကဗျာဆရာများအတွက် ဆုတောင်းမှု ပြုလုပ်ကြပါသေးတယ်။

"အနမတဂ္ဂ"မှာ ပါဝင်တဲ့ ကဗျာအမျိုးအစားတွေကတော့ ကွန်ဆက်ချူရယ် နဲ့ ပို့(စ်)ကွန်ဆက်ချူရယ် တို့ပါပဲ။

အခမ်းအနားကို တက်ရောက်လာတဲ့ကဗျာဆရာ သစ္စာနီက “ကိုငြိဏ်းဝေရဲ့ ကဗျာတွေကို အခုထိ ခံစား နားလည်ဖို့ ကြိုးစားနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကဗျာပုံစံအသစ်ကို ကြိုဆိုပါတယ်။” လို့ပြောပါတယ်။
 
 မော်ဒန်၊ ပို့စ်မော်ဒန်ကဗျာတွေနောက်ပိုင်း ယနေ့ခေတ် လူငယ်ကဗျာဆရာတွေက LPလို ကဗျာ အမျိုးအစားတွေအပြင် ကဗျာပုံစံအသစ်တွေကို ပိုပြီး ရေးလာကြပါပြီ။

လူငယ်ကဗျာဆရာတွေရဲ့ ကဗျာပုံစံတွေနဲ့ပတ်သက်ပြီး “အခုခေတ် လူငယ်တွေရေးတဲ့ကဗျာက ကျွန်တော်တို့ရေးတဲ့ကဗျာတွေနဲ့မတူတော့ဘူး၊ ဖေ့စ်ဘွက်ခ်ပေါ်မှာလည်း ရေးနေကြပါတယ်။ တစ်ချို့ရေးတဲ့ပုံစံက တစ်ကြောင်းနဲ့တစ်ကြောင်း အဆက်အစပ်မရှိသလိုမျိုးဖြစ်နေတယ်၊ ကဗျာဖတ်သူအတွက်တော့ ဆွဲဆောင်မှုမရှိဘူးပေါ့” လို့ကဗျာဆရာမောင်ပြည့်မင်းက သုံးသပ်ပြောဆိုပါတယ်။


ငြိဏ်းဝေရဲ့ စာအုပ်များ
စာသင်ခန်းဗေဒ (၁၉၉၉)
စကားလုံးများနဲ့သစ်ပင် (၂၀၀၄)
ကွန်ဆက်ချူရယ်ကဗျာဗေဒ နဲ့ ခေတ်ပြိုင်ကဗျာဆရာ (၂၀၀၉)
ဂဃနဏ (၂၀၁၀)
အနမတဂ္ဂ (၂၀၁၂)
 
 ကဗျာဆရာငြိဏ်းဝေရဲ့ စာအုပ်မိတ်ဆက်ပွဲကို ထွန်းဝေမြင့်၊ ဇေယျာလင်း၊ စုမိအောင်၊ လူဆန်း၊ သော်ဇင်အုန်း၊ အောင်ရင်ငြိမ်း အစရှိတဲ့ ကဗျာဆရာတွေလည်း တက်ရောက်ခဲ့ကြတာ တွေ့ရပါတယ်။

ငြိဏ်းဝေ

ကဗျာဆရာ ငြိဏ်းဝေ (ကိုမောင်မောင်သိန်း) က ကျူရှင်ဆရာတဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။

ငြိမ်းဝေ

ဆရာငြိဏ်းဝေ နဲ့  အမည်တူ စာလုံးပေါင်းကွဲတဲ့ ကဗျာဆရာကတော့ ငြိမ်းဝေ ဖြစ်ပါတယ်။  ဆရာငြိမ်းဝေက ပြည်ပမှာ အနှစ် ၂၀ ကျော် သွားရောက်နေထိုင်ခဲ့ပြီး မကြာသေးခင်က မြန်မာပြည်တွင်း ပြန်လည်ဝင်ရောက်ခဲ့သူပါ။ RFA ရေဒီယိုကနေ သူ့ရဲ့ ကဗျာခံစားချက်ဆိုင်ရာ ဆောင်းပါးများစွာ ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
                                               









-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved