တိုရစ်ဇင် တိုးတက်ရေး ၂၀၁၃ မှာ ကွန်ဖရင့် လုပ်မယ်

Friday, October 5, 2012




မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ်အဖြစ် ခရီးသွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ (၂၀၁၃) အတွက် ကျင်းပဖို့ စင်ကာပူနိုင်ငံက Sphere Conferences နဲ့ မြန်မာ့ဟော်တယ်နှင့် ခရီးသွားလုပ်ငန်းတို့ နားလည်မှု စာချွန်လွှာကို အောက်တိုဘာလ ၂ ရက်နေ့ ကပဲ ရန်ကုန်မြို့မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 

မြန်မာ့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်တခုအတွက် အခုလို ပူးပေါင်းဆောင် ရွက်ဖို့ နား လည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးတာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထား ပါတယ်။ 

ဒီကွန်ဖရင့်ကို လာမယ့် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ ရှိပါတယ်။ 

 မြန်မာနိုင်ငံအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများဟာ Demand တွေ များလာပေမယ့် အခုထိတော့ Supply အား အလွန်နည်းနေသေးပါတယ်။ 

 သေချာတာကတော့ အရင်ကနဲ့ မတူတော့တဲ့ မြန်မာနိုင်ငံဟာ အပေါ်ယံဖြစ်ဖြစ်၊ တကယ် စိတ်ရင်း
စေတနာနဲ့ဖြစ်ဖြစ် ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာပြီးနောက်ပိုင်း ရေခံမြေခံကောင်းတွေရှိတဲ့အတွက် အိမ်နီးချင်းနိုင်ငံများကသာ မက နိုင်ငံတကာကပါ စိတ်ဝင်စားမှုတွေ ပိုလာနေတာ အမှန်ပါဘဲ။ 

ဒီလို စိတ်ဝင်စားမှုတွေနဲ့ ဆက်စပ်ပြီး မြန်မာ့ရေမြေ၊ တောတောင်၊ ယဉ်ကျေးမှု၊ လူမှုဘ၀၊ နိုင်ငံရေး၊ စီးပွားရေး စသည့် ပြောင်းလဲမှု စသဖြင့် သူ့ကဏ္ဍနဲ့ သူ နိုင်ငံတကာက အနီးကပ်လာရောက်ကြည့်ချင်၊ သိချင်၊ မြင်ချင်နေကြတာပါ။ 

အခုလို တံခါးပွင့်ခါစ မြန်မာနိုင်ငံဟာ အပျိုမလေးတဦးလို ဖြစ်နေပြီး အထူးသဖြင့် နိုင်ငံခြားခရီးသွား လုပ်ငန်းဟာ အလျှင် အမြန်ကြီးထွားလာမယ့် လက္ခဏာ ရှိနေတာပါ။ 

မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ လက္ခဏာကတော့ ကမ္ဘာ့ရာသီဥတု ၃ ခုစပ်နေတဲ့ သဘောရှိပါတယ်။

ဟိုး မြန်မာပြည်မြောက် ဖျားဘက်မှာ ရေခဲတောင်တွေ၊ နှင်းတွေနဲ့ ကမ္ဘာ့အနောက်ခြမ်း၊ မြောက်ခြမ်းက ရာသီမျိုးရှိနေပြီး နှင်းလျှောစီးခြင်းတွေ နဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ပါတယ်။ 

မြန်မာပြည် အလယ်ပိုင်းကလည်း အီကွေတာ ရာသီဥတုလို ပူအိုက်ခြောက်သွေ့ ရပ်ဝန်းဖြစ်ပြီး အထူး သဖြင့် ၉ ရာစု ဟံလင်း၊ တကောင်း ပျူခေတ်ဟောင်းမြို့တွေနဲ့ ၁၁ ရာစု ပုဂံမြို့ဟောင်းတို့ဟာ အလွန် စွဲမက်ဖွယ်ကောင်းပါတယ်။ 

မြန်မာနိုင်ငံအောက်ဘက်ခြမ်း ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းတွေဟာ မိုးတဖွဲဖွဲနဲ့ လန်ဒန်လို ရာသီ မျိုးကို ပိုင်ဆိုင် ထားပါတယ်။ ဒါကြောင့် ကမ္ဘာတ၀န်းက ခရီးသွားတွေအတွက် သဘာဝက ပေးထားတဲ့ ဒုတိယ အိမ်အဖြစ် မြန်မာဟာ ဆွဲဆောင်မှု အားကောင်းစေတဲ့ အချက်တွေလည်းဖြစ်ပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ပတ်သက်ပြီး ဟော်တယ်၊ တည်းခိုရာတွေနဲ့ ပတ်သက်ပြီး လိုအပ်ချက်တွေ ရှိနေတာမို့ အဖက်ဖက်က ကြိုးစားဖြည့်ဆီးနေကြတာတွေလည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေတာပါ။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved