“သတင်းထောက်ရဲ့ စေတနာ၊ သတင်းထောက်ရဲ့ရပ်တည်ချက်”

Wednesday, October 3, 2012




~



 
 

ရန်ဖြစ်ရင် လက်မပါဘူး၊ လည်ချောင်းကြောတွေ ထောင်နေအောင် အော်တယ်။
ဒီမိုကရေစီကျကျ နေတတ် ထိုင်တတ်သွားတယ်။ 

ကိုညို ~


 “ခင်ဗျား သတင်းထောက်ဆောင်းပါးကလည်း တပုဒ်နဲ့တပုဒ်စောင့်ဖတ်ရတာ ဘုရားတဆူ၊ တဆူပွင့်လောက်တယ်” လို့ လုပ်ဖော်ကိုင်ဘက်တယောက်က ကောင်းကင်မဂ္ဂဇင်းက ဖော်ပြနေကျ၊  ကျနော်ရေဒီယိုသတင်းထောက် လို့ နာမည်ပေးထားတဲ့ အခန်းဆက်ရေးနေတဲ့ ကျနော့်စာမူ အရမ်းကြာလွန်းလို့ ဝေဖန်တယ်။

ကျနော်ကလည်း သတင်းထောက်သာဖြစ်တယ်၊ စာရေး အင်မတန်ပျင်းတဲ့ ခပ်ညံ့ညံ့ သတင်းထောက်။ စာဖတ်ရတာ မပျင်းပေမဲ့စာရေးပျင်းလို့ သူ့အချိန်အခါ၊ ရာသီဂွင်နဲ့အညီ ရေးရမဲ့သတင်းဆောင်းပါးတွေ၊ ဟိုစဉ်းစား၊ ဒီစဉ်းစားအချိန်တွေဆွဲပြီး ဘာတပုဒ်မှဖြစ်မလာတာတွေ အများကြီး။

သတင်းဆောင်းပါးဟာ၊ သင့်တော်တဲ့အချိန်အခါကျတဲ့ အခါမျိုးရေးမှ တန်ဘိုးပိုရှိတယ်။ ဖြစ်ပျက်မှုတွေက၊ လက်ရှိကာလနဲ့ရော၊ အချိန်အခါရော၊ တိုက်ဆိုင်မှုတွေရှိပေမဲ့၊ ဒီထက်ကောင်းတဲ့ အချက်အလက်ရဘို့၊ ပြည့်စုံဘို့၊ ဆိုတဲ့ စေတနာလွန်ပြီး ရေးသင့်ရေးထိုက်တဲ့အချိန်မှာမရေးမိရင် အလကားပဲ။
ကိုယ်ကပြည့်စုံအောင်ရေးဖို့ အင်တာဗျူးတွေ၊ အချက်အလက်တွေရှာနေတုံး၊ သူများကရတဲ့အချက်အလက်နဲ့ဖြစ်အောင် ရေးသွားလို့ ကိုယ်ကနောက်ကောက်ကျပြီး မရေးဖြစ်ခဲ့တာတွေက အများကြီး။
ဒါကြောင့် သတင်းသမားဟာ အချိန်အခါကို လက်ဦးမှုယူရေးနိုင်ရင် အကောင်းဆုံးဘဲ။ ကိုယ့်ဖာသာမှတ်စုထုတ်ပြီး သုသေသန၊ လုပ်ထားသင့်တာ၊ စုဆောင်းရှာဖွေသင့်တာ၊ အချက်အလက်တွေကို စာဖတ်ရင်းနဲ့ ကောက်ခြစ်မှတ်သားတတ်တဲ့အကျင့်ရှိအောင် လုပ်ခဲ့ရတယ်။

အရင်က အိန္ဒိယမှာနေခဲ့စဉ်အနှစ်(၂၀)အတွင်း (၁၀)နှစ်ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူ (Activist)အနေနဲ့၊ ပြီးတော့(၁၀)နှစ်က RFAသတင်းထောက်အဖြစ် ရပ်တည်ခဲ့တာပါ။  အဲဒီတုံးက ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံနဲ့ မှတ်သားမိတာတွေ၊ လက်လှမ်းမှီသလောက် အသေးစား သုသေသနလုပ်ခဲ့တာလေးတွေက အလကားတော့မဖြစ်ဘူး။
ဒီလိုအချက်အလက်တွေက စာရေးနေရင်း တိုက်ဆိုင်ရင် ဦးနှောက်မယ်မိုရီထဲ လာခလုတ်တိုက်တတ်ပါတယ်။ ဒီတော့ ရေးနေဘို့က အဓိကကျလာပါတယ်။

ကျနော်တို့အများစုဟာ စာကိုလက်နဲ့ရေးတာထက် ပါးစပ်ကပြောတာ ပိုသန်နေတတ်တယ်။ ကျနော်က ရေဒီယိုသတင်းနဲ့ဆောင်းပါးလောက်ပဲရေးနေကျ ဆိုတော့၊ ပုံနှိပ်မီဒီယာအတွက် စာကိုရေးဘို့တွန့်နေတယ်။ မကြာခနစိတ်ကူးလေးရလာရင်.. ကောင်းကင်မဂ္ဂဇင်းရဲ့ အယ်ဒီတာ ပန်းချီထိန်လင်းကို ပါးစပ်နဲ့ရေးရေးပြလွန်းလို့ “လက်ကပဲ ချရေးလိုက်စမ်းပါ၊ ခင်ဗျားအခုပြောနေတာတွေ၊ အခုချက်ချင်း ကောက်ရေးလိုက်”  လို့ ခဏခဏ တိုက်တွန်းတယ်။

ကျနော့်မှာလည်း အဆုံးမသပ်နိုင်တဲ့ တ၀က်တပျက်နဲ့စာတွေက အများကြီး။ လွန်ခဲ့တဲ့၎နှစ်ကျော်ကတည်းက နော်ဝေးနိုင်ငံမှာအခြေချလာခဲ့တဲ့ နောက်ပိုင်း၊ အရင်လို၊ စာရေးတဲ့၊ သတင်းရေးတဲ့အလုပ်နဲ့ရတဲ့ဝင်ငွေနဲ့ ရပ်တည်နိုင်တာ မဟုတ်ဘဲ အချိန်တော်တော်များများကို မိသားစုရပ်တည်ရေးနဲ့ဝမ်းရေးအတွက် ပေးလိုက်ရတယ်။
ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ ဘယ်လိုမှမဆက်စပ်တဲ့အလုပ်တွေ လုပ်နေရတယ်။ စာရေးဘို့အချိန်ကို လုနေရတော့တယ်။
ရေဒီယိုအတွက် အပတ်စဉ်ဆောင်းပါးအပြင်၊ တပတ်ကိုဆောင်းပါးတပုဒ် မဖြစ်ဖြစ်အောင် ရေးရမယ်လို့ ချထားတဲ့ ဆုံးဖြတ်ချက်ကို စာရေးပျင်းတဲ့စိတ်က တခါတခါ မင်းမူနေရာဝင်ယူသေးတယ်။ အဲဒီတော့ ပြည်ပရောက်ဘ၀တူတွေ ဘာကြောင့်ပါးစပ်နဲ့စာရေးတာ ပိုသန်သလဲဆိုတာ သဘောပေါက်လာတယ်။
…………………….

တလောကကိုမိုးသီးတို့အမေရိကားအဖွဲ့တွေ ပြည်တော်ပြန်တော့ အထဲက ၀မ်းသာစွာနဲ့ကြိုဆိုသူ လုပ်ဖော်ကိုင်ဘက်အဟောင်းတွေ ရှိသလို၊ မကြိုဆိုနိုင်တဲ့ ရဲဘော်ဟောင်းတွေလည်း ရှိတယ်။ ကိုမိုးသီးတို့ပြည်တော်ပြန်သတင်းကို၊ စိတ်သဘောထား ရိုးရိုးရှင်းရှင်းနဲ့ မေးမြန်းရေးကြတာရှိသလို၊ စိတ်အခံမကောင်းဘဲ (ငါတော့ဒီတချက်တော့ ကစ်လိုက်အုံးမှ၊ ထဲ့လိုက်အုံးမှဆိုပြီး) နှိပ်ကွပ်လိုတဲ့စိတ်နဲ့ ရေးကြတဲ့စာတွေ၊ အင်တာဗျူးတွေ၊ ဆောင်းပါးတွေ ဖတ်ရတယ်။
သတင်းဆောင်းပါးဖြစ်ဖြစ်၊ အင်တာဗျူးဖြစ်ဖြစ်၊ စာတပုဒ်ကို သေချာဖတ်ရင် စာရေးသူရဲ့စိတ်စေတနာနဲ့ စိတ်အခံကို ခန့်မှန်းလို့ရပါတယ်။ မိမိရဲ့တည်းဖြတ်မှု၊ အသားပေးဖော်ပြလိုတဲ့အချက်၊ ခတ်မှိန်မှိန်ဖြစ်လိုတဲ့အချက်တွေ အားလုံးဟာ မိမိရဲ့စိတ်ပေါ်အခြေခံနေလို့ပါ။
ကိုယ့်အခံစိတ်က စေတနာပါရင် စာကဖတ်ကောင်းတယ်၊ စေတနာမဲ့ရင် ဖတ်မကောင်းဘူး။ နားထောင်မကောင်းဘူး၊ ကြည့်မကောင်းဘူး။ အရေးကြီးတာ ကိုယ်ကစိတ်အခံကောင်းလေးနဲ့ စေတနာ ထည့်ရေးဘို့ပဲ။ စေတနာမပါရင် တဘက်သားကို စော်ကားသလိုလည်းဖြစ်တယ်။

တခါတုံးက ပြည်သူကချစ်ခင်လေးစားတဲ့၊ ပြည်ပမှာနေထိုင်တဲ့ အနုပညာသမားတယောက်ကို အင်တာဗျူးတဲ့ရုပ်သံလွှင့်တခု ကြည့်ရတယ်။ အဲဒီအနုပညာသမားဟာ တချိန်က ဗမာပြည်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးခဲ့တယ်။ ပြည်သူချစ်တဲ့ အနုပညာသမားပါ။ အဲဒီအနုပညာရှင်က စကားပြောရင်(ဗမာပြည်နဲ့ နှစ်အတန်ကြာ ခွဲနေရလို့ ထင်တယ်) စကားလုံး ရွေးချယ်ပြောရာမှာ အခက်အခဲ ရှိနေတာတွေ့ရတယ်၊ သူ့နေရာနဲ့သူ စကားအသုံးအနှုံး ဆီလျော်အောင် မပြောနိုင်ရှာဘူး။
ပြီးတော့ အနောက်တိုင်းဟန်အတိုင်း၊ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးရှိတယ်၊ အင်တာဗျူးတဲ့အမျိုးသမီးနဲ့လည်း စကားပြောတာ ရဲရဲတင်းတင်းရှိတယ်။ ကဲ ထားပါတော့.. အဲဒီအင်တာဗျူးက သေချာတည်းဖြတ်တာ မလုပ်တော့ ပြည်သူချစ်တဲ့ အနုပညာရှင်ကြီးခင်ဗျာ..ပေါကြောင်ကြောင် အမူအရာတွေနဲ့ ခတ်ပေါ့ပေါ့စကားတွေ ပြောနေသလိုပဲ။

အမှန်တော့ တည်းဖြတ်သူစေတနာမှန်ရင် အဲဒီအဆိုတော်ပြောတဲ့၊ နားထောင်ရတာ သိတ်အဆင်မပြေတဲ့ စကားလုံးတွေ အမူအရာနဲ့ လှုပ်ရှားမှုတွေကို ဂရုစိုက် တည်းဖြတ်ရင် အတော်လေး ကောင်းလာမဲ့ သဘော ရှိတယ်။ အမှန်တော့ ပြည်သူကလေးစားတဲ့ ပုဂ္ဂိုလ်တို့ အနုပညာရှင်တို့၊ နိုင်ငံရေးသမားတို့နဲ့ အင်တာဗျူးရင် သတိထားနိုင်လေ ကောင်းလေပဲ။
ကိုယ်ရဲ့ စိတ်အမြင်အခံမကောင်းရင်ဖြစ်စေ၊ သာမန်အတိုင်း ခပ်ပေါ့ပေါ့သဘောထားပြီး တည်းဖြတ်မယ်ဆိုရင်၊ ဒါမှမဟုတ် တွန်းချလိုတဲ့စိတ်ရှိရင်.. အဲဒီအင်တာဗျူးဟာ ပွန်းပဲ့ ချို့ယွင်းသွားတာပဲ။

ဒါကြောင့် သတင်းထောက်ဟာ စေတနာထည့်ပြီး အလုပ်လုပ်တာ ကောင်းတယ်။ အတို့အထောင် အင်တာဗျူးတို့၊ တဖက်သားကိုဂျောက်ကျအောင် တွန်းချင်တဲ့ မရိုးသားစိတ်နဲ့လုပ်တဲ့ အင်တာဗျူးတွေလုပ်တာလည်း ရှိနေတာပဲ။ အဲဒီလိုင်းကသပ်သပ်။ ကျနော်ပြောချင်တဲ့ အပြုနိုင်ငံရေးလမ်းကြောင်း အပြင်ကလုပ်နည်း လုပ်ဟန်တွေမို့ အဲဒါတွေ ကျနော် မဆိုလိုဘူး။

စာရေးသူတိုင်းက တချိန်လုံးသူရေးနေတဲ့ အကြောင်းအချက်တခုမှာ စေတနာပါချင်မှပါမယ၊်မပါရင်လည်း မပါဘူး။ ကိုယ့်ယုံကြည်ချက်တို့ ရပ်တည်ချက်တို့ ပေါ်မှာလည်း မူတည်တယ်။ ကိုယ်က ဘယ်ဘက်မှာရပ်သလဲဆိုတာ အရေးကြီးမယ် ထင်တယ်။ ကိုယ်ရပ်တဲ့ဘက်က အမှန်တရားလည်းဖြစ်မယ်၊ အများပြည်သူဘက်လည်းဖြစ်မယ်ဆို ဟုတ်သွားမှာပဲ။
စာဖတ်သူက သူ့စာတွေကို တလေးတစား ဖတ်မယ်။ ဒါကရှင်းတယ်။

ဘာကြောင့် စစ်အာဏာရှင်ခေတ် တလျှောက်လုံး အစိုးရသတင်းစာတွေမှာရေးနေတဲ့ သတင်းစာဆရာတွေ၊ ကလောင်သွား မထက်တာလဲ တွေးကြည့်ရင် သိတယ်။
ကျနော့်ကို ဟိုတုံးက ကျောင်းသားသမဂ္ဂခေါင်းဆောင်တယောက်လည်းဖြစ် ဘီဘီစီ၊ အာအက်ဖ်အေနဲ့ ခေတ်ပြိုင်သတင်းစာတို့မှာ သတင်းတွေ၊ ဆောင်းပါးတွေ အများကြီး ရေးခဲ့တဲ့ ဆရာဦးလှဖေ(တင့်ဇော်) သတိပေး ဆုံးမခဲ့တာလေး သွားသတိရတယ်။
 “ကိုညို … ဘယ်ခေတ်ရောက်ရောက်၊ သတင်းထောက်ဆိုတာ ဒီမိုကရေစီဘက်မှာပဲ ရပ်ရတယ်၊ ကိုယ်ယုံကြည်တာက ကွန်မြူနစ်ဝါဒဖြစ်ဖြစ်၊ ဆိုရှယ်လစ်ဝါဒဖြစ်ဖြစ်၊  သတင်းသမားက ဒီမိုကရေစီကို လက်ခံကျင့်သုံးရမယ်၊ အားပေးရတယ်။
အေး… ဒီမိုကရေစီဘက်မရပ်တဲ့ သတင်းသမားဟာဘယ်တော့မှ ကြာကြာမရှင်သန်ဘူး”

ဆရာ့စကားဟာ ကြာလေ.. အရောင်ထွက်လေပဲ။
ဒီကနေ့ ကျနော်တို့သတင်းလောကမှာ ကိုယ့်ကိုဝေဖန်ရင်၊ မခံမရပ်နိုင်ဖြစ်ပြီး တရားစွဲတာတို့၊ ပြန်လည်ခြိမ်းခြောက်တာတို့၊ မဆက်ဆံလိုတာ၊ မိတ်ဆွေလို သဘောမထားနိုင်တော့တာ၊ တချို့သတင်းဌာနတွေဆို အလုပ်က ရပ်စဲတာ၊ ထုတ်ပယ်တာအထိတောင် လုပ်တာကိုတွေ့ရတယ်။
ဒီမိုကရေစီဘက်တောင် မရပ်နိုင်တော့တာ တွေ့ရတယ်။ အံ့သြဘို့ကောင်းတာကဒီမိုကရေစီနိုင်ငံကြီးတွေမှာ အခြေစိုက်ပြီး၊ ဒီမိုကရေစီစနစ်အောက်မှာ နေထိုင်နေတဲ့ သတင်းဌာနတချို့ကလူတွေကိုယ်တိုင် ဒီမိုကရေစီမကျင့်နိုင်၊ မလေးစားနိုင်တာစိတ်မကောင်းစရာ တွေ့ရတယ်။

၂၀၀၆ခုနှစ်လောက်ဖြစ်မယ်၊ ဘီဘီစီသတင်းဌာနအကြီးအကဲ ဒေါ်တင်ထားဆွေနဲ့အဖွဲ့နယူးဒေလီကို ရောက်လာတယ်။ ဘီဘီစီမြန်မာပိုင်းဌာနရဲ့ရေဒီယိုက အပတ်စဉ်ထုတ်ပေးတဲ့“မေးဖြေစရာဒီချိန်ခါ” ဆိုတဲ့ အစီအစဉ်တခုအတွက်ပါ။ မလေးရှားနဲ့ ထိုင်းနိုင်ငံရောက် မြန်မာတွေနဲ့ အစီအစဉ် ထုတ်လွှင့်ပြီး အိန္ဒိယကို ရောက်လာတာပါ။
အစီအစဉ်လေးက စိတ်ဝင်စားဘို့ ကောင်းတယ်။ မြန်မာပြည်နဲ့ ပတ်သက်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ တိုင်းရင်းသားအရေးနဲ့ အဖွဲ့အစည်းကိစ္စ၊ ခေါင်းဆောင်ကိစ္စပါမကျန် ပရိသတ်နဲ့ ဒိုင်ခံဆွေးနွေးသူတွေကြား အမေးအဖြေတွေထုတ်ပြီး ဆွေးနွေးကြတာပါ။

အပြန်အလှန် ငြင်းခုံတာရော၊ ဆွေးနွေးတာရော၊ သိပ် မြိုင်မြိုင်ဆိုင်ဆိုင်ရှိတယ်။
သိတ်ပွင့်လင်းတယ်။ ဆွေးနွေးဘို့ခေါင်းစဉ်လည်း ပေးထားတယ်။ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်တယ်။ ဒိုင်ခံဆွေးနွေးသူတွေကိုလည်း ပရိသတ်က ချောင်ပိတ်မေးတာရှိတယ်၊ ဝေဖန်တယ်။
ရှုံ့ချတယ်။ အပြစ်လည်း တင်တယ်။ ဒါပေမဲ့ ဖြေတဲ့သူကလည်း အပြုံးမပျက်ဘူး။
ပြန်ထောက်တယ်၊ ပြန်ချီတယ်။ အဓိကကတော့ နှစ်တွေကြာပြီး၊ တော်လှန်ရေးမအောင်မမြင်ကိစ္စ၊ ပြည်သူတွေ ထွက်ပေါက်မရှိ၊ ဆင်းရဲဒုက္ခကိစ္စ၊ အတွင်းအပြင် ခေါင်းဆောင်တွေ အရည်အချင်းမဲ့တဲ့ကိစ္စ၊ ခေါင်းဆောင်တယောက်ထဲပေါ် မှီခိုနေတဲ့ကိစ္စ၊ မြန်မာတွေတော်တဲ့ကိစ္စ၊ ချော်တဲ့ကိစ္စ…စုံနေတာပဲ။

ပွဲပြီးတော့ ဘီဘီစီဋ္ဌာနမှုး ဒေါ်တင်ထားဆွေကို ကျနော်က မေးတယ်။
တခြားနိုင်ငံကမြန်မာတွေ ဆွေးနွေးတာနဲ့ ကျနော်တို့အိန္ဒိယရောက်မြန်မာတွေဆွေးနွေးတာ ဘာကွာခြားလဲပေါ့..။
ဒီတော့ ဒေါ်တင်ထားဆွေ သုံးသပ်ပြတာ စိတ်ဝင်စားစရာကောင်းတယ်။
“အိန္ဒိယရောက်အင်အားစုတွေက ထိုင်းတို့၊ မလေးရှားတို့ကလူတွေထက် ပိုပြီး ပွင့်လင်းတယ်၊ လွတ်လပ်တယ်၊ ကျမအထင်တော့ အိန္ဒိယမှာနေတဲ့လူတွေက ဒီမိုကရေစီအရသာကို ပိုပြီး ခံစား ထိတွေ့ရလို့နဲ့ တူတယ်” လို့ ဖြေခဲ့ပါတယ်။

ကျနော်တို့ရဲ့အတွေ့အကြုံနဲ့ ဖြတ်သန်းမှုအရ အဲဒီသုံးသပ်မှုဟာမှန်တယ်။ ဥပမာတခုပြောရရင် (အခုတော့မှန်ချင်မှန်မယ်၊ မှားရင်လည်းမှားမယ်၊ တချိန်တုံးကပေါ့) ထိုင်းမှာ နေထိုင်တဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေဟာ ကိုယ့်အိမ်အပြင်ထွက်တာနဲ့ စကားပြောတဲ့လေသံက ပြောင်းသွားတယ်၊ တိုးသွားတယ်။
ဟုတ်မဟုတ် မသိဘူး၊ ဘန်ကောက်က ရဲဘော်တွေ ပြန်ပြောပြတာလေးတခု။
အိမ်ထဲ သူခိုးဝင်တာကို သိတာတောင် သူခိုးသူခိုးလို့ မအော်ရဲဘူး တဲ့၊ သူခိုးကို လက်ဟန်ခြေဟန်နဲ့ အိမ်ထဲကထွက်သွားဘို့ နှင်ထုတ်တယ် ဆိုပဲ၊ အဲလို ဆိုတော့လည်း ကျနော်တို့တတွေ စိတ်မကောင်းဖြစ်ကြတယ်။
တိုင်းတပါးမှာ တရားမ၀င် နေထိုင်ကြတော့ ဗမာစကားပြောရင် အဖမ်းခံရမှာ စိုးရိမ်ရတယ်လေ။
မြန်မာတွေ၊ ထိုင်းတွေကြားမှာ သိပ် စကားမပြောဘူး။ မျက်ရိပ်မျက်ကဲတွေနဲ့ ပြောကြတယ်။

ကြုံတုံး ရီစရာလား မောစရာလား..ပြောပြအုံးမယ်။
၂၀၀၄တုံးက(မြန်မာသတင်းသမဂ္ဂညီလာခံအပြီး၊ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့လေးကို ကျနော်ရယ်၊ ဂျပန်နိုင်ငံက ကိုသက်လင်းရယ်၊ ကိုရီးယားနိုင်ငံက ကိုရန်နိုင်ထွန်းရယ် သုံးဘီးတစီးပေါ်တက်ပြီး သူငယ်ချင်းတယောက်အိမ် သွားကြတယ်။
အဲဒီအချိန် ထိုင်းရဲတယောက် ဆိုင်ကယ်နဲ့ နောက်မလှမ်းမကမ်းကနေ လိုက်လာတာကို သတိမထားမိကြဘူး။
မြို့အ၀င် တနေရာရောက်တော့ ရဲက ကျနော်တို့စီးလာတဲ့သုံးဘီးကို တားတယ်။
ကျနော်တို့ကနားမလည်ဘူး ဘာလဲပေါ့။
ရဲက … ဘယ်ကလဲ၊ ဗမာပြည်ကလားလို့ မေးတယ်၊
ထိုင်းအာဏာပိုင်တွေခွင့်ပြုချက် စာရွက်စာတမ်း တောင်းတယ်။
ကျနော်တို့က နိုင်ငံခြားကဆိုတော့ ပတ်စ်ပို့စ် တောင်းတယ်။ ကျနော်တို့ ထုတ်ပြလိုက်တယ်။
ရဲက ပတ်စ်ပို့ကို ဖင်ပြန်ခေါင်းပြန်ကြည့်လိုက်၊ ကျနော်တို့မျက်နှာတွေကြည့်လိုက်နဲ့ ပြီးတော့ ကျနော်တို့ကို ဗမာတွေလားလို့ မေးပြန်တယ်။
နောက်တော့ ကိုရွှေရဲခမျာ..ကျနော်တို့ပတ်စ်ပို့တွေ ပြန်ပေးပြီး အူကြောင်ကြောင်နဲ့ လှည့်ပြန်သွားတယ်။
ကျနော်တို့၃ယောက်ကတော့ ကိုယ့်ဘ၀တွေ ကိုယ်ပြန်တွေးပြီး ရီလိုက်ကြတယ်။
စဉ်စားကြည့်လေ၊ ကျနော်က အိန္ဒိယနိုင်ငံကူးလက်မှတ် (အတုမဟုတ်) ကိုသက်လင်းက ဂျပန်စာအုပ်၊ ကိုရန်နိုင်ထွန်းက ကိုရီးယားစာအုပ်၊ အရောင်လဲ မတူ၊ နိုင်ငံလည်း မတူ ဒါပေမဲ့ စကားက အတူတူ၊ ဗမာပြည်သားတွေ..။
နိုင်ငံတကာမှာ အကွဲကွဲအပြားပြားနဲ့ နေထိုင်ရောက်ရှိနေတဲ့ ကျနော်တို့ ညီအကိုတွေ၊ လုပ်ဖော်ကိုင်ဘက်တွေရဲ့ဘ၀ကို သွားဆင်ခြင်မိပြီး ကျနော်တို့ ကြာကြာ မရီနိုင်တော့ပါဘူး။

အခုန ထိုင်းနိုင်ငံရောက်မြန်မာတွေထက်၊ အိန္ဒိယမြန်မာတွေက ပိုလွတ်လပ်တာ ဆက်ပြောရအုံးမယ်။
ထိုင်းနယ်စပ်မှာက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ရှိတယ်။
ကိုယ့်အဖွဲ့ သူ့အဖွဲ့ အဖွဲ့မူတွေနဲ့ မဟာမိတ် ဆက်ဆံရေးမူတွေနဲ့ ရှိတယ်။ နိုင်ငံရေးအကြောင်းအရာကိစ္စတခုခု ဖြစ်စေ၊ အဖွဲ့အစည်းကိစ္စဖြစ်စေ၊ ကိုယ့်သဘောထားအမြင်ကို ဦးစားပေး မပြောကြဘူး။
အမှားအယွင်းလည်း မခံကြဘူး။

ကျနော်တို့ အနောက်ဘက်သားတွေကတော့ လူကြားသူကြား၊ မြို့လယ်ဖြစ်ဖြစ်၊ ပွဲလမ်းသဘင်ဖြစ်ဖြစ် အော်ကျယ်အော်ကျယ်နဲ့၊ ကုလားတွေနဲ့ စိန်ခေါ်ပြီး ရန်တွေတောင် ဖြစ်ကြသေးတယ်။

ပြောရအုံးမယ်။ အိန္ဒိယ နိုင်ငံသားတွေအများစုက၊ လက်သီး မထိုးတတ်ဘူး၊ ရန်ဖြစ်ရင်အပြန်အလှန်(ဘေးလူ နားငြီးနေအောင်) စကားများတာပဲ ရှိမယ်။
အလွန်ဆုံးမှ တယောက်နဲ့တယောက် အကျီင်္ကော်လံတွေ ရင်ဘတ်အကျီင်္စတွေဆွဲပြီး ဆဲနေတာပဲ ရှိတယ်။
မထိုးဘူး၊ သွေးထွက်သံယိုဖြစ်အောင် မလုပ်ဘူး။
သွေးထွက်အောင် သွားလုပ်ရင် ကိုယ်ဘယ်လောက်ပဲ မှန်မှန်၊ ကိုယ်ထိလက်ရောက် စော်ကားတယ် ဆိုပြီး ရဲအမှုဖြစ်သွားတယ်။
ကျနော်တို့က စိတ်မရှည်ဘူး၊ လက်ဝှေ့တို့၊ ကာရာတေးတို့ မတတ်ပေမဲ့ စိတ်ကြွတယ်၊ လက်သီးလောက်တော့ ထိုးတတ်တယ်။
ဒီတော့ အိန္ဒိယသားတွေနဲ့ရန်ဖြစ်ပြီး ကျနော်တို့ အချုပ်ထဲ ခနခန ရောက်ဖူးတယ်။
နောက်ပိုင်းကျတော့လည်း နေတတ် ထိုင်တတ်သွားတယ်။
ရန်ဖြစ်ရင် လက်မပါဘူး၊ လည်ချောင်းကြောတွေ ထောင်နေအောင် အော်တယ်။
ဒီမိုကရေစီကျကျ နေတတ် ထိုင်တတ်သွားတယ်။
အိန္ဒိယလွှတ်တော်ထဲမှာဆို နိုင်ငံရေးသမားကြီးတွေ လက်သီးနဲ့ ခုံတွေထုပြီးတမျိုး၊ လူဝံကြီးတွေလို ကိုယ့်ရင်ဘတ်ကိုယ်ထုပြီးတဖုံ၊ လက်ညှိုးငေါက်ငေါက်ထိုးပြီးတော့ရော ငြင်းခုန်နေကြတာ၊ အခုပဲ လုံးထွေးသတ်ပုတ်တော့မဲ့အတိုင်းပဲ။
ဒါပေမဲ့ လွှတ်တော်အပြင်ရောက်ရင် လက်ဆွဲ၊ ပုခုံးဆွဲပြီး ရီရီမောမော လက်ဘက်ရေ အတူတူသောက်ကြတာပဲ။ အေးအေးငြိမ်းငြိမ်းပဲ။

ကျနော်တို့ပြောနေကျစကားရှိတယ်။ စကားအနိုင်လုလို့ လက်ခုပ်သံများများရချင်ရင်၊ ကိုယ်က အနိုင် လိုချင်ရင်၊ အိန္ဒိယနိုင်ငံရေးသမားတွေလို “မြန်မြန်ပြော၊ များများပြော၊ အသံကုန်အော်ဟစ်ပြော” ဆိုတာပဲ။

အဲဒီတော့ ပြောချင်တာက၊ အခု မြန်မာ့နိုင်ငံရေးလောကမှာ ရေပန်းစားနေတဲ့ “ပွင့်လင်းမြင်သာမှု” ဆိုတာ ကိုယ်တိုင်ကဒီမိုကရေစီစိတ်ဓာတ်နဲ့ကျင့်စဉ်အရ ဘယ်လောက် နေတတ် ထိုင်တတ်သလဲ ဆိုတဲ့အပေါ် မူတည်တယ်။ ထစ်ကနဲရှိ၊ ထိထိရောက်ရောက် တုန့်ပြန်ဖို့၊ ထုတ်ပြစ်ဖို့၊ အရေးယူဘို့၊ အဆက်ဖြတ်ဘို့၊ မဆက်ဆံဘို့… ဆိုတဲ့ စဉ်းစားချက်တွေဟာ အတော်လေး မရင့်ကျက်တာဘဲလို့ ကျနော်မြင်တယ်။
သူ့လမ်းစဉ်မူဝါဒ မကြိုက်ရင်၊ သူရေးတဲ့စာ မကြိုက်ရင်၊ အကြောင်းနဲ့အကျိုးနဲ့ ဝေဖန်ပေါ့..၊ တဘက်သားရဲ့အယူအဆကို မကြိုက်ရင်၊ ထိထိရောက်ရောက် ဝေဖန်တာ သတင်းစာသမားတွေသဘာဝပဲ။
ဝေဖန်တာ မခံနိုင်ရင် ရင့်ကျက်အောင် ကျိုးစားပါ။ အနင်းခံရတဲ့စပါးက သန်တာပဲ။ အပြန်အလှန် ဝေဖန်စာတွေရေးတာ၊ မရိုင်းပါဘူး။ မဆဲရင်၊ ပုဂ္ဂိုလ်ရေး မထိခိုက်ရင်ဝေဖန်တာကို၊ ကြိုဆိုသင့်တယ်။
ဝေဖန်တာမကြိုက်ရင် အာဏာရှင်စနစ်ထဲ အလျားလိုက် လက်ပစ်ကူးနေရစ်ခဲ့ရုံပေါ့။

အခုတလော Facebook လို့ ခေါ်တဲ့ လူမှုကွန်ရက်ကဝေဖန်တာတချို့က ဆဲစာတွေလိုပဲ။ ဗရမ်းပတာဟစ်တိုင်သဘော ဆန်နေတယ်။ မရင့်ကျက်သေးခင်၊ ကာလတခုဖြတ်သန်းနေတဲ့သဘောလို့ပဲ၊ သက်သက်သာသာလေး မြင်ကြည့်တာပေါ့။
ကိုယ်ကပြန်ပြီးစိတ်ထားတတ်ရင်၊ တဘက်သားလည်း သူ့အလိုလို ပြင်သွားမှာပါ။
အုပ်စုတွေ၊ အဖွဲ့တွေ ဘယ်လိုပဲကွဲကွဲ ကျနော်တို့သတင်းသမားတွေက၊ စိတ်စေတနာကောင်းလေး မွေးပြီး လုပ်ကြတာပေါ့။ ကိုယ်ကောင်းရင် ခေါင်းဘယ်မှမရွေ့ပါဘူး။


(ဆောင်းပါးရှင်သည် ၀ါရှင်တန်အခြေစိုက် လွတ်လပ်သောအာရှအသံ (RFA) မြန်မာပိုင်းဌာနတွင် ၁၄နှစ်ကြာ သတင်းထောက်၊ အကြီးတန်းသတင်းထောက်အဖြစ် လုပ်ဆောင်ခဲ့ပြီး ယခုအခါ အလွတ်သတင်းထောက်တယောက်အဖြစ် ပြည်ပအခြေစိုက်အင်တာနက် သတင်းဌာနများ၌ သတင်းနှင့်၊ သတင်းဆောင်းပါးများ ရေးသားနေပါသည်။)












-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved