လူ ၃ ဦး သေဆုံးခဲ့ရတဲ့ ကျုံပျော်မြို့ပဋိပက္ခ အင်တာဗျူး
Monday, October 8, 2012
-
သန့်စင်ငြိမ်းချမ်း ~
(ဓာတ်ပုံများ - ဧရာဝတီ)
 လူ ၃ ဦး သေဆုံးခဲ့ရတဲ့ ကျုံပျော်မြို့နယ် ရှားခဲအင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒေသခံ ၂ ဦးရဲ့ ပြောဆိုချက်တွေကို ဖော်ပြလိုက်ပါတယ်။
ပထမဆုံး သေဆုံးသူက ကိုဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီး  ဖြစ်ပါတယ်။ အာဏာပိုင်တို့ စစ်ကြောစဉ် သေဆုံးတာပါ တဲ့။
သူသေဆုံးသွားတဲ့အတွက် ရွာသားတွေက အုပ်ချုပ်ရေးမှူးရုံးကို ၀ိုင်းရာမှာ ရဲတွေ ရောက်သွားပါတယ်။ ပစ်ခတ်မှုဖြစ်ပြီး နောက်ဆုံး သေဆုံးသူအရေအတွက် စုစုပေါင်း ၃ ဦး ဖြစ်သွားပါတယ်။
သေဆုံးသူတို့ရဲ့ မိသားစုဝင်တချို့လည်း အန္တရာယ်ရှိတဲ့အတွက် တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ရှားခဲရွာ နောက်ဆုံး အခြေအနေတို့ကို ကိုတရုတ်ကြီးရဲ့သား  ကိုအောင်နေ၀င်း၊ ရှားခဲရွာသား ကိုထွန်းထွန်းမိုးတို့က ပုသိမ်မြို့ရောက် သတင်းထောက်တွေကို ပြောပြထားပါတယ်။
 ဆက်စပ်သတင်း -
ရှားခဲအင်း လုံခြုံရေး စိတ်မချရသေး
ရှားခဲကြီးအင်း ပဋိပက္ခ ၂ ဦးသေ ၂ ဦး ဒဏ်ရာရ
 ကိုအောင်နေ၀င်း ( စက်တင်ဘာ ၂၇ ညက သေဆုံးခဲ့သူ ဦးဝင်းနိုင် (ခေါ်) ကိုတရုတ်ကြီး၏သား)
အင်္ကျီ အစိမ်းလေးနဲ့ ကောင်လေးက သေဆုံးသူ ကိုတရုတ်ကြီးရဲ့သား ကိုအောင်နေ၀င်း ဖြစ်ပါတယ်။
ညီလေးအဖေ ကိုတရုတ်ကြီးက ဘယ်လိုဖြစ်ပြီး သေဆုံးရသလဲ။ ပြောပြပါဦး။
ကျနော်တို့သားအဖနှစ်ယောက် ရှောင်နေရတဲ့အချိန် ဖြစ်ပါတယ်။ ရှောင်နေရတယ်ဆိုတာက သူတို့ လာလာဝိုင်းတတ်လို့ ရှောင်နေရတာပါ။ သူတို့ကို ကျနော့်အဖေကြီးက အာဝါဒေးကိစ္စနဲ့ တိုင်ခဲ့ဖူးပါတယ်။ ဘာကြောင့်တိုင်ရလဲဆိုတော့ သူတို့က တံတားရံပုံငွေဆိုပြီးတော့ လုပ်တယ်။ လုပ်ပြီးတော့ တံတားကို အချိန်လည်းတန်ရော ပျက်စီးနေတာကို မပြင်ဘူး။
 နောက်သူတို့ အာဝါဒေးတဲတွေမီးတွေလောင်ရော။ မီးလောင်တာက ရပ်ရွာနဲ့လည်းနီးတော့ အဖေကြီးက အကြောင်းကြားတော့ သူတို့က အဖေကြီးကို ငြှိုးရန်ထားကြတာပေါ့။ ငြှိုးရန်ထားတော့ ဒီနှစ်ကျတော့ အဖေကြီးက ရေလုပ်သားတွေနဲ့ပေါင်းပြီး အင်းတောင်းဆိုမှုတွေ လုပ်တော့ အဖေကြီးကိုပိုပြီးငြှိုးတာပေါ့နော်။ သူတို့က အဖေကြီးကို ဘယ်နေရာပဲတွေ့တွေ့ အသေရရ အရှင်ရရလို့ သူတို့က ပြောကြတယ်။
 အဲ့လိုပြောတဲ့အချိန်မှာပဲ ၂၇ ရက်နေ့ညမှာ တာပေါ်က ကျနော်တို့ ရှောင်နေတဲ့အိမ်ကို လှမ်းအော်ပြောသွားတယ်။ ကလေးနေမကောင်းလို့ ပြန်လာပါဆိုပြီး အော်ပြောသွားတယ်။ အဲဒီအချိန်မှာ အဖေကြီးက ပြန်လာတယ်။ အိမ်ရောက်တော့ ကလေးက နေကောင်းနေတယ်။ ဘာမှမဖြစ်ဘူး။ အဲဒါနဲ့ အဖေကြီးက ပြန်လာတယ်။ ပြန်လာပြီး ဈေးဆိုင်လေးမှာ ခဏထိုင်နေတယ်။ ထိုင်လည်းထိုင်ရော သူတို့အဖွဲ့တွေကနေ ၀ိုင်းပြီးတော့ အချွန်တွေနဲ့ ထိုးကြတယ်။ ကြီတ်ကြတယ်။
 အဲဒါကို ရဲမှူးဦးလှဝင်းက တကယ့်မျက်မြင်သက်သေကို လိုချင်ပါတယ်ဆိုလို့ ရှိတဲ့ကောင်လေးကို ခေါ်ပြတယ်။ ခေါ်ပြတော့ ကောင်လေးကို သူခေါ်စစ်တယ်။ ခေါ်စစ်တော့ ကောင်လေးက သူမြင်တာတွေ အကုန်ပြောပြတယ်။ ပြောပြတော့ မင်းဒီလိုပြောရင် မင်းမှာ နောက်ကျောမအေးဘူးဆိုတာ မင်းသိလားတဲ့။ ရဲမှူးက အဲလိုမေးတယ်။ ရဲမှူးကိုယ်တိုင် မေးတယ်။ အဲလိုမေးတော့ ကောင်လေးက ပြန်ပြောတယ်။ ကျနော်က အမှန်တရားကို မဖုံးကွယ်နိုင်ဘူး။ အများနဲ့တယောက်ဖြစ်နေတဲ့ကိစ္စကို မဖုံးကွယ်ထားနိုင်ဘူးတဲ့။ ကျနော် ဘယ်လိုဟာမျိုးပဲ ဖြစ်ဖြစ် အန္တရာယ်ကို ဂရုမစိုက်နိုင်ဘူး။ အမှန်ကို အမှန်အတိုင်း ဖြစ်စေချင်တယ်လို့ ကောင်လေးက ပြန်ပြောလိုက်တယ်ပေါ့နော်။
 နောက်နေ့ကျတော့ သတင်းတွေက ထွက်လာရော။ ဘယ်လိုထွက်လာလဲဆိုတော့ သူတို့အဖွဲ့က တယောက်သတ်လည်း ဒီအမှု၊ နှစ်ယောက်သတ်လည်း ဒီအမှု၊ သုံးယောက်သတ်လည်း ဒီအမှုဆိုပြီး အဲလိုထွက်လာတော့ ခရိုင်ရဲမှူးကို သွားပြောတယ်။ အဘရယ် ဒီသတင်း သူတို့ဘက်က လွှင့်နေတယ်။ ကျနော်တို့မှာ သေတဲ့လူက တဖက်၊ သေတဲ့လူကို ၀မ်းမနည်းရဘူး ကျနော်တို့ရဲ့ အသက်အန္တရာယ်ကို ပြန်လည်စိုးရိမ်နေရတယ်။ အဘ ကျနော်တို့ကို ကူညီပါလို့ ကျနော်က သွားပြောတယ်။ သွားပြောတော့ လုံခြုံရေး လှည့်ပေးမယ် ကင်းလှည့်ပေးမယ်ပြောတယ်။ အဘရယ် ကျနော်တို့ကို သေသေ ချာချာလေးတော့ လုပ်ပေးပါလို့ပြောတော့ နာရီဝက်တခါ လှည့်ပေးမယ်ဆိုပြီး မလှည့်ဘူး။ မလှည့်တော့ အဲဒီညကပဲ ဟိုဖက်ကမ်းက ကျနော့်ဦးလေးတွေကို အကူအညီတောင်းပြီး သွားနေရတယ်။
 ကျနော်တို့မှာ သေတဲ့လူကို ပူဆွေးမနေရဘူး။ ကိုယ့်အသက်ကို စိုးရိမ်ပြီး ပုန်းအိပ်နေရတယ်။ အဲတော့ ကျနော်တို့မှာ အရမ်းနစ်နာတာပေါ့ဗျာ။
 ကိုယ့်အဖေသေတာနဲ့ပတ်သတ်ပြီးတော့ သားတစ်ယောက်အနေနဲ့ ဘယ်လိုဖြစ်စေချင်လဲ။
 ကျနော်ဖြစ်စေချင်တာကတော့ တရားခံကို တိတိကျကျလေး တရားဥပဒေအရ ဖြစ်စေချင်တယ်။ ၂၈ ရက်နေ့ ညနေကပေါ့နော်။ အဲဒီတရားခံက ဆိုက်ကားနဲ့လာတာကို ကျနော်တွေ့လို့ ပြတယ်။ သတ်တဲ့အထဲမှာ အဲဒီလူလည်း ပါတယ်ဆိုပြီး ကျနော် လက်ညှိုးထိုးပြတယ်။ သန်းလွင်ဆိုတဲ့လူပေါ့။ ဖိုးလူဝတို့ လှသန်းတို့နဲ့တဖွဲ့တည်း။ မီးသတ် တပ်ကြပ် သန်းလွင်မဟုတ်ဘူး။ သပ်သပ် သန်းလွင်တယောက်ပေါ့။ ရဲကို လက်ညှိုးထိုးပြတာ။ ရဲက ဘာပြောလဲဆိုတော့ ကျနော်တို့ ဖမ်းလို့မရသေးဘူးတဲ့။ အဲဒါပဲ ပြောတယ်။ အဲတော့ ကျနော်တို့က ဘယ်လိုနေရမလဲ။ ကျနော်တို့အတွက် ဘယ်လိုမှ လုံခြုံမှုမရှိတော့ဘူး။ ရဲနာမည်တော့ ကျနော်မသိဘူး။ ရာထူးကတော့ ဒု ရဲအုပ်ပဲ။
 ကိုတရုတ်ရတဲ့ ဒဏ်ရာဒဏ်ချက်တွေ ပြောပြပါဦး။
 ဘယ်ဘက်ရင်အုံမှာ မှိန်းဒလုံးလို အချွန်နဲ့တချက် ထိုးထားတာ ရှိတယ်။ ဗိုက်မှာ ငှက်ကြီးတောင်ဓားနဲ့ ထိုးထားတော့ အူတွေ အခွေလိုက်ထွက်ကျနေတယ်။ အဲဒီအချိန်မှာ ခြေတွေလက်တွေက လှုပ်နေသေးတယ်။ အဲဒါကို သူတို့အဖွဲ့ထဲကကောင်က အဲဒီ ခြေထောက်တွေလက်တွေ လှုပ်နေတာ အန္တရာယ်ပေးနိုင်တယ် အဲဒီခြေထောက်တွေ လက်တွေ ဖြတ်ပစ်ဆိုလို့ အကုန်ဖြတ်ပစ်လိုက်တယ်။ ခြေတွေလက်တွေက အပိုင်းပိုင်း ပြတ်မသွားဘူးပေါ့ဗျာ။ တွဲလောင်းကြီးဖြစ်နေတာပေါ့။ အဲဒီအချိန်မှာ ခေါင်းတွေလည်း ရိုက်ခွဲထားတယ်။ အဲဒါ ပြီးလည်းပြီးရော အဖေကြီးက တစ်ခွန်းတော့ ထအော်နိုင်သေးတယ်။ အစ်မရေ သားကို ကယ်ပါဦးဆိုပြီး တခွန်းတော့ အော်နိုင်သေးတယ်။ အဲ့လို အော်လည်း အော်ရော တောက်လျှောက် ဒရွတ်တိုက်ကြီး ဆွဲသွားတာ။ အဲဒါကို ကျနော်တို့ရွာထဲက ကိုနိုင်ဆိုတဲ့ကောင်လေးက မြင်လိုက်တယ်။ ရဲမှူး ဦးလှဝင်း ခေါ်စစ်တဲ့ ကောင်လေးပေါ့။
 ညီလေးနဲ့ မင်းအဖေနဲ့ နောက်ဆုံး ဘယ်အချိန် တွေ့ခဲ့ရလဲ။
 ကျနော်နဲ့နောက်ဆုံးတွေ့ခဲ့တာ ညနေ ၅ နာရီလောက် ရှိပြီပေါ့။ အဲဒီ ၅ နာရီနောက်ပိုင်း လုံးဝ မတွေ့တော့ဘူး။ သေတဲ့အထိပဲ။ နောက်နေ့ ၂၈ ရက်နေ့ ညနေကျမှပဲ ပြန်တွေ့ရတယ်။ အင်းကြီးရဲ့ နောက်ခြမ်း အဘအိမ်မှာ သွားအိပ်ကြတဲ့အချိန်ပေါ့။ အဲဒါ နောက်ဆုံး တွေ့ခဲ့တာပါပဲ။
 ကျနော်တို့ အခု အိမ်မှာ မနေရဲပါဘူး။ နေ့ခင်းဘက် အိမ်မှာ ပြန်ပြီးတော့ ချက်ပြုတ်စားတယ်။ ညဘက်ကျရင် ဟိုဘက်ကမ်းသွားနေရတယ်။ ဟင်္သာတဘက်ကိုပေါ့။ ကလေးက များတော့ ကိုယ့်အိမ်မှာ မနေရဲဘူး။ ယောက်ျားသားဆိုလည်း ကျနော်ပဲ သားအကြီးဆုံး ရှိတာဆိုတော့လေ။
……………………………………………..
 ကိုထွန်းထွန်းမိုး - ရှားခဲရွာသား
ရှားခဲရွာသား ၅ ဦးနဲ့ လိုက်ပါ ကူညီသူ တဦး
 ရှားခဲရွာမှာ ခုနောက်ဆုံးဖြစ်နေတဲ့ အခြေအနေ သိချင်ပါတယ်ခင်ဗျ။
 ပြောတဲ့နေရာမှာ ကျန်တဲ့နှစ်တွေက ၁၆ သိန်း ၅ သောင်းဖြစ်တယ်။ ဒီနှစ်တော့ ၁ ဆ တိုးမြှင့် ကောက်ခံမယ့်အတွက်ကြောင့် ပေးသွင်းရမယ်ဆိုပြီးတော့ ပြည်သူတွေကို ၄၅ သိန်း ဘဏ်မှာ စုဆောင်းခိုင်းထားတဲ့အတွက်ကြောင့် ကျနော်တို့ ဘဏ်မှာ စုဆောင်းထားတယ်။ ကျနော်တို့ကို လမ်းညွှန်ချက်တွေ ပေးတဲ့အတိုင်း လုပ်ထားတယ်။ နောက်ပိုင်းကျမှ ၀ိုင်းဝိုင်းလည် ဦးမြင့်ဟံ ဦးဆောင်တဲ့အဖွဲ့က ၆၅ သိန်းပေးပြီး အင်းရသွားတယ်လို့ ကျနော်တို့ ကြားရတယ်ခင်ဗျ။ အဲဒီအပေါ်မှာပဲ ပြည်သူတွေက မကျေနပ်တဲ့အတွက် အဲဒီအဖွဲ့နဲ့ အင်းမှာ ရှာဖွေစားသောက်တဲ့ ပြည်သူတွေ မကြာခဏ ဖြစ်တဲ့ပြဿနာမျိုးပါ။ ကျေးရွာဆူပူတဲ့ ပြဿနာမျိုး မဟုတ်ဘူး။ နိုင်ငံရေးနဲ့ လုပ်တာလည်း မဟုတ်ဘူး။ စားဝတ်နေရေးခက်ခဲလို့ တောင်းခံရင်းနဲ့ ဖြစ်လာတဲ့ ပြဿနာမျိုးပဲ ရှိပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် လူသတ်ခံရတဲ့အထိ ပြဿနာဖြစ်လာတယ်။
 ဘယ်လို လူသတ်မှုမျိုးလဲခင်ဗျ။
ကျနော်တို့ကျေးရွာကို ၉ လပိုင်း ၁၀ ရက်နေ့မှာ စီးပွားစီမံဝန်ကြီး ဦးလှခိုင်နဲ့အဖွဲ့က စုံစမ်းစစ်ဆေးရေး လာခဲ့ပါတယ်။ လာခဲ့ပြီးတော့ ၂ ပတ်အတွင်းမှာ ရပ်ရွာပြည်သူ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ် ၅ ဦးခေါ်ပြီး ရုံးပေါ်မှာ မေးမြန်း စစ်ဆေးတယ်။ အဲဒီ စစ်ဆေးမှုပြီးတဲ့အခါ ၂ ပတ် စောင့်ပါ။ အဲဒီ ၂ ပတ်အတွင်းမှာ အင်းနဲ့ပတ်သတ်ပြီးတော့ လွှတ်တော်ကို တင်ပေးလိုက်မယ်။ ပြည်သူတွေကိုပြန်ပြီးတော့ ဖြေရှင်းပေးလိုက်မယ်။ အကြောင်းကြားပေးလိုက်မယ်လို့ ပြောသွားပါတယ်။
 အဲဒီအတောအတွင်းမှာပဲ လူသတ်တရားခံဖြစ်တဲ့ ဦးဖိုးလူဝ (ခေါ်) ဦးကျော်သိန်း အဖွဲ့ကနေပြီးတော့ အင်းကိုလိုက်ပိတ်တယ်။ ပိတ်တဲ့အခါမှာ ပြည်သူတွေက မပိတ်ဖို့တားတယ်။ အဲဒါကို နောက်တစ်ကြိမ် ထပ်ပိတ်တဲ့အခါကျတော့ ပြည်သူတွေကို စိန်ခေါ်မှု ပြုလုပ်တယ်။ သတ္တိရှိတဲ့ကောင် ငါ့ဆည်ကို လာဖျက်စမ်းဆိုပြီး အကြိမ်ကြိမ် စိန်ခေါ်မှုတွေ ပြုလုပ်တဲ့အခါကျတော့ ပြည်သူတွေက စိတ်မထိန်းနိုင်တော့ဘဲ သူ့ဆည်ကိုပဲ ဖျက်ခဲ့တာနော်။ လူတွေ တယောက်နဲ့တယောက် ပစ်တာခတ်တာ ဒဏ်ရာရတာ ဘာတခုမှ မလုပ်ခဲ့ဘူး။
 အဲဒါကို အငြှိုးအတေးဖြစ်ပြီးတော့ ရေလုပ်သားတစ်ယောက်လည်းဖြစ်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးကွန်ယက်မှာ ပါဝင်လုပ်ဆောင်နေတဲ့သူလည်းဖြစ်တဲ့ ကိုဝင်းနိုင်(ခေါ်) ကိုတလုတ်ကြီးကို ဦးဖိုးလူဝတို့အဖွဲ့က လူမိုက်အယောက် (၂၀) ကျော်နဲ့ ၀ိုင်းဖမ်းပြီးတော့ ဓားနဲ့ခုတ်သတ်ဖြတ်ခဲ့တယ်လို့ သိရတယ်။ မြင်ရတယ်။ သူတို့ဖမ်းပြီးသတ်တဲ့အချိန်မှာ ဒေသခံတွေက မသိသေးဘူး။ ၂၇ ရက်နေ့ ည ၇ နာရီလောက်မှာ သူ့အိမ်ကိုပြန်တယ်။ ပြန်အဆင်းမှာ ၀ိုင်းဖမ်းပြီးသတ်တာကို သူ့မိသားစုဝင်တွေဖြစ်တဲ့ သူ့မယားရယ် သူ့သမီးရယ်က ရွာထဲကိုပြေးသွားပြီး ခေါ်အော်ပြီး ရွာကိုအကူအညီတောင်းတယ်။
 အဲဒီမှာ ရွာသူရွာသားတွေက ပြောတယ်။ ဒီရက်ပိုင်း တို့ရွာမှာ လုံခြုံရေးတွေ ရဲတွေ ဌာနဆိုင်ရာတွေက အောတိုက်အောင် ရောက်နေတယ်။ အဲဒါတွေကို အကူအညီ မတောင်းဘူးလားလို့ ပြောတဲ့အခါကျတော့ သူတို့ အကူအညီ တောင်းပါတယ်။ ဒါပေမယ့် သူ့ယောက်ျားကို ၀ိုင်းထားကြတယ်။ သူလည်း သူ့ယောက်ျားကို မမြင်ရဘူးလို့ပြောတယ်။ အဲဒီမှာ ဖိုးလူဝကြီးနဲ့ ဇင်ဦးဆိုတဲ့လူက အနားမကပ်နဲ့ အနားကပ်ရင် တရုတ်ကြီးလိုပဲ နင်တို့ပါ သတ်ပစ်လိုက်မယ်လို့ ပြောနေတယ်ဆိုပြီး ရွာသားတွေကို လာပြောပြတယ်။ အဲဒီမှာ လုံခြုံရေးတွေရော မရှိဘူးလားဆိုတော့ ရှိတယ်တဲ့။ လုံခြုံရေးရဲတွေလည်း ရှိနေတယ်လို့ ပြောတယ်။
 အဲဒါနဲ့ရွာသားတွေက ကိုယ့်ပြည်သူတယောက်ဒီလိုဖြစ်နေတာကို သွားပြီးတော့ ကူညီမယ် တောင်းဆိုမှုပြုလုပ်ကြမယ်ဆိုပြီး နောက်ကနေ ရွာသားတွေ ၀ိုင်းလိုက်သွားကြတယ်။ ဟိုရောက်တော့ ကျနော်တို့ရွာသူရွာသားတွေ အဲဒီလူတွေကို လုံးဝ မတွေ့ရတော့ဘူးဗျ။ အဲဒီမှာ ကျနော်တို့ ရွာသူရွာသားတွေက ကိုတရုတ်ကြီးကိုဖမ်းပြီး သတ်ဖြတ်ပါတယ်လို့ ပြောနေတဲ့အတွက် အဲဒီ ကိုတရုတ်ကြီးကို သေသည်ပဲဖြစ်စေ ရှင်သည်ပဲဖြစ်စေ ပြန်လွှတ်ပေးဖို့ တောင်းဆိုမှု ပြုနေတဲ့အချိန်မှာပဲ လုံခြုံရေးရဲတွေရောက်လာပြီးတော့ လုံခြုံရေးကား ကျုံပျော်ဘက်ကနေ ဆင်းလာတဲ့ ကား ၃ စီး ကနေပြီးတော့ နောက်ဆုံးကားကနေ သေနတ်နဲ့ပစ်သွားလိုက်တာ ပြည်သူ ၄ ယောက် သေနတ်ဒဏ်ရာရသွားပြီးတော့ တယောက်က ပွဲချင်းပြီးသေတယ်။ တယောက်က ပုသိမ်ဆေးရုံမှာသေတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ အခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရတယ်။
 ပွဲချင်းပြီးသေတာ မောင်ကြည်သိန်း။ သူကတော့ သေနတ်မှန်ပြီး သေတာပေါ့။ ဆေးရုံမှာသေတာ ကျော်ဆန်းငွေ၊ နောက်တယောက်က ၀င်းသန်း၊ လက်မောင်းမှာ မှန်သွားတာက ကျော်ဇင်သန့်။
 ဆေးရုံတက်နေတဲ့ လူနာ ၂ ယောက်အခြေအနေ ဘယ်လိုရှိလဲခင်ဗျ။
 သူတို့အခြေအနေ ကျနော်မေးကြည့်တာတော့ နည်းနည်းသက်သာတယ်လို့ ကျနော်တို့ ကြားရပါတယ်။
 ရဲဘက်က အရာရှိတယောက်က ဘာပြောသလဲဆိုတော့ ရဲကားက အလောင်းကောက်ဖို့ လာတယ်။ အဲဒီရဲကားကို ဒေသခံတွေက နဂိုအငြှိုးအတေးနဲ့ ၀ိုင်းဖျက်ဆီးလို့၊ ရဲတွေကို တိုက်ခိုက်လို့ ပစ်ရတာပါ။ မပစ်ရင် သူတို့သေတော့မှာမို့လို့ ပစ်ခတ်ရတာပါလို့ ပြောတယ်။ အဲဒါ ဟုတ်ပါသလား…
 ကျနော်တို့မြင်ကွင်းမှာ မျက်စိနဲ့မြင်ရတာကို ကျနော်ပြောမယ်။ သူတို့ရဲကားတွေကို ဖျက်ဆီးတယ်။ ၀ိုင်းဝန်းလုပ်တယ်ဆိုတော့ သူတို့ရဲကားတွေ ပျက်စီးတာ ကျနော်တို့ မတွေ့ခဲ့ပါဘူး။ နောက်နေ့သွားကြည့်တော့ ကားရှေ့ကမှန်အက်နေတာ၊ ကြေနေတာတော့ တွေ့ရတယ်။ ကား ၂ စီးမှာပေါ့။ ကျန်တာတော့ ထွေထွေထူးထူး ဘာမှ မတွေ့ရဘူး။
 သတင်းထွက်နေတာက ကား ၂ စီးစလုံးရဲ့ လေကာမှန်တွေအားလုံးပျက်စီးသွားတယ်။ ကားဘီးတာယာ ၃ လုံး ဓားနဲ့ခုတ်ခံထားရတယ်လို့ သတင်းထွက်လာတယ်။ အစ်ကိုတို့ အဲ့ဒီလို မြင်တွေ့ခဲ့ရလား။
 အဲဒီလောက်အထိတော့ ကျနော်တို့က မမြင်ဘူး မတွေ့ဘူးဗျ။ ကျနော်တို့ ကားတွေကိုကြည့်တော့ ရှေ့မှန်ကြေနေတာပဲ တွေ့ခဲ့ရတယ်။ အဲဒီကားတွေက ကျနော်တို့ နောက်က လူထုကြီးလိုက်သွားတဲ့အခါလည်းကျရော သေနတ်နဲ့ပစ်ခံရတဲ့လူတွေ ပြန်ထမ်းလာတယ်။ အဲဒီကားတွေကလည်း တစီးမှ ဖြစ်တဲ့နေရာမှာ မရှိတော့ဘူး။ ဟင်္သာတ ဘက်ကမ်းကိုပဲ မောင်းသွားတာ။
 ပစ်ခတ်မှုဖြစ်ရတာက ရွာသားတွေက ရဲတွေကို ၀ိုင်းတိုက်ခိုက်လို့ ပစ်ရတယ်လို့ ရဲဘက်က ပြောနေတာ ရှိပါတယ်။ ဆိုတော့ အစ်ကိုသိထားတဲ့ အခြေအနေကို ပြောပါဦး…
 ကျနော်တို့ သိရတာကတော့ အခုချိန်အထိ သူတို့ပြောနေတာက သူတို့ကိုဝိုင်းပြီးတော့ တိုက်ခိုက်လို့ ဖျက်ဆီးလို့ ဆိုပြီး သူတို့က ပြောနေတယ်။ ဒါပေမယ့် ပြည်သူတွေက တောင်းဆိုမှုအရင် ပြုလုပ်တာပါ။ ပြုလုပ်တဲ့အချိန်မှာ သေနတ် ၂ ချက် မိုးပေါ်ထောင် ဖောက်လိုက်တဲ့အသံ ကြားရပါတယ်။
 နောက်ဆုံးကားကနေပြီးတော့ သေနတ်လေးချက် ပစ်လိုက်တဲ့အတွက် လူတွေ ဒဏ်ရာရပြီးတော့ ထမ်းလာတဲ့အချိန်အခါမျိုးမှာ သူတို့ပြန်ပြောတာရယ် အဲဒီအလောင်းတွေကို ဂွန်ဒေါင်းလေးငှားပြီးတော့ အထောင်ဆေးရုံကို ပို့တဲ့အချိန်မှာ ဖြစ်ခဲ့တဲ့ မြင်ကွင်းတွေကို သူတို့ ပြန်ပြောပြတဲ့အခြေအနေတွေကို ကျနော်က ပြန်ရှင်းပြတာပါ။
 သေနတ်နဲ့မပစ်ခင်မှာ လူစုခွဲဖို့သတိပေးတာတွေ၊ ရှေ့တိုးလာရင် ပစ်မယ်လို့ ပြောတာတွေ ရှိသလား။
 မပြောပါဘူးခင်ဗျ။ ပြည်သူတွေကသာ ကိုတရုတ်ကြီးကို ပြန်ပြီးတော့ လွှတ်ပေးဖို့ တောင်းဆိုတာပဲ ရှိပါတယ်ခင်ဗျ။ သူတို့က ဘာတစ်ခွန်းမှ မပြောဘဲနဲ့ကို ငြိမ်သက်စွာနေရင်း တန်းလန်းကနေ သေနတ်သံတွေ ကြားလာရပြီးတော့ ပြည်သူတွေ သေနတ်မှန်ရတာပါ။
 ရဲတွေ ထိခိုက်ဒဏ်ရာရလို့ ဆေးကုရတယ်များ ကြားမိသလား
 မကြားမိဘူးခင်ဗျ။ ကျနော်တို့ အဲဒီသတင်း လုံးဝမကြားပါဘူး။
 ပဋိပက္ခနောက်ပိုင်း ရွာမှာ ဖမ်းတာဆီးတာ ရှိသလား။
ပဋိပက္ခနောက်ပိုင်းမှာကျတော့ ကိုတရုတ်ကြီးကိုသတ်လိုက်တဲ့အဖွဲ့ကနေပြီးတော့ လူ ၃ ယောက် ဖမ်းတယ်လို့ ကျနော်တို့ ကြားတယ်ခင်ဗျ။ ဇင်ဦးရယ်၊ မျက်မှေးရယ်၊ သူတို့ မီးသတ်တပ်ကြပ်ကြီးလို့ ပြောနေတဲ့ သန်းဝင်းရယ်ပေါ့။ အဲဒီ ၃ ယောက်ကို ဖမ်းသွားတယ်လို့ ကြားတယ်။
 လူသတ်တရားခံလို့ ရွာသားတွေစွပ်စွဲနေကြတဲ့ ဖိုးလူဝကိုရော ဖမ်းသလား။
 မဖမ်းဘူးခင်ဗျ။ ဘာကြောင့် မဖမ်းသလဲတော့ ကျနော် မပြောပြတတ်ဘူး။ အဲဒီ ကိုတရုတ်ကြီးကို သတ်ပြီးတဲ့အချိန်မှာ လုံခြုံရေးရဲတွေနဲ့ သူနဲ့ ရှိတယ်တဲ့။ သူ့မယားနဲ့ သူ့သမီးလေးက မြင်ခဲ့တယ်။ မြင်ခဲ့လို့ အလောင်းကိုသွားဝင်ကြည့်တဲ့အချိန်မှာ တရုတ်ကြီးပြီးရင် နင်တို့ပါ ဆက်သတ်ပစ်လိုက်မယ်လို့ ဖိုးလူဝကပြောတော့မှ ရွာပေါ်ကို လိုက်အော်တာဗျ။
 ကိုတရုတ်ကြီးက ရှားခဲရွာ ခရေပင်လမ်းထဲမှာ ၀ိုင်းချုပ်ပြီးတော့ ဖမ်းပြီးတော့ လုပ်ကြတယ်လို့ သိတယ်။ သေတာတော့ သူ့နှမခင်ဦးဆွေပြောပြချက်အရ ဆေးရုံယူသွားရင်းနဲ့ နိဗ္ဗာန်အ၀င်လောက်မှာ သေတယ်လို့ သိရတယ်။
 သူ့မိသားစုဝင်တွေက အထောင်ရဲစခန်းကို အမှုဖွင့်ရအောင်သွားတဲ့အခါကျတော့ အထောင်စခန်းက စခန်းမှူးက သူကိုယ်တိုင် တရားလိုအဖြစ်နဲ့ တိုင်တန်းထားတယ်။ တိုင်စရာ မလိုဘူးလို့ အဲ့လိုပဲ ပြောလိုက်တယ်။ ရွာက ပြည်သူတွေကိုတော့ စစ်တာဆေးတာတွေ မလုပ်သေးဘူး။ မခင်ဦးဆွေဆိုတာ ကိုတရုတ်ကြီးရဲ့ ညီမလေ။ သူ့ကိုလည်း ခေါ်မေးတယ်တဲ့။ သူကတော့ သူ့အစ်ကိုကို သတ်တဲ့အချိန်မှာ မြင်တဲ့လူဆိုတော့ သူကတော့ ပြောတာဆိုတာ ရှိတယ်လို့တော့ ကြားရတယ်။
 ကျေးရွာကလူထုကို ဖမ်းတာရှိသလား။
 ကျေးရွာလူထုကိုတော့ အခုချိန်အထိ လာဖမ်းတာလည်း မရှိဘူး။ မေးမြန်းတာလည်း မရှိပါဘူး။
 သေဆုံးသူတွေရော ကောင်းကောင်း သဂြိုလ်ဖြစ်လား
 ဟုတ်ကဲ့။ ကိုတရုတ်ကြီးနဲ့ မောင်ကြည်သိန်းနဲ့က တနေ့တည်း သဂြိုလ်တာ။ ကိုတရုတ်ကို အရင်မြေမြှုပ်တယ်။ ကိုတရုတ်က ကျိုက်ထောသင်္ချိုင်း၊ မောင်ကြည်သိန်းက ဆင်ဖြူတော် သင်္ချိုင်း။ ကျော်ဆန်းငွေ ကွင်းမကလူကလည်း နောက်တနေ့ကျတော့ ဆင်ဖြူတော်သင်္ချိုင်းမှာ မြှုပ်တယ်။
 သေဆုံးသူရဲ့ မိသားစုဝင်တွေရော ဘယ်လိုအခြေအနေရှိလဲ။
 မောင်ကြည်သိန်းရဲ့ အလောင်းပြန်ရောက်လာတဲ့နေ့မှာ ကျနော်တို့ရွာကို ၀န်ကြီးချုပ် ဆင်းလာတယ်။ ရွာမှာအစည်းအဝေးပွဲလုပ်တယ်။ ကျနော်တို့ ပြည်သူတွေကိုတော့ မဖိတ်ပါဘူး။ အဲဒီမှာ ရှားခဲအင်းကို ဘုံစားအင်းအဖြစ် ပေးလိုက်တယ်ဆိုပြီး သူများတွေ ပြန်ပြောပြလို့ သိရတယ်။ သေတဲ့လူရဲ့ မိသားစုဝင်တွေအိမ်ကိုလည်း ၀န်ကြီးချုပ် သွားတယ်လို့ ပြောကြတယ်။ ကျနော်ကတော့ မမြင်လိုက်ရဘူး။
 ပြောတော့ ၀န်ကြီးက ဘာပြန်ပြောသလဲခင်ဗျ။
 သူကတော့ သူမဟုတ်ပါဘူး ဘာညာနဲ့ ပြန်ပြောတာပေါ့လေ။ အဲဒီအတွက်ကြောင့် အခုတော့လည်း သူတို့ ရောက်လာပါပြီပေါ့။ အခု ဒီအင်းကို လူထုစားအင်း ဘုံစားအင်းအဖြစ် ချပေးလိုက်ပါပြီပေါ့။
 အခု ရှားခဲအင်းကို ပြည်သူလူထုတွေ ရှာဖွေစားသောက်ဖို့ ဘုံစားအင်းအဖြစ် ပေးလိုက်ပြီဆိုတော့ အဲဒီအပေါ်ကို ဘာပြောချင်သလဲ။
 ကျနော်တို့ကတော့ စိုးရိမ်နေဆဲပဲဗျ။ ဘာလို့စိုးရိမ်လည်းဆိုတော့ ပြည်သူတွေရှေ့မှာလည်း ပြောတာ မဟုတ်ဘူးဗျာ။ ပြည်သူတွေလည်း မသိရဘူး။ သူများပြန်ပြောမှ သိကြရတယ်။ သေတဲ့လူတွေအိမ်သွားတော့ သူတို့က ဘုံစားအင်းချပေးလိုက်ပြီလို့ ပြောတယ်။ အဲဒီမှာ သေတဲ့လူအမျိုးတွေက ၀မ်းနည်းပက်လက် ငိုကြတယ်လေ။ သေမှပဲ လာပေးတော့သလား။  မသေခင်တုန်းကတော့ ကျမတို့ တောင်းဆိုနေတာတွေကို ဘာလို့ မပေးတာလဲ။ ကျမတို့ ပြည်သူတွေ အားလုံးသေမှပဲ လာပေးကြသလားလို့ သူတို့က ၀ိုင်းပြောကြတယ်တဲ့။
 ကျနော်တို့က ဘာကိုပူနေရသလဲဆိုတော့ ဟိုတခါတုန်းကလည်း ၀န်ကြီး ဦးတင်စိုးက ငွေစုပါ။ ငွေသွင်းပါလို့ ပြောသွားတာကို ကျနော်တို့ စနစ်တကျ လုပ်ထားတုန်းကလည်း တရားမ၀င်ဘူး ဘောင်မ၀င်ဘူးဆိုတော့ အခုဥစ္စာက လာပေးတယ်ဆိုတာတော့ သိတယ်။ ဒါပေမယ့် တရားဝင်သလား ဘောင်ဝင်သလား။ ကျနော်တို့က ဘယ်လိုယုံကြည်ချက်နဲ့ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလားဆိုတာ မဝေခွဲတတ်ဘူး ဖြစ်နေတယ်။
 သေဆုံးဒဏ်ရာရသူတွေကို အစိုးရအဖွဲ့က ဘာတွေကူညီထောက်ပံ့တာ ရှိသလဲ။
 ၂၈ ရက်နေ့က ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေဆင်းလာတော့ မစန္ဒာကြည်အိမ်ကို ငွေ ၃ သိန်းနဲ့ ဆန် ၅ အိတ်။ ကိုတရုတ်ကို ငွေ ၁ သိန်းနဲ့ ဆန် ၅ အိတ်။ ကျော်ဆန်းငွေကျတော့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဆိုပြီးတော့ စာအိတ်နဲ့လာပေးသွားတာ ငွေ ၁ သိန်း။ တိုင်းဒေသကြီး ရဲတပ်ဖွဲ့ဆိုပြီးတော့ ငွေ ၁ သိန်း။ ကျော်ဆန်းငွေက စုစုပေါင်း ငွေ ၂ သိန်းနဲ့ ဆန် ၅ အိတ်ပေါ့။
 အခု လက်ရှိ ရှားခဲရွာအခြေအနေ ဘယ်လိုရှိလဲဗျ။
 ရဲတွေကတော့ ကျနော်တို့ကျေးရွာ ဆူပူနေလို့ လုံခြုံရေးအရဆိုပြီး လာတာတော့ အောတိုက်နေတာပဲဗျ။ ကျနော်တို့ပြည်သူတွေဆို တာပေါ်တောင် မထွက်ရဲတဲ့ ပုံစံမျိုးတွေ ရှိတယ်။
 ဖိုးလူဝက ရွာနားပတ်ဝန်းကျင်မှာ ရှိနေပြီးတော့ နောက်ထပ် ဘာတွေပြောနေလဲဆိုတော့ လူတစ်ယောက်သတ်လည်း ဒီအမှုပဲ၊ နှစ်ယောက်သတ်လည်း ဒီအမှုပဲဆိုတော့ ကျန်တဲ့ သူတို့သတ်ချင်နေတဲ့ ဒီအင်းလမ်းကြောင်းနဲ့ ဆက်နွယ်နေတဲ့လူတွေကို သတ်ပြီးမှ အဖမ်းခံမယ်ဆိုပြီး ပြောနေတော့ ရွာပေါ်ကလူတွေက အခုကျတော့ ကြောက်နေကြတယ်။
 အခုဆို ရွာမှာ ရဲ ၂၀၀ လောက်တော့ ရှိတယ်။ လုံခြုံရေးအရ ပြည်သူတွေမှာ လိုအပ်နေတယ်။ ဈေးပေါ်က အုပ်ချုပ်ရေးမှူးရုံးနဲ့ ဈေးပေါ်လူတွေမှာ ပေးထားတယ်ဗျာ။ ကျနော်တို့ရွာပေါ်မှာ အထိတ်တလန့်မှုတွေဖြစ်လို့ အကူအညီ သွားတောင်းတယ်ဗျာ။ အခု ကိုတရုတ်ခေါ် ကိုဝင်းနိုင် သေတယ်ဗျာ။ သေသာသေတယ်။ အဲဒီအိမ်မှာ လူမနေရဲဘူး။ ပြီးတော့ အဲဒီအိမ်က ချောင်လည်း ကျတယ်။ မနေရဲတာ ဘာကြောင့်လဲဆိုတော့ သူတို့က အဖမ်းမခံသေးဘူး။ ဖမ်းလည်း မဖမ်းသေးဘူး။ သူတို့နောက်ထပ်လာသတ်ဦးမယ်လို့ ပြောတဲ့အတွက် သေတဲ့အိမ်မှာတောင် မနေရဲဘဲနဲ့ ဟိုဘက်ကမ်းကို ပြောင်းအိပ်နေရတယ်။
 တကယ်တော့ကျနော်တို့ရွာက သောင်းကျန်းနေတဲ့ရွာလည်း မဟုတ်ဘူး။ တအား ဆူပူအုံကြွနေတဲ့ရွာလည်း မဟုတ်ပါဘူး။ ကျနော်တို့ စားဝတ်နေရေးတွေ ခက်ခဲလို့ အင်းကို တောင်းဆိုခဲ့တာပါ။ ပြည်သူအများ ရှာဖွေစားသောက်နိုင်ရန် နိုင်ငံတော်ရဲ့ ကြမ်းခင်းဈေးလေးနဲ့ တောင်းခဲ့တာမျိုးပဲ ရှိပါတယ်။
 အစောပိုင်းက ရှားခဲအင်းကို ပြည်သူကို ပေးမယ်ပြောသံ ကြားရတယ်။ နောက်ပိုင်း ၀ိုင်းဝိုင်းလည် သမအသင်းက ရသွားတယ်ဆိုတော့ အဲဒါကို ရှင်းပြပါဦး။
 ပထမအကြိမ် ၅ လပိုင်း ၂၀ ရက်နေ့က တိုင်းဝန်ကြီး ဦးတင်စိုးလာတယ်။ လာပြီးတော့ ဘယ်လိုပြောလဲဆိုတော့ ဒီအင်းက မနှစ်ကကြမ်းခင်းဈေး သိန်း ၁၇၀ ရှိတယ်။ ဒီနှစ်ကတော့ သိန်း ၂၀၀ လောက်ရှိတယ်။ တောင်းဆိုဆို မဆိုဆို ဘယ်သူ့ကိုမှ အလကားပေးလို့ မရဘူးပေါ့လေ။ နိုင်ငံတော်ရဲ့ ကြမ်းခင်းဈေးအတိုင်းပဲ ရမယ်ဘာညာ ပြောတော့ ကျနော်တို့က သိန်း ၂၀၀ ဆိုတော့ ပြည်သူတွေက မ၀ယ်နိုင်ဘူး။ မ၀ယ်နိုင်တော့ ပြည်သူတွေအတွက် ဘုံစားအင်းလေးအနေနဲ့ ပေးပါဆိုပြီး တောင်းလိုက်တယ်။ ၂၀ ရက်နေ့မှာ တောင်းတာ ၂၁ ရက်နေ့ ကျတော့ ရန်ကုန်ကနေ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နဲ့ သူနဲ့ ပြန်ရောက်လာတယ်။ ပြန်ရောက်လာတော့ သူမနေ့က သိန်း ၁၇၀ လို့ပြောတာက သူမသိလို့ ရမ်းပြောတာပါတဲ့။ အင်းရဲ့ ကြမ်းခင်းဈေးက ၁၆ သိန်းခွဲပဲ ရှိပါတယ်ဆိုပြီး ပြောတယ်။
 အဲဒီလောက်ဆိုရင် ကျနော်တို့ပြည်သူတွေ ၀ယ်နိုင်တဲ့အတွက်ကြောင့် ကျနော်တို့ကို ကြမ်းခင်းဈေးနဲ့ ပေးပါဆိုပြီး တောင်းခံလိုက်တယ်။ အဲဒီအခါမှာ ပြည်ထောင်စုဝန်ကြီးက မင်းတို့ သမအသင်းဖွဲ့စည်းပြီး အင်းကိုလုပ်ကိုင်ဖို့ လမ်းညွှန်ချက်ပေးပါတယ်။
 ၅ လပိုင်း ၂၅ ရက်နေ့ကျတော့ ၀န်ကြီး ဦးတင်စိုး ထပ်ရောက်လာပါတယ်။ ရောက်လာတဲ့နေ့ ကျနော်တို့ကို ဘာပြောသလဲဆိုတော့ ဒူးယားအင်းက မနှစ်က ၁၂၅ သိန်း၊ ဒီနှစ် သိန်း ၂၅၀ ဖြစ်တဲ့အတွက်ကြောင့် မနှစ်က ၁၆ သိန်းခွဲဖြစ်တဲ့ ရှားခဲအင်းကို ဒီနှစ်သူများနဲ့တန်းတူ ၁ ဆ ပေးတိုးပြီး သွင်းရမယ်ပြောတယ်။ ကျနော်တို့ပြည်သူတွေက ဘယ်လောက်ပေးရမလဲ ပြောတော့ ၃၀ ကျော် ပေးရမယ်လို့ပြောတော့ ကျနော်တို့ ပြည်သူတွေမှာ အင်းကို နိုင်ငံတော် ကြမ်းခင်းဈေးအတိုင်းပေးဖို့ မတည်ငွေ ၄၅ သိန်း ရှိပါတယ်လို့ တင်ပြထားတာတွေ ရှိတယ်။ နှုတ်တစ်ရာ စာတစ်လုံးဖြစ်တဲ့အတွက်ကြောင့် ၅ လပိုင်း ၃၀ ရက်နေ့ နောက်ဆုံးထားပြီးတော့ တင်တဲ့။ မတင်နိုင်ရင် တခြားအဖွဲ့ချပေးလိုက်မယ်ပြောလို့ ကျနော်တို့က ၅ လပိုင်း ၂၈ ရက်နေ့မှာ တိုင်းငါးလုပ်ငန်းဦးစီး ဦးသန်းဝင်းရုံးကိုလာတယ်။ ဦးသန်းဝင်းက ဘယ်လိုပုံစံ လုပ်ရမယ်ဆိုတာကို ပြောပြလို့ မြန်မာ့စီးပွားရေးဘဏ်မှာ အင်းလေလံဆွဲဖို့အတွက် ငွေ ၄၅ သိန်း ၁ သောင်းနဲ့ ငွေစုစာအုပ်ကို ကျနော့်နာမည်နဲ့ လုပ်ခဲ့တယ်။
 နောက်ကျနော်တို့ကို သူ(၀န်ကြီး ဦးတင်စိုး)က ဘာပြောလဲဆိုတော့ မင်းတို့ပြည်သူတွေပဲ အင်းရမယ်။ လုပ်စရာရှိတာ လုပ်ထားကြ။ အဲဒီအစည်းအဝေးပွဲမှာလည်း မြင့်ဟံ (၀ိုင်းဝိုင်းလည် သမအသင်း ဥက္ကဋ္ဌ) တို့ ကိုကြည်တို့ကို မင်းတို့တွေ ၀င်မရှုပ်တော့နဲ့ ပြည်သူတွေကိုပဲ ပေးလိုက်တော့မယ်။ မင်းတို့ ၀င်မနှောင့်ယှက်ပါတော့နဲ့လို့ အဲလိုပြောသွားတယ်။ ၀န်ကြီး ဦးတင်စိုးပြောတာကို ကျနော်တို့ ယုံတယ်။ သူခိုင်းတဲ့အတိုင်း လေးလေးစားစားနဲ့ တသွေမတိမ်း လုပ်တယ်။
 ၆ လပိုင်း ၅ ရက်နေ့ကျတော့ သူမလာတော့ပဲ လူမှုရေးနဲ့ ပညာရေးဝန်ကြီး ဦးဆန်းမောင် ရောက်လာတယ်။ အဲဒီ မြင့်ဟံ (၀ိုင်းဝိုင်းလည် သမအသင်း) တို့အဖွဲ့နဲ့ ကျနော်တို့ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ဆိုပြီး လာစည်းရုံးတယ်။ မြင့်ဟံတို့ ကိုကြည်တို့ဆိုတာက သူဌေးတွေရဲ့ နောက်ခံနဲ့ သူဌေးကိုယ်စားလှယ်အဖြစ်နဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်ထားတဲ့အကြောင်းတွေ ရှိခဲ့တဲ့အတွက် သူတို့နဲ့ဆိုရင် ပြည်သူတွေက လုံးဝ မလုပ်နိုင်ကြောင်း လူမှုပညာရေးဝန်ကြီးရှေ့မှာတင် မြင့်ဟံတို့ကို အလိုမရှိကြောင်း ဆန္ဒ၀ိုင်း ပြကြတယ်။ ပြတော့လည်း သူတို့က ဘာမှ ဆုံးဖြတ်ချက် ပေးမသွားဘူး။
 နောက်တော့ရော ဘာတွေဆက်ဖြစ်လဲဗျ။
 ကျုံပျော်မြို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းစိန်ကနေပြီးတော့ မြင့်ဟံတို့က ၂ ဖွဲ့ရှိတာ အခု တဖွဲ့ပဲရှိတော့တယ်တဲ့။ သူတို့က ၅ ယောက် မင်းတို့က ၅ အုပ်စုရှိတဲ့အတွက် လူ ၂၅ ယောက်နဲ့ ကျုံပျော်ရုံးကိုလာခဲ့။ အဲဒီမှာ ငါတို့ အစည်းအဝေးပွဲတခု လုပ်ရအောင်ဆိုပြီး ခေါ်တယ်။
 ဟိုလည်းရောက်ရော သူ့ရုံးပေါ်မှာ ခေါ်ထားလိုက်တာ ကိုကြည်က ၅ ယောက်၊ ကိုမြင့်ဟံက ၅ ယောက်၊ ဘဲဂရက်အုပ်ချုပ်ရေးမှူး ကိုမြင့်ရွှေက ၅ ယောက် ဖြစ်နေတယ်။ ကျနော်တို့ ပြည်သူ အယောက် ၂၅ နဲ့ ဒီအင်းမှာ ဥက္ကဋ္ဌ အတွင်းရေးမှူး ဖွဲ့စည်းပုံ ပုံစံမျိုးတွေ လုပ်ဖို့ပြောတယ်။ ကိုမြင့်ဟံ၊ ကိုကြည်တို့ကို ပြည်သူက လက်မခံတဲ့အတွက်ကြောင့် ကိုယ်စားလှယ်အနေနဲ့ လာတဲ့လူတွေက ကျနော်တို့ ပြည်သူကို ပြန်ပြောအုံးမယ်။ ပြည်သူလက်ခံရင် ခံမယ်။ ပြည်သူ လက်မခံရင် မခံဘူး ဒါပေမယ့် အုပ်ချုပ်ရေးမှူး ကျနော်တို့ရွာကို ဆင်းလာတုန်းက ပြောတုန်းက ဟိုဖက်က ၅ ယောက်ပဲလို့ပြောတယ်။ အခု ၁၅ ယောက်ဖြစ်နေတော့ ဒီကိစ္စကို တာဝန်မယူနိုင်ကြောင်း ကျနော်တို့က ပြောလိုက်တယ်။
 ပြောလိုက်တော့ သူက (ကျုံပျော်အုပ်ချုပ်ရေးမှူး ဦးသန်းစိန်) မင်းတို့ ဒီလိုဆိုရင် ပြည်သူတွေနဲ့ ညှိနှိုင်းပါ။ မင်းတို့ကြိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ရေးပါ။ ရေးပြီးရင် ငါတို့ရုံးကို လာတင်ပါ။ ပြီးရင် ဒီကောင်တွေနဲ့ မင်းတို့ ဖွဲ့စည်းဖို့ ပူးပေါင်းဖို့ ငါတို့ ပြောပေးပါ့မယ်ဆိုပြီးပြောလို့ နိုင်ငံတော်အထိ ဖွဲ့စည်းပုံရေးပြီး ကျနော်တို့ တင်လိုက်တယ်။ တင်လိုက်တဲ့အခါကျတော့ သူတို့နဲ့ ကျနော်တို့နဲ့ ပေါင်းမှန်းလည်း မသိ။ မပေါင်းမှန်းလည်း မသိနဲ့ ရက်တွေ အတော် ကြာသွားတာပေါ့ဗျာ။ ဒါနဲ့ ၅ လပိုင်း ၃၀ ရက်နေ့ကျတော့ တိုင်းငါးဦးရုံးကို တခေါက်ပြန်သွားတော့ ဦးမြင့်ဟံတို့အဖွဲ့က ကျနော်တို့ပြည်သူတွေ ၁၆၁ ဦးနာမည်နဲ့ အင်းဥက္ကဋ္ဌလုပ်ပြီး အင်းလျှောက်ထားတာကို တွေ့လာရတယ်။ တိုင်းငါးဦးစီးက မင်းတို့တွေ ဒီမှာ နာမည်တွေ ပါနေတယ်။ မင်းတို့ သမဖွဲ့ထားတာလားဆိုတော့ ကျနော်တို့ သူတို့ကို မပူးပေါင်းနိုင်ကြောင်း ဆန္ဒတွေပြလို့ ပြဿနာတွေလည်း တက်ခဲ့ပြီးပြီ။ ကျနော်တို့ ပြည်သူတွေနာမည်ကို ခုတုံးလုပ်ပြီး သူတို့အင်းဆွဲဖို့လုပ်တာလို့ပဲ ကျနော်ပြောခဲ့တယ်။
 ကျနော်ရယ် ဦးစိုးရယ် ကိုကျော်ကြီးရယ် ၆ လပိုင်း ၁၅ ရက်နေ့မှာ အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးကို သွားတယ်။ သွားမေးတဲ့အခါကျတော့ ကျနော်တို့ ဖွဲ့စည်းပုံလုပ်ပေးတဲ့အခါမှာ ပူးပေါင်းဖို့ကို ဘယ်လိုသဘောရလဲ။ သူတို့ဘက်က ပေါင်းသလားလို့ ကျနော်တို့က မေးတော့ သူက ဒီအင်းလုပ်ငန်းက သူကိုင်ရမယ့်လုပ်ငန်းမဟုတ်ဘူး။ သူက ကြားကနေပြီး လုပ်ပေးဖို့ လုပ်တဲ့ဟာကို မင်းတို့ကလည်း ငါ့စကားနားထောင်တာ မဟုတ်တဲ့အတွက် ငါ လုပ်မပေးရဲဘူးတဲ့။ မင်းတို့က နိုင်ငံတော်အထိ သမ္မတအထိ တင်ထားတဲ့အတွက် အထက်က လမ်းညွှန်ချက်ပေးမှ လုပ်ရဲမယ်လို့ ပြောတယ်။ ဒါဖြင့် ထွေအုပ်ရယ် ဒီအင်းကို ဟိုဘက်အဖွဲ့က သူတို့ရတယ်လို့ပြောတယ် ဟုတ်ပါသလားလို့ မေးတော့ ဟာ ဘယ်သူ့မှ ချမပေးသေးဘူးလို့ ဖြေတယ်။ သေချာလားလို့ ကျနော်တို့ကမေးတော့ သေချာတယ်တဲ့။ ငါက မင်းတို့ကို လိမ်ပြောစရာ အကြောင်းမှ မရှိတာလို့ ပြောတယ်။
 အဲဒါနဲ့ ငါးဦးစီးကို ထပ်သွားမေးတော့လည်း ဘယ်သူ့မှ ချမပေးသေးဘူးလို့ အဲ့လိုပဲ ပြောတယ်။ အဲဒီအချိန်မှာ ရွာမှာ ဦးမြင့်ဟံတို့အဖွဲ့က ငါးကုန်ထုတ်သမ ၀ိုင်းဝိုင်းလည်အဖွဲ့က အင်းရရှိကြောင်းဆိုပြီး အသံချဲ့စက်နဲ့ ကုန်းတစ်လုံး ရေတစ်လုံးနဲ့ ကြေညာနေတယ်။ သူတို့ အင်းကိုချမပေးရသေးဘူးလို့ အဲဒီနေ့ပဲပြောတာနော်။ ရွာရောက်တော့ ဟိုမှာ အင်းပိတ်နေပြီ။ အဲလိုကြေညာနေတော့ ရွာသားတွေက ထွက်မေးတယ်။ ခုလို ခင်ဗျားတို့ ကြေညာနေတာ ၀ိုင်းဝိုင်းလည်သမအဖွဲ့နဲ့ ပြည်သူနဲ့ပေါင်းသလားလို့ မေးတဲ့အခါကျတော့ စက်လှေပေါ်က လူတွေက ရိုင်းပျစွာနဲ့ ဆဲဆိုပြီးတော့ သတ္တိရှိတဲ့ကောင်တွေ အင်းကိုလိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်။ ခေါ်သွားတော့ ရွာသားတွေက တစတစနဲ့ လိုက်သွားသွားတာ ဟိုလည်းကျရော အဲဒီကုန်းပေါ်ကနေ အရင်ဆုံး အုတ်ခဲတွေနဲ့ ဆီးပေါက်တယ်။ အဲ့လိုပေါက်တော့ ငါတို့က ကောင်းကောင်းမွန်မွန်လာမေးတာ မင်းတို့က ဆဲလည်း သွားသေးတယ်။ မင်းတို့တောင်ပေါက်ရင် မင်းတို့တဲလည်း ဖျက်တယ်ကွာဆိုပြီး တဲကို ဖျက်ပစ်လိုက်တယ်။ ကျနော်တို့ပြန်သွားတော့ တဲလုံးကြီးကျန်တာတွေ့တယ်ဗျ။ အတွင်းကလီစာတွေကို ဖျက်ပစ်တာ။
 ဒါပေမယ့် သူတို့အရင်လည်း ကျနော်တို့က အင်းကို ကြေညာဖူးတယ်။ ၅ လပိုင်း ၂၉ ရက်နေ့မှာ တိုင်းငါးဦးစီးဦးသန်းဝင်းက အင်းပိတ်ပါလို့ ကြေငြာပါဆိုလို့ အင်းပိတ်ခဲ့ဖူးတယ်။ အဲဒါလည်း ကျေးရွာအုပ်ချုပ်ရေးမှူးက အင်းပိတ်ဖို့ စာထွက်ပေးတယ်။ ကျုံပျော်ငါးဦးစီးက စာထွက်ပေးတယ်။ ကျနော်တို့ ပြည်သူတွေ အင်းရကြောင်းကြေညာပြီး အင်းပိတ်ပြီးသားကို သူတို့က ထပ်ကြေညာတော့ ပြဿနာတွေ တက်တော့တာပဲ။
 အဲ့လိုဖျက်ပြီးတဲ့ညပဲ ရွာကိုရဲတွေလာပြီး ရွာသားတွေ ဟိုဖမ်းဒီဖမ်းတွေ ဖြစ်ကုန်ကြရော။ အဲဒီမှာ ကျနော်တို့ရွာက ဦးစိုးကြီးရဲ့သား ရဲကိုလေးကို ၀င်ဖမ်းတယ်။ ဟိုကောင်လေးက သူ့ဘာသာ ၀က်ဝယ်ပြန်လာပြီး သူ့အိမ်သူနေတာ။ အဲဒါကို မှားဖမ်းတာလား၊ တမင် ၀င်ဖမ်းတာလားတော့ မသိဘူး။ ကျုံပျော်မြို့နယ် ရဲစခန်းက ဒုရဲမှူး ဦးလှဝင်းဦးဆောင်ပြီး ၀င်ဖမ်းတာ။
 အဲဒါနဲ့ အထောင်စခန်းမှူး ဦးစိုးဝင်းက ကျနော့်ဆီဖုန်းဆက်တယ်။ မင်းတို့ရွာအခြေအနေ ဘယ်လိုရှိလဲဆိုတော့ ကျနော်တို့ရွာမှာ ဒုရဲမှူး ဦးလှဝင်းက အဲ့လို ပြောသွားလို့ သူပြန်လာမယ် ဆိုလို့ လူတွေ စုဝေးပြီး စောင့်နေကြတယ်။ သူတောင်မှ လာဖမ်းမယ်ပြောလို့ ပါဝင် ပတ်သတ်သူတွေက အကုန်အဖမ်းခံမယ်။ ထိပ်တိုက်ရင်ဆိုင်မယ်ဖြေရှင်းမယ်ဆိုပြီး ၀ိုင်းအုံ စောင့်နေကြတယ်လို့ပြောလိုက်တယ်။ ဒီလိုဆိုရင် ကျနော်ပြောပါ့မယ်ဆိုလို့ အထိုင်ဖုန်းကြီးကို စပီကာ ဖွင့်ပေးလိုက်တယ်။ အဲ့မှာ စခန်းမှူးက လုံးဝမဖမ်းပါဘူးလို့ သူပြောတယ်။ မင်းတို့ လူစုခွဲပါ။ ငါစခန်းမှူးတယောက်လုံးပြောတာ မင်းတို့ယုံပါဆိုပြီး ပြောတော့ ပြည်သူတွေက သူ့အိမ်သူပြန်ပြီး အကုန်လုံး အိပ်ကြတယ်။
 နောက်မနက်မိုးလင်းကျတော့ ကိုကျော်ကြီးကို ဦးဆောင်ပါဝင်တယ်ဆိုပြီး သူ့အိမ်ကို သွားဖမ်းတယ်။ အဲဒီမှာ သူ့မိန်းမကိုလည်း ဒုရဲမှူး ဦးလှဝင်းက နံပါတ်ဒုတ်တွေနဲ့ ရိုက်သွားတယ်။ သူ့ယောက်ျား ပါဝင်ပတ်သတ်မှုမရှိဘဲ လာဖမ်းတယ်ဆိုပြီး ကယ်ကြပါဦးဆိုပြီး သူ့မိန်းမက အော်တာပေါ့။ အဲဒီမှာ မိန်းမတွေချည်းပဲထွက်ပြီး ဒုရဲမှူး ဦးလှဝင်းရော အုပ်ချုပ်ရေးမှူးတွေနောက်ကို ၀ိုင်းလိုက်သွားပြီး နောက်နေ့မနက်ကျတော့ အဲ့ဒီ တဲလုံးကြီးပါ ဖျက်ပစ်လိုက်တော့တာ။
 အမှန်တကယ်တော့ ကျနော်တို့ ကျေးရွာပြည်သူဘက်ကနေ ရပ်တည်ပြီးတော့ ကျကျနန ဥပဒေလမ်းကြောင်းအရလုပ်ရင် ဒီပြဿနာတွေ မဖြစ်နိုင်ပါဘူးလို့ ယုံကြည်ပါတယ်။ အခု ကြည့်ရတာက တဖက်တိုင်တန်းမှု တဖက်ကပြောတာကိုပဲ ပြုလုပ်နေတဲ့သဘောမှာ ရှိတယ်။ ပြည်သူတွေက တင်ပြတာ၊ တိုင်တန်းတာ၊ တောင်းဆိုမှုတွေကျတော့ ဘယ်သူကမှ ခုချိန်ထိ လာပြီးတော့ ထိထိရောက်ရောက် ဆောင်ရွက်ပေးတာမျိုး မတွေ့ရပါဘူး။
-
0 comments :
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved