နိုင်ငံရေးစာအုပ် ရွှေခေတ်?

Sunday, October 28, 2012

~





ရွက်စိမ်း ~
ရန်ကုန်က ဆိုင်တဆိုင်ရဲ့ နိုင်ငံရေးစာအုပ်စင်က မြင်ကွင်း (ဓာတ်ပုံ - ရွက်စိမ်း)
သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းတွေသာ အဖတ်များခဲ့တဲ့ နိုင်ငံရေးစာအုပ်တွေကို ယခုအချိန်မှာ  လူငယ်တွေလည်း စိတ်ဝင်စားလာကြပါပြီ လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ် ၅၀ နဲ့ မတူဘဲ နိုင်ငံရေးစာအုပ်တွေလည်း အုံနဲ့ ကျင်းနဲ့ ထွက်နေကြပါတယ်။

စာအုပ်ဈေးကွက်မှာ အရင်က ဘာသာရေး၊ ဖက်ရှင်နဲ့ ၀တ္ထုစာအုပ်များ အရောင်း သွက်ခဲ့ပေမယ့် ယခုနောက်ပိုင်းမှာ နိုင်ငံရေးစာအုပ်တွေ ပိုရောင်းလာရတယ်လို့ စာအုပ်ဆိုင်တဆိုင်မှ ၀န်ထမ်းတဦးက ဆိုပါတယ်။
   
“တချို့လူငယ်တွေက နိုင်ငံရေးစာအုပ်တွေပဲ သီးသန့်လာဝယ်တာမျိုးတောင် ရှိတယ်” လို့သူက ပြောပါတယ်။

    အစိုးရသစ်လက်ထက်မှာ ပုံနှိပ်ထုတ်ဝေခွင့်မူဝါဒတွေ လျှော့ပေါ့ပေးမှုနဲ့ စာပေစီစစ်ရေးရဲ့ ကန့်သတ်မှုအချို့ကို ဖြေလျော့ပြီးနောက်ပိုင်း နိုင်ငံရေးစာအုပ်တွေအပြင် အရင် ထုတ်ဝေခွင့်မရခဲ့တဲ့ စာအုပ်များပါ ထုတ်ဝေခွင့် ရလာပါတယ်။


 ရောင်းအားကလည်း တခြားစာအုပ် အမျိုးအစားတွေထက် ပိုပြီးရောင်းကောင်းနေပါတယ်။
 
စစ်ဗိုလ်ချုပ်များ တန်ခိုးထွားခဲ့မှုများအကြောင်း  သုံးသပ်ရေးသားထားတာမျိုးလို အကဲဆတ်တဲ့ အကြောင်းအရာတွေ ပါဝင်တဲ့ စာအုပ်များတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။


  နိုင်ငံရေးစာအုပ်တွေကို ၀ယ်ယူ ဖတ်ရှုသူတွေထဲမှာ လူငယ်တွေ ပါဝင်လာကြပြီး ဒီစာအုပ်တွေ ဖတ်ရှုရတဲ့အပေါ်မှာ - 

“အခုအချိန်က အပြောင်းအလဲကာလဖြစ်နေပါတယ်။ အရင်ကျွန်တော်တို့ မသိလိုက်တဲ့ အကြောင်းအရာတွေကို ဒီစာအုပ်တွေထဲကနေ လေ့လာနိုင်ပါတယ်” လို့ ရန်ကုန်က လူငယ်တဦးဖြစ်တဲ့ ကိုသူရဇော်က ဆိုပါတယ်။

    “နိုင်ငံရေးမှာ မျိုးစုံရှိမှာပဲ၊ ပါတီနိုင်ငံရေးမှမဟုတ်ဘူး၊ နိုင်ငံရေး ဆိုတာကို သိသင့်ပါတယ်၊ အပြောင်းအလဲမှာ ကျွန်တော်တို့လည်း တတ်နိုင်တဲ့ဘက်က ကူညီချင်ပါတယ်။ လေ့လာစရာရှိတာတွေကို ဒီစာအုပ်တွေထဲမှာ ရှာဖွေနိုင်တယ်” လို့ သူကဆိုပါတယ်။


    စာအုပ်အရောင်းဆိုင်တချို့ရဲ့ပြောပြချက်အရ လတ်တလော ရောင်းအားကောင်းနေတဲ့ နိုင်ငံရေးစာအုပ်တွေကတော့
ကိုမြအေးရဲ့ မိုးကောင်းကင်၌ တိမ်တိုက်များ၊
မောင်မောင်(ရွှေကရ၀ိတ်)ရဲ့ ကျွန်တော်သိသော ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်၊
မင်းကိုနိုင်ရဲ့ နောက်ကြည့်မှန်၊ 
ဦးနုရဲ့ တာတေစနေသား၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဏာမဲ့သူ၏ အာဏာ၊
သိန်းဖေမြင့်ရဲ့ သပိတ်မှောက်ကျောင်းသား 
အစရှိတဲ့ စာအုပ်များပဲ ဖြစ်ကြောင်း သိရပါတယ်။











-

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved